15 March, 2020

နတ်သမီးပေးတဲ့အိပ်မက် ၅၈၅

ငါ့ကိုယ်ငါ အရောင်အဆင်းကင်းမဲ့စွာပြန်မြင်ရ
ငါ့အော်သံတွေကို အသံမပါပဲကြားရ
ငါ့မျက်နှာဟာ အမှောင်ထဲပျောက်ဆုံးလို့
ငါ့အလင်းတွေဟာ ငါ့ကိုယ်တစ်ခြမ်းကိုပဲဖော်ပြနိုင်တယ်
ငါ့ဆံပင်တွေဟာ မကောင်းဆိုးဝါးရဲ့
လက်ချောင်းပေါင်းများစွာထိုးဖွထားသလို ရှုပ်ပွလို့
အချိန်ကာလနဲ့နေရာ ပျောက်ဆုံးနေတဲ့ညမှာ
ငါဟာ ကယ်တင်သူမဲ့တစ်ယောက်ထဲ
ငါဘယ်ခါမှ နေကောင်းမှာမဟုတ်တော့ဘူး
ပြင်းပြမှုတွေဟာ တစ်ကိုယ်လုံးကို
စူးနဲ့ထိုးဖောက်နေကြတယ် အမှောင်တွေဟာ
ဘာကြောင့်များထပ်ခါထပ်ခါ ရောက်လာနေကြတာလဲ
ဒါကိုအိပ်မက်လို့ ဘာကြောင့်မပြောနိုင်လဲ

ပိုင်
z သို့

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၈၂

ငိုနေတဲ့မျက်လုံးတိုင်းမှာ
မျက်ရည်ကို တွေ့ရမှာမဟုတ်
မျက်ရည်ကိုတွေ့ရတဲ့ မျက်လုံးတိုင်းလည်း
ငိုနေတာ ဟုတ်ချင်မှဟုတ်မယ်
ဘယ်လိုငိုကြွေးခြင်းကများ
ငါ့အတွက် အဆင်အပြေဆုံးဖြစ်မလဲ
ဘယ်လိုငိုကြွေးခြင်းကများ
ငါ့ဝမ်းနည်းမှုကို အကောင်းဆုံးပြောပြနိုင်မလဲ

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၈၇

ညတွေဟာ အေးစက်နေတယ်၊ နောက်ထပ်
ညတွေဟာ ပိုအေးစက်လာဖို့ပဲရှိတော့တယ်
ဒီကနေ့ညမှာ ငါဟာလည်း အတော်ပဲအေးစက်လို့ပေါ့
အေးစက်မှုဟာ ငါ့တစ်ကိုယ်လုံးကို ဝင်ရောက်မွှေနှောက်ပြီး
ငါ့ရဲ့တုန်ခိုက်မှုကို အသံမြည်အောင်လုပ်နေတယ်
ပြီးတော့ အေးစက်မှုက ဘာကြောင့်မှန်းမသိ
ငါ့ကိုဝမ်းနည်းအောင် လုပ်နေတယ် ပြီးတော့
တလောကလုံး ငါ့အပေါ်ဆိတ်သုဉ်းနေအောင် စေခိုင်းလို့
ပြီးတော့ အေးစက်မှုဟာ အထီးကျန်မှုတွေ
ပြည့်နှက်နေတဲ့ အမှောင်ထုထဲ ငါ့ကိုပစ်ချလိုက်တယ်

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၇၃

ငါ့ကိုယ်ငါ
မြေကြီးထဲ ထည့်မြှုပ်လိုက်တဲ့အခါ
ငါ့အရိပ်ဟာ ငုံ့ကိုင်းကြည့်ရှုနေလိမ့်မယ်
မိုးချုပ်စမှာ ကျရောက်လာတဲ့
အမှောင်လို
တစ်ယောက်တည်း တိတ်ဆိတ်စွာပေါ့

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၇၅

မနက်ဆို
လိုင်ချီးသီးဖြူဖြူတွေ
မင်းလက်နဲ့ စုဆောင်းခဲ့တယ်
ညနေမှာ ငါ့ကိုပေးဖို့
ငါ့ကိုမပေးခင်မှာ သူတို့ဟာ
မင်းရင်ဘတ်ပေါ်မှာ
တစ်နေ့လုံး စောင့်နေလိမ့်မယ်

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၉

ဖြေးဖြေးပဲသွားပါ
တတ်နိုင်သလောက် ဖြေးဖြေးပဲသွားပါ
အင်အားရှိသလောက် ဖြေးဖြေးပဲသွားပါ
ဖြေးဖြေးပဲသွားလို့လည်း နောက်မကျပါဘူး
ပွင့်အံလာမဲ့ စကားလုံးတွေကို စောင့်သလို
ငါစောင့်မှာပါ မင်းဟာ ငါ့ဆီကို
တဖြေးဖြေး အရောက်လာနေတယ်ဆိုတာသိလို့ပါ

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၁

ငါကြောက်တယ်၊ အိပ်မက်ထဲက ငါမသိတဲ့
လူတွေကြားထဲ ရောက်သွားမှာကို ငါကြောက်တယ်
သူတို့ဟာ ငါရှိနေတာကိုသတိပြုမိပုံမရပဲ မြင်တွေ့ပုံမရပဲ
သူတို့ဖာသာပဲ လှုပ်ရှားသွားလာ နေထိုင်နေကြတယ်
သူတို့နဲ့ ငါ့ကြားမှာလည်း အဆက်အသွယ်မရှိပုံနဲ့
အချိန်အကြာကြီး ငါဟာ အဲဒီလူတွေကြားထဲမှာပေါ့
ငါဟာ အမြဲတမ်းပဲ ငါနဲ့သိသူတစ်ယောက်ကိုရှာဖွေနေခဲ့တယ်
အပြင်ဘက်ကလိုပဲ ဘယ်ခါမှလည်း ရှာနေသူကိုရှာမတွေ့ခဲ့

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၈၉

အိပ်မက်ထဲမှာ တော်တော်ဝေးဝေးကို
ထွက်သွားမယ်ဆိုရင် ပြန်လာဖို့ခက်လိမ့်မယ်၊ ဒါပေမဲ့
တော်တော်ဝေးဝေးထက်ကိုပိုပြီး ဝေးရာကိုသာ
ထွက်သွားမယ်နေဦးမယ်ဆိုရင် ပြန်လာဖို့လည်း
ပိုပိုပြီးခက်လာလိမ့်မယ်၊ ဆုံမှတ်ဆိုတာ မရှိတဲ့အထိ
ဝေးကွာမှုဟာကြီးမားလိမ့်မယ် ဝေးကွာမှုကို
လျော့သွားအောင်ဆိုရင် ပြန်မလာနိုင်တောင် ပြန်လာဖို့
ရောက်တဲ့နေရာမှာ ရပ်နေလိုက်ဖို့ပဲရှိတော့တယ်

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၆၉

စတော်ဘယ်ရီတွေ
စုပုံထားတဲ့ နှုတ်ခမ်း
ရွှေရောင်မီးတောက်လို
တွန့်လိမ်နေတဲ့ ဆံပင်များ
မိုးမချုပ်ခင် ငါ့မှာ
စတော်ဘယ်ရီတွေကို သယ်ဆောင်ပြီး
မီးတောက်တွေကို ငြိမ်းသတ်ရဦးမယ်

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၈

ငါတို့ နေမကောင်းဖြစ်ကြတဲ့အခါ
ဒီကမ္ဘာကြီးကို စွန့်လွှတ်ထားခဲ့ရတော့မယ် ဆိုတဲ့
အတွေးမျိုးတွေ ဝင်မိတတ်ပါတယ်
ငါတို့ တစ်ယောက်ကိုတစ်ယောက်
စွန့်လွှတ် ချန်ထားရစ်ရတော့မယ် ဆိုတဲ့
အတွေးမျိုးတွေလည်း ရောက်လာတတ်ပါတယ်
ငါတို့ဟာ တစ်ယောက်အတွက်
တစ်ယောက်ရှိဖို့လိုအပ်တဲ့ ချစ်သူတွေဖြစ်တယ်
ငါတို့ နေမကောင်းဖြစ်ကြတဲ့အခါ
အဲဒီအတွေးမျိုးကို ဘယ်တော့မှ မတွေးဖို့ပဲ

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၆၃

ကြယ်တစ်လုံးစီကို
မင်းအမည်လိုက်ရေးနေရတာနဲ့ပဲ မိုးလင်းခဲ့တယ်
မရေးရသေးတဲ့ကြယ်တွေ အများကြီးကျန်သေးတယ်
နောက်ညတွေမှာ ဆက်ရေးရမယ်

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၀

အပေါ်ယံဆန်တဲ့သူတွေဟာ သိပ်ကြောက်စရာကောင်းတယ်
အပေါ်ယံသမားတွေဟာ အပေါ်ယံအချင်းချင်းပဲ
ဆက်စပ်သွားကြပြီး အပေါ်ယံနေရာဟာ သူတို့အတွက်ပဲ
ဖြစ်နေတော့တယ် ဒီတော့ ငါတို့နှလုံးသားကို
သူတို့ဟာ ဘယ်တွေ့မြင်နိုင်တော့မလဲ
တိမ်တွေလောက်တောင် မရိုးသားတဲ့သူတို့ကို
ငါတို့ ဘာလို့မော့ကြည့်နေဦးမလဲ ငါတို့နှလုံးသားကို
ဒီအတွက်နဲ့တော့ အထိအခိုက်အနာတရ မရှိစေနဲ့

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၄

ညဖက် ဂစ်တာသံတွေ ကြားရစပြုရင်
ဆောင်းရောက်တော့မဲ့ အရိပ်အငွေ့တွေပဲလို့ တွေးမိတယ်
ဂစ်တာသံတွေ ကြားခဲ့ရတာလည်း နှစ်ပေါင်းမနည်းတော့
မဆုံးနိုင်တဲ့ လူငယ်ဘဝအိပ်မက်တွေ ရှိနေဆဲပဲ
ဂစ်တာသံတွေအပေါ်မှာ ရင်ခုန်ခဲ့တယ် ပျော်ရွှင်ခဲ့တယ်
လွမ်းမောခဲ့တယ် တမ်းတခဲ့တယ် ဝမ်းနည်းခဲ့တယ်
ခုထိလည်း နှင်းခြေသံလိုလို မင်းခြေသံလိုလိုကြားရရင်
ဂစ်တာသံတွေမှာ အိပ်မက်မက်နေဆဲပဲ
နတ်သမီးတစ်ယောက် ပေးခဲ့တဲ့ အိပ်မက်လို
ဒါကို မက်မောတွယ်ဖက်မဆုံး ဖြစ်နေဆဲပဲ

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၉၆

နတ်သမီးတစ်ယောက်ဆီက
ကိုယ့်ကို ဖုန်းဆက်လိမ့်မယ်လို့
မျှော်လင့်နေတာဟာ
ရူးသွပ်နေသူတစ်ယောက်ရဲ့ စိတ်ကူးမျိုးပဲ
ဒါပေမဲ့၊ တကယ် ဖုန်းဆက်ခဲ့တယ်
နတ်သမီးတစ်ယောက်က
ကိုယ် မျှော်လင့်နေတဲ့
နတ်သမီးတစ်ယောက်ဆီက

ပိုင်

Labels: ,

နတ်သမီးပေးတဲ့အိပ်မက် ၅၅၇

များပြားလှတဲ့ လူတွေကြားထဲမှာ
ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် တွေ့မြင်နိုင်ကြတယ်
တစ်ယောက်ဆီကို တစ်ယောက်
များပြားလှတဲ့ လူတွေကိုကျော်ဖြတ်ပြီး လာနေခဲ့တယ်
အမြဲတမ်းပါပဲ ငါတို့ဘေးမှာ
ငါတို့နဲ့မသက်ဆိုင်တဲ့ လူတွေဟာ ရှိနေခဲ့ကြတယ်
အမြဲတမ်းပဲ ငါတို့ဟာ
ငါတို့နဲ့မသက်ဆိုင်တဲ့ လူတွေကြားထဲ ရှိနေခဲ့ကြတယ်
ဒါကြောင့် ငါတို့ဟာ ငါတို့လက်တွေ
ဆုပ်ကိုင်နိုင်မဲ့ နေရာကို ရှာခဲ့ကြတယ်
တစ်ခါတလေ အနီးကပ်ဆုံးနေရာကို
ရောက်ခဲ့တောင် ငါတို့လက်တွေ မဆုပ်ကိုင်နိုင်ခဲ့ဘူး
ဒါပေမဲ့ လူတွေဟာ ငါတို့အကြည့်တွေကို
မတားဆီးနိုင်ခဲ့တော့ ငါတို့ဟာ တစ်ယောက်မျက်လုံးထဲ
တစ်ယောက်ထည့်ပြီး သယ်ဆောင်နိုင်ခဲ့ကြတယ်
များပြားလှတဲ့ လူတွေကို ပျောက်ကွယ်သွားအောင်
လည်း ငါတို့ဟာ မတတ်နိုင်ခဲ့တော့
များပြားလှတဲ့ လူတွေကြားထဲမှာပဲ ငါတို့ဟာ
အမြဲတစ်ယောက်ကိုတစ်ယောက် ရှာဖွေနေခဲ့ရတယ်

ပိုင်

Labels: ,

မံမီ

ငါဟာ
အသက်ရှင်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။

ငါ့ရဲ့လောဘကို
နားလည်မှုမပေးပါနဲ့။

ရွှေငွေရတနာဥစ္စာပစ္စည်းတွေကို
နောက်ဘဝမှသုံးတော့မယ်။

သနားကြင်နာခြင်းသည်
ဘာအကျိုးမှမရှိ။

ငါသည် မိုက်မဲ၏။
ငါသည် ဘုရင်ဖြစ်၏။

လူ့ဘဝဆိုတာ
ကျောက်တုံးတွေကို နေရာရွေ့ခဲ့ကြတာပါပဲ။

နရနီ

Labels:

အပြင်းအထန် တနင်္ဂနွေ

ကျည်ကွယ်ရာ
လွတ်လမ်း မရှိ

ခုခံရာ
ကုတုတ်ကျင်းမရှိ

အခါခပ်သိမ်း
အယူတိမ်းလို့

' ကြိုးစားလို့ ဘုရားဖြစ်ချင်ဖြစ်မယ်
မေ့ပစ်ဖို့တော့ မကြိုးစားနဲ့ '

ဘယ်ဘဝရောက်ရောက်
တရားမရ

ဘယ်ကမ္ဘာတိုင်တိုင်
ငါက အမှတ်မရှိ

သွေးပျက်ဖွယ်
လေပင့်ခဲ့ပုံ ။

ကြည်ဇော်အေး
15 march 20

Labels:

နွေဘွဲ့

မွန်းတည့်နေ အောက်မှာ ရိုးတံနဲ့ ရွက်ခြောက်
အရိပ်ပျောက်လို့

အေးလည်းတစ်ခေါက်
ပူလည်းတစ်ခေါက်
ကိုယ့်လိပ်ပြာနဲ့ကိုယ် အခေါက်ခေါက်

ခါးသက်သော
အရသာအဆက်ဆက်
တပ်မက်သော

ဒီမြေမှာ ရွက်နုဝေဖူး
ဘယ်လိုရူးလဲ

အငွေ့အဖြစ်နဲ့တောင် ဘယ်အရာမှ မတည်နိုင်
လေထဲလောင်ကျွမ်းတော့မည့်သဏ္ဌာန်
ဆိတ်ကျောင်းသမား အိမ်အပြန်

သစ်ခြောက်တို့ ကျွပ်ဆတ်သံသာကြား
ကားတစ်စီးဖြတ်သွားတိုင်း လမ်းပေါ်လွင့်ဝဲ ကျန်ခဲ့တဲ့ ကိုယ်လိုရွက်ကြွေများ

မည်သူမဆို ရေအေးအေးတစ်ခွက်
ရပါစေကြောင်း
မည်သူမဆို
တစ်ယောက်ယောက်အတွက် တစ်နေရာရာတော့ ရှိပါစေကြောင်း

မည်သူမဆို
ကိုယ့်အကြောင်းတရား
နွေဟာ
သက်ဝင်လှပ အသားကျတယ်
ဒီလမ်းကို ဘယ်လိုလူတွေ တစ်လှမ်းချင်းရခဲ့တယ် ။ ။

စိုင်းဝင်းမြင့်
၁၁ ၄ ၂၀၁၇
မင်းဘူး

Labels:

မြေပုံ

မီးကိုစတင်တွေ့ရှိတာတော့ဟုတ်ပါပြီ
လပေါ်ကိုခရီးဆက်ခဲ့ကြတယ်

ပိုက်ဆံကိုမတီထွင်ခဲ့ကြရင်ကောင်းမယ်
စစ်ကိုမရွေးချယ်ခဲ့ကြရင်ကောင်းမယ်

ချစ်ခြင်းမေတ္တာဆိုတာ
တီထွင်တွေ့ရှိ ရွေးချယ်ခဲ့တာမဟုတ်ဘူး
လူသားရဲ့အသွေးအသားထဲက
ပြေးလို့မလွတ်တဲ့ အခက်အခဲပဲ

ပန်းသီးကိုခူးစားမိတာက
ကမ္ဘာ့လက်ဖဝါးပြင်ပေါ်မှာ
ရေးခြစ်ပြီးသား မြေပုံမြေညွှန်း။

မိုးကျော်သူ

Labels:

အဆင်မပြေမှု သံလမ်းများ

မြေလမ်းနီနီ
မေပယ်လ်ပန်းများပွင့်ရာ
အရှေ့ဥပရောပဆန်ဆန် ကျဆုံး

တောရိုင်းလေ
အဝတ်စလိုကျန်ရစ်

ဂျုံခင်းထဲ
ဝင်းမှည့်နေခြည်ဖြာ

" ဒီဝက်ပေါင်ခြောက်ဟာ
ရှင့်အမှန်တရားထက် ဈေးနှုန်းချိုသာတယ် "

မီးခိုးခေါင်းတိုင်သန့်ရှင်းရေး
မီးရထားစက်ခေါင်း ပြုပြင်ရေး
ငါ့ အချစ်ရေး

အိုး!
ချစ်လှစွာသော ချယ်ရီရေ
ငါ့ဖိနပ်ကို ကြိုးချည်ပေးပါလားကွယ် ။

ကြည်ဇော်အေး
10 march 20

Labels:

အဖန်ငါးရာ

ဇာတ်နာအောင် ပုဏ္ဏားလည်းရှိတယ်
မြေမျိုအောင် ဒေဝဒတ်လည်းရှိတယ်

ငါက ကဗျာရှိရင်နေလို့ရပါတယ်
မပူပါနဲ့ ။

ကြည်ဇော်အေး
11 march 20

Labels:

ရီနေးဆွန်းခေတ် စိုက်ခင်းများ

"သိပ္ပံပညာရဲ့ယစ်ပလ္လင်ထက်မှာ ပူဇော်ခံဖို့
ဘာသာတရားဟာ မွေးဖွားလာတာမဟုတ်ဘူး”

“ဘာသာတရားဟာ
လူတွေတီထွင်ထားတဲ့အရာ
ဘုရားဆိုတာ မရှိ” တဲ့

အမြစ်က ပွားလာတယ်
လူလူချင်း ကိုင်းကူးမျိုးဆက်ကြတယ်

ပန်းများပမာ
ဝေဝေဆာဆာ ။

ကြည်ဇော်အေး
11 march 20

Labels:

အိတ်ဇစ်စတယ်ရှယ်လစ်ဇင် ဗိုင်းရပ်စ်

ပလိပ်ရောဂါလား
စိတ်ရောဂါလား

ကမ္ဘာကြီးဟာ
အိုရန်မြို့နဲ့တူလာပါပြီ

အရူး နဲ့ အကောင်း
ခွဲခြားလို့လွယ်သွားပါပြီ

ခင်ဗျားအောင်မြင်ပါတယ်
မစ္စတာ အဲလ်ဘတ်ကမျုး။

ကြည်ဇော်အေး
12 march 20

Labels:

ဓာတ်ခွဲခန်း

ပင့်ကူအိမ်လို
တိမ်တွေအထပ်ထပ်
ဇောချွေးပျံ

လူတစ်ယောက် တွေးခေါ်နေရင်
အလုပ်တစ်ခုလို့မမြင်ဘူး
လူတစ်ယောက် ကုန်ထမ်းနေမှ အလုပ်လို့မြင်တယ်

လူတစ်ယောက် မီးလောင်နေရင်
သူ့ရှုမျှော်ခင်းတွေ မီးလောင်နေတာ လို့မမြင်ဘူး
လူတစ်ယောက် ပြာကျသွားမှ
အလောင်းဖက်တယ်

လူတစ်ယောက် ပျက်ကျသွားရင်
သူ့အာကာသယာဉ်ပျက်ကျတာ လို့မမြင်ဘူး
စွန်တစ်ခုပြတ်ကျခြင်းထက် မပိုဘူး

အူသံဟာ
နားထဲဝင်လာတယ်

အော်သံဟာ
ပါးစပ်ကထွက်သွားတယ်

မျက်ကန်းဟာ
နေကို လက်နဲ့စမ်းကြည့်တယ်

အဖျားသွေးကို
မျက်ရည်များနဲ့တိုင်းမယ်ဆို
ကိုယ်တွေပူလာမယ်
ချစ်ချစ်တောက်နေမယ်

ဒီလောက်ဆို
သေလို့ရပါပြီ ။

ကြည်ဇော်အေး
13 march 20

Labels:

ရေမီးအစုံ လေးလွှာ



အက်လာတာက နံရံ
ကွာကျလာတာက မျက်နှာကျက်

ဘဲလ်တီးပါ
တိုးတိုးပြောပါ

ဝေးကွာခြင်းမြေလွှာအောက်မှ
အော်မြည်နေသော တူးမြောင်းများလို

အဝါရောင်ရေငုပ်သဘောၤဟာ
အခန်းထဲဝင်လာတယ်

ဒီသီချင်းပဲ ထပ်ခါထပ်ခါ
တစ်နာရီခြားတစ်ခါ မှန်မှန်ကြားရတယ်

ရေဆိုးပိုက်လိုင်းထဲက မြည်သံ
လေအေးပေးစက်မြည်သံ

အိပ်ဆေးပုလင်းဟာ
ကြမ်းပြင်ပေါ်ကျကွဲတယ်

နောက်တစ်တိုင်က
မီးမစွဲသေးဘူးလေ ။

ကြည်ဇော်အေး
14 march 20

Labels:

ငေးမောခြင်း

တောဘူတာလေးကသူ့ရင်ထဲနင်းဖြတ်သွားတဲ့ရထားကိုဘာအပြစ်မှမမြင်ပါဘူး

အရမ်းချစ်တယ်
တူနှစ်ကိုယ် တွဲအိုပျက်မှာနေရနေရ တဲ့။

အောင်ခိုင်မြတ်

Labels:

ကဗျာဆရာသမ္မတ

အိုကြီးအိုမတိုင်းပြည်တစ်ပြည်ထဲ
ကဗျာဆရာဟာသမ္မတဖြစ်လာတယ်လို့
ငါညကအိပ်မက်မက်တယ်

ဒီ့ထက်များ
အဲ့တိုင်းပြည်ဟာပိုဆင်းရဲသွားလေမလားအိပ်မက်ထဲမှာငါတွေးမိတော့
အိပ်မက်ထဲကတိုင်းပြည်ဟာ
ပျော်ရွှင်သိမ်မွေ့ပြီး ကမ္ဘာကြီးနဲ့တန်းတူရည်တူ
ရုပ်ရောစိတ်ရောခံစားမှုရော
အဆင့်အတန်းမြင့်မြင့်ရှင်သန်နေသလို
ငါ့ကိုLiveလွှင့်ပြနေတယ်

တစ်ခေတ်ပြီးတစ်ခေတ်
သူတို့ကိုသူတို့ပဲနိုင်ငံရေးနားလည်သူတွေလို့အထင်ရှိတဲ့လူတွေက
နိုင်ငံတွေကိုဖျက်ဆီးသွားတတ်ကြတယ်

ဘဝဆိုတာတော့တစ်ယောက်တည်းပဲ
ဘဝတူသူတွေဆုံစည်းမိကြတော့
နိုင်ငံဖြစ်လာတယ်

ဖြစ်လာတဲ့နိုင်ငံဟာ
သုမနကြောမှာ ဒဏ်ရာတွေချည်းပဲ

ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေကင်းစင်တဲ့နေရာကို
အိုကြီးအိုမတိုင်းပြည်ရဲ့နေရာအနှံ့အပြားမှာထားမယ်လို့ ကဗျာဆရာသမ္မတကပြောတယ်

ဒီလိုပါပဲ
အိပ်မက်ဆိုတာနိုးရတာပဲ
အိပ်မက်ထဲကတိုင်းပြည်လည်းတစ်နေ့နေ့တော့နိုးရမှာပဲ ။

အောင်ခိုင်မြတ်
မတ်၊၁၁၊၂ဝ၂ဝ

Labels:

ရုပ်ရှင်

ရုပ်ရှင်ထဲက
လူထုအုံကြွမှုကြီးဟာ
ပိတ်ကားကိုထိုးခွဲခုန်ဆင်းလာပြီးတဲ့နောက်
နိုင်ငံတော်အလံဟာတိုင်ထိပ်ကိုပြေးတက်သွားခဲ့တယ်
ပြီးတော့
လေမှာတလူလူလွင့်လို့
အရောင်တွေလွင့်ကုန်တဲ့အထိ
အဖြူအမည်းမသဲကွဲတော့တဲ့အထိ
အခြားအရောင်တွေဝင်လာတဲ့အထိ
အပြာရောင်‌တွေပျောက်ဆုံးကုန်တဲ့အထိ
ကြယ်တွေကြွေကုန်တဲ့အထိ
ငါတို့လည်း
ရုပ်ရှင်ရုံထဲမှာကြက်သေသေပြီးပိတ်မိနေခဲ့တယ်
ခဏကြာတော့
ဘယ်သူအော်လိုက်မှန်းမသိတဲ့အသံနက်ကြီးထွက်လာပါလေရော
အဲဒီကျမှငါတို့အကုန်လုံးလိုက်အော်ကြ
တို့အရေးတို့အရေးဆိုပြီးရုံအပြင်ကိုတန်းစီအော်ဟစ်ထွက်ပြေးကြ
ရုပ်ရှင်ဟာငါတို့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး
ရုံထဲမှာရယ်မောကျန်ရစ်နေခဲ့တာ
နှစ်များစွာကြာမှ
ငါတို့သိခဲ့ကြရပါတော့တယ်။ ။

ကိုဇော်(ကလေးမြို့)
၁၃ရက် ၁လ ၂၀၂၀။

Labels:

ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်

ခဏဆိုပြီးခေါ်သွားတာ
ပြန်လာပို့တော့သူ့လက်တစ်ဖက်ပါမလာတော့ဘူး
နာကျင်မှုကိုကျော်လွန်သွားတဲ့ခံစားမှုနဲ့
ဘာကိုမှမယုံကြည်နိုင်တော့တဲ့မျက်လုံးတွေနဲ့
တိမ်တွေကိုပဲမော့ကြည့်နေတော့တယ်
အထူးသဖြင့်
သူ့မြို့ကလေးဘက်ရွေ့ရွေ့သွားတဲ့တိမ်တွေကိုပေါ့
ဒီလိုနဲ့
ဘာမှမစားဘဲအသေခံသွားခဲ့တယ်
ငါတို့မသေဘဲပြန်ရောက်လာတော့
သူ့မြို့ကလေးနဲ့သူ့အမေအိမ်ကိုသွားတွေ့ကြတာပေါ့
သူ့အမေကပြောတယ်
အဲဒီရက်ကမိုးတွေအရမ်းရွာတာပဲ။ ။

ကိုဇော်(ကလေးမြို့)
၁၄ရက် ၁လ ၂၀၂၀။

Labels:

သီချင်း

သီချင်းဆိုတာ
အသံဝါအသံကြောင်အသံနက်ကြီးတွေနဲ့
အတူတူသံပြိုင်ဆိုကြရတဲ့အရသာထူးကြီးကို
အဲဒီတုန်းကတည်းကငါတို့ရခဲ့ကြတာပဲ
တစ်ခါတလေ
သီချင်းတစ်ပုဒ်ထဲကိုထပ်ခါထပ်ခါ
တစ်ခါတလေတစ်ပိုဒ်ထဲ
တစ်ခါတလေတစ်ကြောင်းထဲပေါ့
ခင်ဝမ်းရဲ့
အမေ ကျနော်တို့မှာ ညီအစ်ကိုများစွာရှိတယ် ဆိုတာမျိုးပေါ့
အခုတော့လည်းအားလုံးနီးနီးသေကုန်ကြပါပြီ။ ။

ကိုဇော်(ကလေးမြို့)
၁၄ရက် ၁လ ၂၀၂၀။

Labels:

ရှုခင်း

ဒီမြင်ကွင်းအဆုံးရဲ့ဟိုးဘက်မှာ
ငါတို့မြစ်ချောင်းတွေပေါ့
ငါတို့တောတောင်ရေမြေတွေပေါ့
ငါတို့မြို့ရွာတွေပေါ့
ငါတို့တက်ခဲ့တဲ့ကျောင်းတွေပေါ့
ငါတို့ချီတက်ကြွေးကြော်ခဲ့တဲ့လမ်းတွေပေါ့
ငါတို့ပျော်ခဲ့ဘူးတဲ့အချိန်တွေပေါ့
ငါတို့ဟာ
အချိန်တန်အိမ်ပြန်ရမယ်ပေါ့
တိုင်းပြည်ကို
အကောင်းဘက်ကိုတွန်းရွှေ့ပစ်မယ်ပေါ့
တကယ်တော့
အဲဒီဟိုးဘက်မှာ
ငါတို့မပါတဲ့ယန္တရားတစ်ခုဟာ
ရက်ရက်စက်စက်လည်ပတ်နေခဲ့ပြီးပါပြီ။

ကိုဇော်(ကလေးမြို့)
၁၅ရက် ၁လ ၂၀၂၀။

Labels:

အမှတ်အသားများ

ငါတို့အိမ်ပြန်ရောက်လာတော့
ငါတို့ထွက်သွားတုန်းကအိမ်တွေမဟုတ်ကြတော့ဘူး
ငါတို့အိမ်တွေကိုလည်းငါတို့မမှတ်မိ
ငါတို့လမ်းတွေကိုလည်းငါတို့မမှတ်မိ
လူတွေကိုလည်းငါတို့မမှတ်မိ
ငါတို့ကိုလည်းလူတွေကမမှတ်မိ
ငါတို့ကိုယ်ငါတို့လည်းမမှတ်မိ
ငါတို့မှတ်ထားခဲ့တဲ့အမှတ်အသားတွေကအစ
ငါတို့ပဲအမှတ်မှားခဲ့သလိုလို
ငါတို့ခေတ်မစားတော့တဲ့အထိ
ခေတ်ကြီးကငါတို့ကို စားပစ်လိုက်ပါပြီ
ခေတ်ကြီးကိုငါတို့မပြောင်းနိုင်ခဲ့လို့များ
ငါတို့ကိုခေတ်ကြီးကပြောင်းပစ်လိုက်တာလား
ငါတို့လည်းမမှတ်မိကြတော့ပါဘူး။ ။

ကိုဇော်(ကလေးမြို့)
၁၆ရက် ၁လ ၂၀၂၀။

Labels:

ဆက်တင်များ

အဲဒီတုန်းကတော့ဘယ်သိမှာလဲ
ဓါးတုံးတုံးကြီးနဲ့လည်ပင်းလှီးတော့မယ်ဆိုတာ
ပြီးလည်းပြီးရော
တစ်သုတ်ပြီးတစ်သုတ် ထွက်ခွါသွားခဲ့ကြ
အသားထဲကလောက်တွေကိုလက်တွဲလို့
ကိုယ့်အခေါင်းကိုယ်ထမ်းလို့
ပြန်ပါမလာတော့မယ့်ခြေထောက်တွေနဲ့
ပျောက်ဆုံးသွားတော့မယ့်မနက်ဖြန်တွေနဲ့
မသေတဲ့သူတွေအတွက်
တစ်ဘဝလုံးမက်တော့မယ့်အိပ်မက်ဆိုးတွေရှိရာ
နိုင်ငံတော်သီချင်းကိုသံပြိုင်ဆိုလို့
ဘွဲ့ဝတ်ရုံတွေအစားစစ်ဂျာကင်တွေကိုယ်စီဝတ်လို့
ပျော်ပျော်ရွှင်ရွှင်ညီညီညာညာ
တပ်ဦးဟာ
သေတွင်းထဲကိုကျွံကျသွားခဲ့တယ်
တပ်စခန်းအဟောင်းတစ်ခုရဲ့ဘားတိုက်ရှေ့ကအလံတိုင်မှာ
နိုင်ငံတော်အလံဟာ
သူ့လည်ပင်းသူကြိုးကွင်းစွပ်လို့။ ။

ကိုဇော်(ကလေးမြို့)
၁၄ရက် ၁လ ၂၀၂၀။

Labels:

09 March, 2020

မပျော်ရွှင်မှုရဲ့ရှေးဟောင်းနှောင်းဖြစ်

ညနေမှာ ကျောက်သားနံရံအကွက်တွေ
တောင်ကိုပတ်ထား သူ့ထက်နိမ့်တဲ့ခေါင်မိုးတွေကို
လှမ်းစကားပြောနေသလို
ပိုနိမ့်ဆင်းသွားတဲ့နေရာမှာ တစ်ချိန်ကရေမည်းတွေ
စီးဆင်းတဲ့ တံတားအောက်က ရိုးစင်းတဲ့အချိန်
ငါဟာ ပျောက်ကွယ်သွားတဲ့ လူတွေဦးခေါင်းပေါ်က
နင်းလျှောက်လာချိန်၊ သမိုင်းဆိုတဲ့
ပြောင်းရွှေ့မှုရဲ့ညည်းညူတာကို လက်ငင်းကြုံရ
ငါ့နောက်မှာ မီးတောက်တွေကျန်ရစ် ပြီး
အမှောင်ကိုအော်ဟစ်သံပေးဖို့ လျှို့ဝှက်ထား
ညစာစားဖို့လမ်းတွေ ကွေ့ကောက် တက်ဆင်း
ဘာမှမဟုတ်ခြင်းရဲ့နေလုံးအရိပ်ကို ချိတ်ဆွဲ
တောင်ထိပ်ကသချုႋင်းဂူတစ်ခု လေထဲပြန်တွေ့
ဆွေစဉ်မျိုးဆက်ရဲ့အဆုံးဟာ အစကိုဖော်လို့
ဝါးလုံးကို မခြောက်သေးတဲ့ အင်္ဂတေထဲနှစ်ပြီး
ရေးထိုးခဲ့တဲ့စာ နှစ်ပေါင်းများစွာသေခဲ့တဲ့ သတိရမှု
ဝေလငါးမှာအိပ်မက်ရှိရင် ခုလိုပဲ
ငါ့အရွယ်အတိုင်း မှုတ်ထုတ်လိုက်မှာပဲလို့ မတူးဖော်
ရသေးတဲ့ မြေသားရဲ့ကွဲကွာခြင်းကပြောတယ်

ပိုင်
၁၇ ဖေဖော်ဝါရီ ၂၀၂၀

Labels:

အေသင်ပြီးနောက် သင်အာ*

လူသူတစ်ယောက်မှမရှိတဲ့ စားသောက်ဆိုင်ထဲက
ဆွတ်ဆွတ်ဖြူလူတစ်ယောက် ထွက်လာပြီး
'ဘာစားသောက်မလဲ' မေးလိုက်သလို
ကိုယ်တွေးနေတဲ့အတွေးတွေက ထွက်လာပြီး
ကိုယ့်ကို မေးလိုက်တယ်
အမှောင်ဟာ ဓာတ်ပုံတစ်ပုံကိုပတ်ပြီး စီးဆင်းတုန်း
တူလုပ်ထားတဲ့ ဝါးထဲကနေ တရုတ်ပြည်ရဲ့
ပုလွေသံကိုကြားလိုက်တယ်
ပြီးတော့ နားလည်သမျှဟာ တစ်ရှူးတွေအိပ်ပျော်
နေတဲ့ပုံးထဲကို ချောင်းကြည့်ရသလို
ဘာတစ်ခုမှ ခြေရာလက်ရာပျက်တာမရှိ
ပင်လယ်ကဏန်းလှေ ဆိုက်လာတဲ့အခါ
တံငါသည်တွေ ငါတို့ပါးစပ်ထဲ ခုန်ဝင်သွား
လက်ဖျားဟာ မီးတွေဖိုထားသလို ဒါကိုမြင်လိုက်ခြင်း
ဟာ ရုတ်တရက် အကျဉ်းစခန်းပါပဲ
ဝက်သစ်ချသားတွေ တောထဲကနေ သူတို့ကို
လာရောက်ခေါ်ဆိုဖို့ တောင်းဆိုနေတဲ့ထိုင်ခုံများ
နီညိုရောင်စန္ဒရားကိုလည်း ချစ်ပုံရ
နိုင်ငံနဲ့လူများကို ရေးဆွဲဖို့ တိုက်တွန်းမခံရရင်
ကိုယ့်ဖာသာဆွဲလိုက်ဖို့ ပြန်ရင်ဆုံးဖြတ်ချက်ချရမယ်
ကြေနပ်မှုဆိုတာ အထိမ်းအမှတ်ချီးမြှင့်ထားတဲ့
ဂေါက်တံကိုလွှဲရိုက်နေတဲ့ ရုပ်တုသေးသေးလေးတွေ
အကောင်းဆုံး ကိုယ်ဟန်အနေအထားနဲ့ပေါ့
ပိုင်ရှင်ရဲ့အမည်ထဲမှာ နောက်ထပ်
ပိုင်ရှင်ရဲ့အမည်ရှိနေတာကို မသိခဲ့
ရေနွေးဟာ လက်ဖက်ခြောက်ပျော်ဝင်လာတာနဲ့
တစတစအဝါတွေ များလာသလို
အားလပ်ချိန်နဲ့ အလုပ်ရှုပ်မှုဟာ ရောထွေးသွားတယ်
ဝင်လိုက်သမျှကလည်း တစ်ဖက်ပိတ်လမ်းတွေချည်း
ဒါကြောင့် ပြန်ထွက်ဖို့ကလည်း အမြဲရှာနေရ
ရွက်ဖျင်စတွေနဲ့ချုပ်ထားတဲ့ Levi ဂျင်းဘောင်းဘီ
ကင်းဘတ်စတွေနဲ့လုပ်ထားတဲ့ ပန်းချီကားတွေ
စကားလုံးတွေနဲ့တည်ဆောက်ထားတဲ့ ကဗျာတွေ
ဝင်ရောက်နေရာယူထားတဲ့ ဘာသာတရားဟာ
ဘုရားကျောင်းထဲ ပင်လယ်ဓားပြဝင်သွားခြင်းပဲ
ဒီအတွက်နဲ့ အီဂျစ်ကအရုပ်စာတွေကို
သင် မှတ်မိနေဖို့မလို နိုင်ငံသားတိုင်း
အစားအသောက်နဲ့ သမ္မတကို ရွေးခြယ်ခွင့်ရှိတယ်
ပြည်တွင်းစစ်က သေနတ်တွေကို ရွေးခြယ်သလို
ဘယ်လောက်ကျသလဲ ဆိုတာ
ဟိုလူက ဆုံးဖြတ်မှာပဲမဟုတ်လား

ပိုင်
၁၈ ဖေဖော်ဝါရီ ၂၀၂၀
* မြိတ်ပီတာစဘတ်က 'ကော်စွီး'လို့ခေါ်တဲ့ရေနွေးနဲ့မြည်းရသော
အစားအသောက်တမျိုးရောင်းတဲ့ စားသောက်ဆိုင်အမည်

ကောင်းကင်ကကျလာတဲ့ သင်္ဘောတွေ

မြေစိုက်အနောက်ခန်းက
စာအုပ်ထည့်ထားတဲ့ စက္ကူပုံးတွေနဲ့ ငါဟာ
သင်္ဘောပျက်သူတစ်ယောက်လို ဖရိုဖရဲနဲ့
ပင်လယ်က ကိုယ့်အပေါ်ရောက်နေတဲ့အချိန်မှာ

တစ်စုံတစ်ယောက်က မုန်တိုင်းသတင်းကို
ဖေဖော်ဝါရီလလယ်ကြီး အော်ပြောလိုက်တဲ့အခါ
ပင်လယ်ဓားပြအကြောင်းကို ကြားလိုက်သလိုပဲ
ကိုယ့်အသက်ကိုထုပ်ပိုးသလို ထုပ်ပိုးသယ်မိ

အထဲမှာ ငါ စဖွင့်လိုက်တာနဲ့
ပထမဆုံးမြင်ရမဲ့ ဝါကျတစ်ကြောင်းက
ငါ့ကိုစောင့်ကြိုနေရဲ့၊ တရွေ့ရွေ့အနားကို
ဝင်ရောက်လာမဲ့ရေကို မတားဆီးနိုင်ပဲနဲ့ပေါ့လေ

ငါဟာ သင်္ဘောပျက်လိုအော်မိ
ကျလာတာကလည်း သင်္ဘောပျက်တွေ၊ ညနေဟာ
သင်္ဘောပျက်တွေပြည့်နေတဲ့ ပင်လယ်တစ်ခု
ပခုံးပေါ်မှာကြောင်လေးတစ်ကောင် ထိုင်ရက်ငါဟာ

ဂျက်စပဲရိုးလို မထေမဲ့မြင်ပြုံးလိုက်ချင်တာ

ပိုင်
၁၈ ဖေဖော်ဝါရီ ၂၀၂၀

Labels:

ဂျင်းဘောင်းဘီ အပြဲရာ

တကယ်တော့ အနက်ရောင်လယ်ကွင်းတွေမဟုတ်
ရိုးပြတ်တို့ရဲ့ သေဆုံးတဲ့ အရိပ်တွေပြည့်နှက်နေတဲ့
ပူလောင်တဲ့တိတ်ဆိတ်မှု သွန်ချထားရာ အတူညနေ
ဘာမှမသက်ဆိုင်တဲ့ တင်းကြပ်မှုကျောက်ခေတ်ကနေ
ဘုရားကျောင်းထက် ပိုတောက်ပနှုတ်ခမ်း
ကိုယ့်အကြောင်းက အဝေးမှာပဲရွှေရောင်တောက်နေ
သူ့နောက်က ထပ်မံရပ်နေကြတဲ့ အောက်မေ့မှုတွေနဲ့
ရုတ်တရက်ကွေ့ချလိုက်တဲ့ ကားလို နာကျင်ခြင်းဟာ
သူ့လမ်းညွှန်ချက်အတိုင်း ရှေ့ဆက်သွားလို့
ချစ်ခြင်းမေတ္တာလဲ ဂျင်းဘောင်းဘီအပြဲရာတစ်ခုဖြစ်ခဲ့
အဲဒီထဲမှာပဲ နောက်ထပ်တစ်ခု ထပ်ရေးကြတာပေါ့

ပိုင်
၁၉ ဖေဖော်ဝါရီ ၂၀၂၀

Labels:

Cafe`အသစ် ဖွင့်လှစ်ခြင်း

ပြည်တွင်းစစ်ထဲက စင်ထွက်လာတဲ့ လိမ္မော်ရောင်
လမ်းဆီပြေးလွှား အနက်ရောင် ဆိုင်ကယ်တစ်စီးပေါ်
ဒဏ်ရာတစ်ခုလို စွန်းထင်းကွက်နေတဲ့ကုမ္ပဏီတံဆိပ်
စားပွဲခုံတွေက ခြောက်သွားတဲ့သွေးလို နီညိုရောင်
အဲဒီအပေါ်မှာ ပေါ့ပေါ့ပါးပါးပဲ ထိုင်ချလိုက်တဲ့အခါ
နည်းနည်းအမှားပြင်စရာရှိတယ် ဆိုတဲ့ မီနူးအဖြစ်
ကိုယ်ဟာ အမဲလိုက်နေ့တစ်နေ့ထဲ ပစ်ချခံလိုက်ရ
ဒုက္ခသည်စခန်းတစ်ခုလို ဆူညံရှုပ်ထွေး ပြည့်နှက်
အသံထုထည်ကြီးအဖြစ် စုဆောင်းမှုဆီ ပေးနေရ
အရှေ့အလယ်ပိုင်းကလူတဝက်လောက် ထိုင်လို့
ပြီးတော့၊ မြို့တစ်မြို့ကနေ အလည်လာတဲ့ တီရှပ်
ဒါကိုသိမ်းဆည်းထားသင့်ကြောင်း မိသားစုလိုက်
အတည်ပြု ကိုယ့်မှာ မမ်မိုရီဟောင်းတွေပြည့်နေပြီ
16G တစ်ခုလောက်ထည့်ဖို့ဟာ အရေးတကြီး
လူသေတွေရဲ့စကားပြောသံနဲ့ နောက်ထပ်များပြား
နီညိုရောင်စားပွဲများ ထိုင်ခုံများဆီ ကြွေပန်းအိုးဖြူ
နဲ့တူတဲ့ ရေနွေးခွက်များရဲ့ပြတိုက် ထဲဝင်ရောက်
မဆိုင်တဲ့ကိုယ်ရေးအကျဉ်းများ လက်နဲ့မယူလိုက်

ပိုင်
၂၀ ဖေဖော်ဝါရီ ၂၀၂၀

Labels:

ဝံပုလွေတောင်စောင်း

တောင်စောင်းမှာအိမ်တွေ ဝံပုလွေလိုရပ်နေကြ
လဝါရင်ဖြစ်ဖြစ် လနီရဲရင်ဖြစ်ဖြစ်
အူသံပေးမယ့် ဝံပုလွေတွေလိုရပ်နေကြ
ဝံပုလွေအသွင်ပြောင်းမယ့် လူတွေလို့ထင်ခဲ့တာ
လူအသွင်ပြောင်းထားတဲ့ ဝံပုလွေတွေဖြစ်လို့
ဝံပုလွေတောင်စောင်းမှာ နေလည်းစောင်းပြီ
ဝံပုလွေအိမ်နဲ့ ဝံပုလွေလူတွေကြားမှာ ငါ
ဝံပုလွေတွေ တဖြေးဖြေးအုပ်ဖွဲ့နေတာ မြင်ရ
ငါ့ကဗျာကို ဝံပုလွေတစ်ကောင်ရဲ့
ခွင့်ပြုချက်ရမှ ရေးရမှာလား

ပိုင်
၂၀ ဖေဖော်ဝါရီ ၂၀၂၀

Labels:

သတို့သမီး

သတို့သမီးကို တင်ဆောင်ခဲ့ဖူးတဲ့ဆိုင်ကယ်က
မေးလိုက်တယ်
သတို့သမီး ဘယ်ရောက်သွားပြီလဲတဲ့
ငါ့ရဲ့သတို့သမီး ဘယ်ရောက်သွားပြီလဲတဲ့

ပိုင်
21 February 2020

Labels:

ဂျင်းဘောင်းဘီဆိုတာ မလျှော်ရဘူး

ဒီ ဂျင်းဘောင်းဘီလား
တစ်ယောက်က မေးလိုက်တယ်
ကိုယ်ပိုင်ကဒ်နဲ့မှ ဖြတ်လို့ရတဲ့
ဓာတ်လှေကားထဲအဝင်မှာ
ဟုတ်တယ်၊ အပြာကို ကြိုက်လို့
ဒီတစ်ထည်တည်းနဲ့ လျှောက်သွားနေတာ
တစ်ပတ်လောက် ရှိပြီ
စုတ်ပြတ်သတ်နေပြီ ဓာတ်လှေကား
ပိတ်ပြီး အောက်ဆင်းသွားတယ်
အထွက်မှာ ရော့ခ်ဂီတသမားတစ်ယောက်ပုံစံ
ဆံပင်ရှည်ရှည်နဲ့တစ်ယောက်က
လှည့်ကြည့်ပြီး ပြောလိုက်
ဂျင်းဘောင်းဘီဆိုတာ မလျှော်ရဘူး

ပိုင်
၅ မတ်လ ၂၀၂၀
# ခေါင်းစဉ်- ရိုးမြေ
စိုင်းဝင်းမြင့်၊(ကို)ရိုးမြေ၊ သူအောင်လင်း တို့နဲ့
ရန်ကုန်ရောက် အမှတ်တရတစ်ခု

Labels:

မီးလင်းနေတဲ့အုတ်ဂူထဲက လူသေရဲ့မျက်နှာ

ရေခဲတုံးတစ်တုံး ရေခဲပြင်တစ်ခုနဲ့တူတဲ့ အချိန်ကာလ
ပြီးခဲ့သောလူအားလုံး တစ်စုံတရာသောအမိန့်နဲ့
အိပ်ပျော်နေကြ
ငါ့ကိုယ်ငါထပ်ပေါင်းထည့်လိုက်တော့ ငါဟာပိုမလာ
ခြောက်ခြားဖွယ် ပြိုပျက်သွားပြီးတဲ့မြို့တွေထဲက
မျက်လုံးမျိုးနဲ့ သုတေသနပညာရှင်တစ်ယောက်ကို
နှုတ်ဆက်သလို လက်ကျန်အလင်းထဲ
ကြည့်နေတဲ့မျက်လုံးတွေ၊ ငါ သွားမှာပါ
မီးလင်းနေတဲ့အုတ်ဂူထဲက လူသေရဲ့မျက်နှာနဲ့
ငါ့ရွှေတွေ ငါ့စွပ်ဖားခွေးတွေ သူနေ့ရာမှာပြန်ထားခဲ့ပြီး
ကွဲအက်သွားတဲ့အခါ ငါ့အလိုသင်္ဘောဦးကို မြင်ရမှာပါ
ငါ့အသက်ထဲ စားသောက်ပွဲထိုင်ခုံတွေ
ညီညီညာညာချထား၊ အရိုးတွေထဲ
ထွင်းထားတဲ့ အရုပ်စာတွေကိုမြင်ရတဲ့အထိ

ပိုင်
6 March 2020

Labels:

စတော်ဘယ်ရီ တစ်ဝက်တပြက်

ပန်းကန်ထဲမှာ ညဉ့်နက်နေပြီဖြစ်တဲ့
စတော်ဘယ်ရီ တစ်ဝက်တပြက်
နောက်ထပ် ယူစရာ သိပ်မကျန်တော့တဲ့တိုင်အောင်
အေးစက်ပြလို့၊ တစ်ခွက်ပြီးတစ်ခွက်
မဆုံးနိုင်အောင်ဝါကျင့် တစ်ခွက်ပြီးတစ်ခွက်
ထပ်ယူနေတာ စတော်ဘယ်ရီကြောင့်များလား
အိမ်ကို တမင် ရှောင်ကွင်းနေသလို
ဆံပင်ရှည်များရှိရာ ဆံပင်ရှည်များရောက်လာ
ဂျင်းဂျာကင်ကိုရှာဖွေဖို့ ဂျင်းဂျာကင်များရောက်လာ
စတော်ဘယ်ရီ တစ်ဝက်တပြက်
အတိုင်းထားပြီး ကားတစ်စင်းနဲ့လမ်းပေါ်အော်ဟစ်
လက်တွေကို ပြတင်းပေါက်က ထုတ်ထား
အနက်ရောင်ခံထဲတို့ထားတဲ့ မီးရောင်စုံဆေးစက်များ
ညဉ့်နက်နေပြီဖြစ်တဲ့ ညထဲ
နံရံပေါ် ဂစ်တာတီးနေတဲ့ပုံ ချိတ်ထားပြီး
သီချင်းတွေဆိုဖို့ ထွက်ပြေးခဲ့ပြန်တယ်
နောက်ကျနေသော အရာရာဟာ လှပနေပေမဲ့
စတော်ဘယ်ရီလို တစ်ဝက်တပြက်
ဒါကို ဘယ်သူ လက်စသတ်မလဲ

ပိုင်
၆ ၃ ၂၀၂၀
# လင်းသဏ်ညီ၊ ဇင်ကို၊ ကိုဘုန်းတို့ဇနီးမောင်နှံနဲ့
တောင်ဥက္ကလာပည အမှတ်ရမှု

Labels:

တစ်ပတ်ရစ်ရှပ်အင်္ကျီသုံးလေးထည်အကြောင်း

ဖုန်တွေကိုခုခံဖို့ စားသောက်ဆိုင်မှာတွေ့ဖို့
အမြန်လမ်းပေါ်မှာသွားဖို့ ရသတ္တပတ်လောက်
အပြင်ဘက်မှာနေထိုင်ဖို့ ချိန်းဆိုဖို့ လွဲချော်ဖို့
တောင်မြောက်မသိတဲ့ မြို့ကြီးထဲ သံလိုက်
အိမ်မြောင်လို ကိုယ့်ကိုယ်ကိုယ် အရပ်မျက်နှာပြဖို့
လူကြီးလူကောင်းနဲ့ ဂျစ်ပစီကို ကော်ဖီနဲ့ခွဲဖို့
ပျော်ရွှင်မှုနဲ့ မပျော်ရွှင်မှုကို မသိအောင်ရောထွေးဖို့
ဘီယာဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ပြောဆိုဖို့
ဝင်ပေါက်ရှာမတွေ့တဲ့ ရုပ်ရှင်ရုံလက်မှတ်ကိုဝယ်ဖို့
ကောင်းကင်ဘုံထိတက်နေတဲ့ ပုံရိပ်စုပ်ယူမှန်ချပ်နဲ့
အဆောက်အဦးတွေကို မော့ကြည့်ဖို့
ဂြိုဟ်ကမ္ဘာလို ဂုံးကျော်တံတားတွေပေါ်တက်ဖို့
မတ်တတ်ရပ်ရင်း လမ်းပေါ်မှာ လက်မှတ်ထိုးပေးဖို့
ကိုယ့်ရှေ့ရောက်လာတဲ့ ကားနံပါတ်ကိုရွေးခြယ်ဖို့
လေထဲမျောနေတဲ့ အိပ်ရာတစ်နေရာကိုလိုက်ဖမ်းဖို့
မူလဆုံမှတ်ပြန်ရောက်ရင် အတွေ့အကြုံကိုပြောပြဖို့
TIME AND SPACEကို ပြန်နောက်ဆုတ်ဖို့
ဒါတွေတစ်ခုမှဖြစ်မလာခဲ့ရင် သူစိမ်းလိုဖုန်းဆက်ဖို့
အလွယ်တကူပဲလက်ခံလိုက်တာဟာ
ကိုယ့်အမည်ပေါ် အမည်းရောင်ပိတ်မိလား
IDကလည်း ပင်လယ်ဓားပြမဟုတ်ကြောင်း မပြနိုင်

ပိုင်
7 march 2020

Labels:

ညစားသောက်ဆိုင်

ဆိုင်ထဲမှာ ဆာလောင်မှုက မရှိသလို
ဟင်းလင်း ဖြစ်နေတယ်
မီးရောင်ဖျော့ဖျော့ ထဲမှာလည်း
အဲဒီအသံကို မကြားရ
ဝိုင်းတစ်ဝိုင်းဆီက မိသားစုတစ်စု
ဆိုင်အနောက်ခန်းထဲ လှည့်ကြည့်
နေတာက လွဲလို့ပေါ့
နောက်ထပ် ရောက်မလာတော့မဲ့အတိုင်း
လက်ရှိအခြေနေကို ဖော်ပြလို့
ဘာထူးလဲလေ၊ စောင့်ဆိုင်းရတဲ့ ဘဝဆိုတာ
တစ်နေရာက ရွှေ့လာပြီးရင်
နောက်တစ်နေရာကို ထပ်ရွှေ့ရဦးမှာပဲ
မှောင်ရိပ်ကျ လှေကားထစ်နား
အထီးကျန်မှုဟာ ကိုယ့်ကိုကြည့်လို့
ကိုယ့်ရှေ့လာချတဲ့ ပန်းကန်ထဲမှာ
ကိုယ့်အလိုဆန္ဒ ပါရဲ့လား
ထပ်ကြာနေတာဟာ မပြီးဆုံးတော့မဲ့အတိုင်း

ပိုင်
၇ ၃ ၂၀၂၀

Labels:

မုဆိုး ပြန်ချိန်

မျက်နှာလှည့်လိုက်တဲ့ ဘက်မှာ
မျက်နှာတစ်ခု ရှိနေတဲ့အရပ်
အသံတစ်ခု ထွက်လိုက်တာနဲ့
အသံတစ်ခုနဲ့ ရောထွေးသွားတဲ့နေရာ
မီးခိုးတစ်ခု တက်လာတာနဲ့
မီးခိုးတစ်ခုနဲ့ ပေါင်းစပ်သွားတဲ့ဒေသ
သံသယ ချောင်းမြောင်းမှုနဲ့ ရန်လိုခြင်းဟာ
မြားတစ်ချောင်းလို အချိန်တိုင်း
ကိုယ့်ကို ချိန်ရွယ်ထားတဲ့မြေပေါ်
ခြေချလိုက်တာနဲ့ ဒါဟာ
နေဝင် နေထွက်နဲ့ မဆိုင်ပဲ
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတော့မယ်
ဆိုတာ သိလိုက်တယ်

ပိုင်
၈ ၃ ၂၀၂၀

Labels:

THE BESTမှာ အကောင်းဆုံးတွေကိုမျှော်လင့်ပြီး

ပါဝင်ပတ်သက်မှုရှိသူတစ်ယောက် အနေနဲ့
နောက်ထပ် ပါဝင်ပတ်သက်မှုအတွက်
ဖုန်းနံပါတ်အသစ်တွေကို ရေးမှတ်နေတုန်းမှာ
အကောင်းဆုံးမျှော်လင့်ချက်တွေ ပေးတဲ့
THE BESTမှာအနည်းဆုံး ငါဟာကော်ဖီတစ်ခွက်
လောက်တော့ နွေးထွေးနေသင့်တယ်မဟုတ်လား၊
ဖုန်းဆက်ခဲ့သူတစ်ယောက်ကတော့ ပြောတယ်
ဖုန်းမဆက်ခဲ့ရင်တော့ THE BESTမှာ
အကောင်းဆုံးမျှော်လင့်ပြီး နေနိုင်တာပေါ့တဲ့
THE BESTမှာ အကောင်းဆုံးတွေကို မျှော်လင့်ပြီး

ပိုင်
၈ ၃ ၂၀၂၀

Labels:

ကောင်းကင်ဘုံသို့လွင့်နေတဲ့ ဆံပင်များ

ဒီလောကရဲ့ဖုံးကွယ်မှုတစ်ခုလို
ငြိမ်သက်မဲမှောင်နေတဲ့ အဆောက်အဦးကြီးတစ်ခုထဲ
ပိတ်ထားသောအခန်းများ၊
သွေးစို့နေသလို မီးနီလေးတစ်ပွင့်စီလက်လို့
အော့ဇ်ဝက်ဆန်ဆန် မဆုံးနိုင်အောင်
စင်္ကြန်ရှည်ကြီး တိတ်ဆိတ်လို့
တစ်ခါတလေ အခန်းတံခါးပွင့်သွားပြီး
လူတစ်ယောက်တလေထွက်လာ ပြီး ပြန်ဝင်သွား
အပြင်ဘက်မှာ တချို့နံရံကိုမှီပြီး ခေါင်းငိုက်စိုက်ချထား
တချို့ တစ်ဘက်ကို လှည့်ကြည့်လို့
လူတစ်ယောက်ရဲ့စိတ်အတွင်းပိုင်းနဲ့ တူတဲ့
အခန်းထဲမှာတော့ နောက်ထပ်လူတွေ ရှိနေပြန်
သူတို့ဟာ တစ်ယောက်ပခုံး တစ်ယောက်ဖက်
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်
တစ်ယောက်ဆီ တစ်ယောက်မှီလို့ တစ်ယောက်နဲ့
တစ်ယောက် ပူးကပ်ရပ်လို့ သီချင်းတစ်ပုဒ်ကို
အတူ အော်ဟစ်ဆိုနေကြ တစ်ခါတလေ
ပြိုင်တူ တစ်ခါတရံ တစ်ယောက်
်နားလိုက်တဲ့နေရာက တစ်ယောက် ဆက်ဆိုသွား
ပြီးဆုံးသွားဖို့ပဲမဟုတ်လားလေ
အစားအသောက်တွေ လျော့လာ ဘီယာတွေနည်းလာ
အလှဆင်ထားတဲ့ကော့တေးဟာ ပျက်စီးလာ
မနက်ဖြန်ရဲ့ရှာဖွေရဦးမဲ့ မျှော်လင့်ချက်တွေနည်းလာ
တစ်ယောက်တလေဟာ လဲကျ အိပ်ပျော်လို့
လူတွေရဲ့ ပျော်ရွှင်ဟန်ဆောင်ထားတဲ့ စိတ်နှလုံးသား
ထဲက နောက်ထပ်လူများကို တွေ့မြင်ခဲ့တဲ့ည
သူတို့ဆံပင်များ ကောင်းကင်ဘုံဆီ လွင့်နေကြပုံ
ဒီလောကရဲ့ဖုံးကွယ်မှုတစ်ခုလို
ငြိမ်သက်မဲမှောင်နေတဲ့ အဆောက်အဦးကြီးတစ်ခုထဲ

ပိုင်
၉ ၃ ၂၀၂၀

Labels:

ကျုပ်ခင်ဗျားကိုချစ်ပါတယ်

မင်းပဲငါ့ကိုချစ်တယ်လို့ပြောခဲ့တာလေကွယ်
ဘာဗျ အဲဒီလိုပြောသလား
ကျုပ်ကပြောသလား
ဟုတ်ပါတယ်ကွယ်မင်းကိုယ်တိုင်ပြောခဲ့တာပါ
ခင်ဗျားလိမ်မယ်မကြံနဲ့
လိမ်ရင်မသက်သာဘူးမှတ်
ဘုရားပေးပေးကျမ်းပေးပေးပါကွယ်ငါမလိမ်ဝံ့ပါဘူး
ဒါအမှန်ပဲလား အမှန်ပါပဲကွယ်
ငါသစ္စာပြုပါရစေ တပည့်တော်မသည်..,......
(ထိုအချိန်တွင်အထက်အဇဋာကောင်းကင်ဝယ်
မိုးသားများတစ်ခဲနက်တက်လာလေတော့သည်
လျှပ်စီးတစ်ချက်ဝင်းကနဲပြက်၏)
သူသည်ဤတွင်အထက်သို့တစ်ချက်မျှမော့ကြည့်ေ လ၏
တစ်ခဏချင်းမှာပင်
ကျုပ်မှတ်မိပြီ ကျုပ်ခင်ဗျားကိုချစ်ပါတယ်
မြဲမြဲမှတ်ထား

နေမျိုး
၁၃ ၁၂ ၂၀၁၉
(မူးစုပဲစုကဗျာများ မှ)

Labels:

လက်ပူးလက်ကြပ်

ဟေ့လူ ဘာလုပ်တာလဲ
ခင်ဗျားပိုက်ဆံအိတ်ထဲ
ပြန်ထည့်ပေးတာပါ
၁၃ ၁၂ ၂၀၁၉

နေမျိုး
(မူးစုပဲစုကဗျာများ မှ)

Labels:

တောသားကြီး

အလှူ ပွဲရှိတယ်ကြားလို့ပါ
အဝေးကြီးကလာခဲ့တာ
ထမင်းဆာလှပြီဗျာ

နေမျိုး
၂၇ ၁၁ ၂၀၁၉
(မူးစုပဲစုကဗျာများ မှ)

Labels:

ဆိုင်းသေတ္တာ

ဗုံတွေထည့်ထားတယ်
မဏ္ဌပ်ထဲကိုသယ်
ညကျလျှင်အင်္ဂလန်ပတ်စမ်းတီးလိမ့်မယ်

နေမျိုး
၂၇ ၁၁ ၂၀၁၉
(မူးစုပဲစုကဗျာများ မှ)

Labels:

တော၏တရား

တောကျောင်းဘုန်းကြီးကြွလာပြီ
တရားဟောတော့မည်
နွားရိုင်းတိုင်မှာချည်

နေမျိုး
၂၆ ၁၁ ၂၀၁၉
(မူးစုပဲစုကဗျာများ မှ)

Labels:

လယ်တော



မီးခိုးနှင့်မြူ
ရောယှက်ကလူ
ခြူ ခလောက်သံကြား
နွားအိုကြီးများမြက်နုစား

နေမျိုး
၁၄ ၁၂ ၂၀၁၉
(မူးစုပဲစုကဗျာများ မှ)

Labels:

ဂျင်းဘောင်းဘီ


ဂျင်းဘောင်းဘီမဝတ်နဲ့
ဂျင်းဘောင်းဘီမဝတ်နဲ့

ဂျင်းဘောင်းဘီဝတ်ရင်
မင်းခေတ်ဆန်သွားမှာ

ငါကကျေးတောသူမို့ပါ

နေမျိုး
၁၉ ၁၂ ၂၀၁၉

Labels:

စာရေးချိန်

ဖေဖေဟာစာဘယ်မရေးဘဲပျင်းရိလို့နေတာ သီချင်းတွေနားထောင်ကာတစ်ညလုံးပဲ ရေဒီယိုအစီအစဉ်ပြီးမှရပ်နားသည်ဘယ်လိုလုပ်မလဲ။ ဒီလိုသာသီချင်းတွေချည့်နားထောင်ပြီးငြိမ်နေလို့ကတော့ ရေဒီယိုဖွင့်တဲ့ဓာတ်ခဲတွေကိုဝှက်ထားရမှာပေါ့။ စာရွက်ဖြူဖြူတွေဟာပြာသိုလရဲ့မြောက်ပြန်လေထဲမှာတဖျပ်ဖျပ်လှုပ်လို့သာ။ ကျွန်တော်တို့ဒီမှာရေးပါလှည့် ကျွန်မတို့ဒီမှာရေးပါလှည့်လက်ယပ်ခေါ်နေသလိုပဲတဲ့။ အကြံကောင်းတော့ရပြီ ဖေဖေ့ဖောင်တိန်ကိုမင်ဖြည့်ပြီးစားပွဲပေါ်မှာထားပေးမည်။စာရွက်တွေကိုညီညီစီထားရင် ဖေဖေစာပြန်ရေးမှာလားဟင်။ ဖေဖေဟာနာမည်ရနေပြီသိရဲ့လား ခုနေခါစာတွေအများကြီးရေးပါလား။ စာပုံနှိပ်စက်တွေကဖေဖေ့စာတွေတဂျိန်းဂျိန်းရိုက်နှိပ်ရတဲ့အခါ စောင်ရေတွေအများကြီးဆိုမှအများကြီးဖြစ်ချင်တာ။ကွန်ပျ ူတာကဖေဖေ့စာတွေတဖျောက်ဖျောက်စီရတဲ့အခါ စက်ယန္တရားအတတ်နဲ့လူသားရဲ့မေတ္တာအထင်အရှားဖြစ်ပေါ်လာတာ။ဒါပေမယ့်ဖေဖေပြတင်းပေါက်ကိုဖွင့်ပြီးလျှောင်းစက် မအိပ်ဘဲသန်းခေါင်ညဉ့်နက်။ ရေဒီယိုအစီအစဉ်ကပြီးသွားပြီ။လမ်းမကြီးလဲငြိမ်သက်ပြီ။ဖေဖေဘာတွေကိုစိတ်ကူးနဲ့စာစီနေသလဲ။ မလှုပ်မယှက်ဘဲ။ ဖေဖေ့ဖောင်တိန်ဟာသတ္ထုနဲ့လုပ်ထားတာ နစ်သွားဟာချွန်မြပြီးသိမ်မွေ့လို့သာ။ဒီအချိန်သာဖေဖေစာရေးနေလို့ကတော့ စာပုံနှိပ်စက်ကြီးကဝမ်းမြောက်ပျော်ရွှင်နေမှာပေါ့။ဖေဖေစာရေးမယ်မဟုတ်လား ပြောနေတာကြားရဲ့လား။ ဟိုတစ်ခါတုန်းကလို မြေကပ်နို့ရည်ပင်ကလေးတွေအကြောင်းဖြစ်ဖြစ်ရေးမယ်ဆို ။ အဲဒီအပင်ငယ်လေးအောက်မှာတရွရွသွားနေတဲ့ ပိုးကောင်သေးသေးလေးအကြောင်းလည်းထည့်ရေး အဲဒါသမီးသေးသေးလေး။

နေမျိုး
၁၃ ၁ ၂၀၂၀

Labels:

အတိုဆုံးဝတ္ထု

အကြော်လေးရေ
ဂျာ
နှစ်တွေကြာမြင့်ခဲ့ပေပြီ
မှတ်မိနေတဲ့သူ့အမည်။

နေမျိုး
၁၄ ၁ ၂၀၂၀

Labels:

လယ်နားချိန်



နေထန်းတစ်ဖျား
ထွန်ဖြုတ်နွားထက်ငှက်ငယ်နား
ပိုးမွှားထိုးဆိတ်စား။

နေမျိုး
၁၂ ၁၂ ၂၀၁၉

Labels:

ရေခပ်ချိန်



ရွာထိပ်ကရေတွင်းဟောင်း
စက်သီးတကျွီကျွီ
ကြိုးငင်ရာရပေါ့ရေအကြည်
ရွာသူတို့ရေအိုးကိုယ်စီ။

နေမျိုး
၂၈ ၁၁ ၂၀၁၉

Labels:

See You ဘုရားသခင်

ကျောက်တုံးတွေကို နင်းနေရတာ လမ်းကြိတ်စက်ကြီးပါလား
လမ်းကလေးပေါ်မှာ
ငါဟာ ဘုရားသခင်နှင့် မတွေ့မီ
ပိုကောင်းတဲ့လမ်းများတွေ့ချင်
အများသွားတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ရှိမှာအမှန်ပင်
စိတ်ကူးမယဉ်ပါဘူးကွာ
အခု ငါဟာ ကျောက်တုံးတွေပေါ်မှာပါ။

သုခမိန်လှိုင်


Labels: ,

ရှိတယ်တွေးပြီး

သစ်ပင်တွေမရှိဘဲ ရှိတယ်တွေးပြီး လမ်းလျှောက်လာတယ်
ငြိမ်းချမ်းရေးမရှိဘဲ ရှိတယ်တွေးပြီး လမ်းလျှောက်လာတယ်
လမ်းမရှိဘဲ ရှိတယ်တွေးပြီး လမ်းလျှောက်လာတယ်
မင်းမရှိဘဲ ရှိတယ်တွေးပြီး...

သုခမိန်လှိုင်
၀၅း၀၅
၁၊ ၉၊ ၂၀၁၉
Idea Magazine၊ Nov၊ 2019

Labels: ,

08 March, 2020

လောင်နေတဲ့လေ



လေတွေလောင်နေတယ်အမေ
ကျနော်ကြည့်ဖူးတဲ့ပန်းချီကားထဲကအတိုင်းပဲ

လောင်နေတဲ့လေမှာ
သွားတိုက်စရာ ရေမရှိဘူး
အပေါ့အလေးသွားစရာ ရေမရှိဘူး
ကိုယ်လက်သန့်စင်ဖို့ရာ ရေမရှိဘူး

မရှိတာတွေခပ်များများနဲ့ လောင်နေတဲ့လေ
ဘယ်သူရှို့ထားပါလိမ့်
နှစ်ပေါင်းများစွာ လေဟာလောင်လို့

လောင်နေတဲ့လေထဲ
အိပ်ယာထရင် စကားပြောဖော်မရှိဘူး
ချက်ပြုတ်စားသောက်စရာရှိသော်ငြား
တဟဟလုပ်ဖော်လုပ်ဖက် သူငယ်ချင်းမရှိဘူး
အရေးကြီးတဲ့ ရေလည်းမရှိဘူး

လောင်နေတဲ့လေထဲ
ချောင်းကြည့်ပေါက်တွေများလို့ ခရီးထွက်ချင်တယ်
မလျှော်ရသေးတဲ့ဝတ်စုံနဲ့
မလျှော်ရသေးတဲ့ အဝတ်သုံးလေးစုံယူမယ်

လောင်နေတဲ့လေထဲ
အမေရယ် ဧရာဝတီမြစ်ကြီးရှိရာဆီသွားမယ်
အဝတ်လျှော်မယ်
ခေါင်းလျှော်မယ်
တစ်ကိုယ်လုံးကိုလည်းလျှော်ပစ်မယ်

လောင်နေတဲ့လေတွေရပ်တန့်သွားသည်အထိ
ကျနော်လျှော်ပစ်မယ်။

သက်ငြိမ်သစ်

Labels:

မှန်ကွဲစလေးတွေ

ခါးသီးတဲ့နေ့ရက်တွေခြင်းအတူတူ
မညာနဲ့

ရော့ဒ်ကိုရဲ့ပန်းချီကားကိုကြည့်ခဲ့ပြီးပြီ
အိပ်မက်ထဲ ရာသီသွေးခဲလိုလရောင်ကို
ငါလည်းလှုံခဲ့ဖူးပြီ
မညာနဲ့

ဒီအကြောင်းတွေ
လှည်းလမ်းကြောင်းကဖုန်လို မွှန်ထူလို့
မညာနဲ့

မညာပါနဲ့ကလေးရယ်
ပေါင်မုန့်မရှိလို့ ကိတ်မုန်စားရတယ်တဲ့
မညာနဲ့

မာတင်လူသာကင်းမှသည်
အိုဘားမားဆီသို့
မညာနဲ့

ရက်စက်တဲ့မြေသြဇာ
အိမ်မက်ထဲမှာ
ငါတို့တွေကလို့
နေကြာပန်းတွေနဲ့

လောဘဟာ ကြောက်စရာကောင်းပါတယ်။

သက်ငြိမ်သစ်

Labels:

ဒူးယား

အစိမ်းဆိုပေမယ့်
ကိုယ်တို့ခေတ်မှာ ရွှေရောင်ပြန်သထားတယ်
ဒူးယား
ချောင်းတွေတဟွတ်ဟွတ်ဆိုးရင်း ဒူးယား
ဈေးသက်သာတဲ့ နှင်းတွေကြား
ဗာဂျီနီးယားနံ့သင်းပြတဲ့ ဒူးယား
သီချင်းထဲ မီးခိုးငွေ့အပြာနဲ့ဒူးယား

စီးကရက်တစ်လိပ်ရဲ့ဂုဏ်သိက္ခာဟာ
ဖင်ဆီခံမှာ အခြေပြုပါတယ်။

သက်ငြိမ်သစ်

Labels:

ကိုယ်မင်းကိုလွမ်းရပါသည်

အရိပ်အောက်မှာ
သွေးစက်တွေ တစက်စက်ကျလို့
အသံတွေကို ပိတ်ထားပေးပါ
စိတ်ထဲထည့်ပြီး
ဝါဆိုပန်းတွေဝယ်တယ်
စာပြန်ရေးပါ
မင်းဘဝထဲ ငါဝင်နိုင်ဖို့ပါ။

ဟိန်းမြတ်ဇော်
၁၁ ၈ ၂၀၁၇

Labels:

သစ်ပင်ကိုဝင်တိုက်မိတဲ့နေ့

လိုက်ကာကိုဆွဲဖွင့်လိုက်တော့
ဓါးဦးက ကိုယ့်ဘက်လှည့်နေတယ်
ထက်ပိုင်းကျိုးနေတဲ့ရယ်သံတွေ ပြန့်ကျဲလို့
ဇစ်ဆွဲသံဟာ ထုပ်တန်းမှာတွဲလောင်းကျလို့
နံရံမှာကပ်ကျန်ခဲ့တဲ့ထိတ်လန့်မှုတွေ တဖြည်းဖြည်းကွာကျလာ
အခန်းမှာ ကွဲနေတဲ့အသည်းတွေခင်းထားတယ်
တစ်ယောက်မှမရှိတော့ပေမယ့် တစ်ယောက်ယောက်ရှိနေသေးသလို
ဒါဟာ စိတ်ထဲမှာကျန်ခဲ့တဲ့ အစတစ်စပဲ
ပြန်ထွက်ဖို့လှည့်လိုက်တော့ တံခါးတွေမရှိတော့ဘူး
ကိုယ့်အပြစ်ပါ သစ်ပင်ကိုဝင်တိုက်မိတာပါ။

ကိုရွေး
၂၇ း ၉ း ၁၉

Labels:

ကံစီမံရာနေ့တွေ

လူမှုဆက်ရေးအတွက် တုန်ရီမနေအောင်
တည့်ရာဆေးတစ်ခုခု အွန်ထားပါတယ်
ဘယ်အတိုင်းအတာထိတောက်လောင်မလဲ
ကြိုးစားတဲ့ဖားဖိုကြီးလို ဟူးးခနဲ ဟူးးခနဲ
လေတွေမှုတ်ထုတ်ရ
အသားကင်တွေ
ပွဲတော်နေ့များမှာစားသောက်ဖို့ အဆင်သင့်
လှပလွန်းပါတယ်
ဝံပုလွေလိုက်ဖို့ ဝံပုလွေအသေဆီက မျက်ဝန်းတစုံ ချွတ်ယူထားခဲ့
တရားသော သားကောင်ကို
တရားသောမုဆိုး ရပါစေ။

သက်ငြိမ်သစ်

Labels:

မီးလင်းဖိုများ

စတုတ္ထစက်မှုတော်လှန်ရေးဟာ
မင်းနဲ့ငါ့ကို နီးလျက်နဲ့ ဝေးကွာသွားစေတယ်

ဟော့ကင်းလည်း မကယ်နိုင်
ဘုရားလည်းမကယ်နိုင်

ကျောက်ခေတ်ကိုပြန်ရောက်မယ်ဆိုရင်
ဘယ်ရထားဖြစ်ဖြစ် ငါစီးရဲပါတယ်

အရင်လို အမဲလိုက်
အရင်လို သားရေဝတ်ရုံတွေခြုံ

ကိုယ့်ဂူနဲ့ကိုယ်
မီးဖိုကြမယ်လေ

ကျည်ဆန်ရထားနဲ့ ရုံးသွားမယ့်အစား
မြင်းတစ်ကောင်စီနဲ့ တောကစားထွက်ကြမယ်လေ

စမ်းရေကိုသောက်
ရေတံခွန်မှာ ရေချိုး
ဘာတန်ခိုးမှ မလိုချင်ပါ

ရန်သူ့ခြေသံ နားစွင့်ထား
လေးနဲ့မြားကို အသင့်ပြင်
လင့်စင်ပေါ်က စောင့်ကြမယ်လေ

အင်တာနက်ကော်နရှင်ကောင်းဖို့မလိုပါဘူး
မျက်စိလျင်ဖို့ပဲလိုတာပါ ။

ကြည်ဇော်အေး
7 march 20

Labels:

ငတုံး

အနန်တဟာ
သူရိယပဲ။

ဓာတုဟာ
ကလျာပဲ။

တောင်သမန်လယ်စားဟာ
မောင်ဖေငယ်ပဲ။

အနော်က
ဘာအထာလဲ။

တပင်က
ဘာရွှေထီးလဲ။

အလောင်းက
ဘာဘုရားလဲ။

တစ်နေ့ကျရင်
ငါဟာအောက်ကျနောက်ကျဖြစ်ရမည်။

တစ်နေ့ကျရင်
ငါဟာအောက်ကျနောက်ကျဖြစ်ရမည်။

တစ်နေ့ကျရင်
ငါဟာအောက်ကျနောက်ကျဖြစ်ရမည်။

ပလေတိုက
မကောင်းတဲ့လူပဲ။

ဘဝဆိုတာ
ငပေါပဲ။

နရနီ

Labels:

နွေဦး

ခြင်တွေက
သတ္တိကောင်းတယ်။

ငှက်တွေက
ဉာဏ်ကောင်းတယ်။

ပုရွက်ဆိတ်တွေက
ဝီရိယကောင်းတယ်။

လိပ်ပြာတွေ
အပူအပင်မရှိ ပျံသန်းနေကြတယ်။

ခံစားချက်ဆိုတာ
သိမ်းဆည်းထားဖို့ဖြစ်ပါတယ်။

ချစ်တယ်ဆိုတာ
မျှော်လင့်ချက်မရှိတဲ့အလုပ်ပဲ။

နေ့ရက်တို့သည်
ဝမ်းနည်းဖွယ်ကုန်ဆုံးသွားကြပြီ။

စာကဗျာရေးခြင်းသည်
စိတ်မချမ်းမြေ့စရာအလုပ်ဖြစ်ပါတယ်။

လေနုအေးတဲ့
တိုက်ခတ်သွားတဲ့လေအကြောင်းပေါ့။

သစ်ရွက်အကြွေတွေ အနောက်ကလိုက်လာရင်
ပြန်လှည့်ပြီးတော့နှုတ်ဆက်ပါ။

လူဆိုတာ
ရူးဖို့ပဲလေ။

နရနီ

Labels:

ကလေးတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ


ကျောပိုးအိတ်ထဲမှာ
စွန့်စားခန်းတွေထည့်ထားတယ်။

စက္ကူနဲ့လုပ်တဲ့စကြာလေးတွေက
လေတိုက်ရင် မွတ်နေအောင်လည်တော့တာပဲ။

ဖိနပ်ကို
ဝါးစားသလိုစီးမယ်။

အဝတ်ကို
ဆွဲဖြဲသလိုဝတ်တယ်။

သကြားဆိုတာ
ခိုးစားရတဲ့ အစားအစာပေါ့။

မသိတာနဲ့ မကြိုက်တာ
အတူတူပဲ မဟုတ်လား။

မြစ်တွေချောင်းတွေထဲမှာမှမဟုတ်ဘူး
မြေပြင်ပေါ်မှာလည်း လက်ပစ်ကူးပါတယ်။

တစ်နေ့မှာတော့
မြေကြီးထဲမှာမြှုပ်နှံထားတဲ့ရတနာတွေကို ရှာတွေ့ရမယ်။

စာအုပ်ကြားထဲက
ခရေပန်းခြောက်လေးဟာ မွှေးပျံ့နေပါတယ်။

နရနီ

Labels:

နရပတိစည်သူ

ပထမအကြိမ်
မြင်းခံငပြည့်ကိုကွပ်မျက်သည်။

ဒုတိယအကြိမ်
နောင်တော်ကိုလုပ်ကြံသည်။

တတိယအကြိမ်
အောင်စွာငယ်ကိုသတ်လေသည်။

စတုတ္ထအကြိမ်
အနန္တသူရိယကိုစီရင်သည်။

ပဉ္စမအကြိမ်
အမတ်ကြီး၏စာကို မသတ်ခင်ကဆက်ကောင်းလျက်
သတ်ပြီးမှ ဆက်ရာသလောဟု
အာဏာသားတို့ကိုသုတ်သင်သည်။

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

နရနီ

Labels:

နှာဘူးများ

တင်ပါးများသည်
တောင်ကုန်းတောင်တန်းများကို ဖြိုလဲပစ်နိုင်ပါသည်။

ရင်သားများသည် ကျောက်တုံးကျောက်ခဲများကို
အရည်ပျော်စေနိုင်ပါသည်။

သားအိမ်များသည်
လောကကြီးကိုပင် ပြောင်းလဲပစ်နိုင်ပါသည်။

ယောက်ျားသားများ
ဖင်ခေါင်းကျယ်နိုင်ကြပါပြီ။

နရနီ

Labels:

အရက်သမားဖေဖေ

ကမ္ဘာကြီးက ပညာတတ်အရူးတွေနဲ့ ပြည့်နှက်နေပြီး
လောကကြီးဆိုတာ အသံတိတ်ရွာနေတဲ့မိုးပါကွာတဲ့။

ငါဟာ လူတော်လည်းမဟုတ်ဘူး။
ငါဟာ သူခိုးကြမ်းပိုးလည်းမဟုတ်ဘူး။

မြို့ကြီးကိုနောက်ခံထားပြီး
တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ်။

စားပွဲခုံအိုအိုတွေပေါ်မှာ
ရေနဲ့ ကြယ်ပုံတွေ တစ်ပုံပြီးတစ်ပုံရေးဆွဲခဲ့တယ်။

ဗန်ဂိုးပန်းချီကားလိုပဲ
ငါ့ကို ဘယ်သူမှ နားမလည်ပါဘူးကွာ။

လူတွေရဲ့အကြောင်းကိုမလှောင်ပါနဲ့ အကောင်းမြင်ပါ
မင်းဘာလုပ်သင့်သလဲဆိုတာသိလိမ့်မယ်တဲ့။

ပန်းတွေကို နမ်းခဲ့သလို
ကျွန်တော်တို့ပါးပြင်တွေကိုလည်းနမ်းခဲ့ပါတယ်။

ဟိုးတုန်းကပေါ့
ကျွန်တော်တို့မှာ တောအုပ်ကြီးတစ်ခုရှိခဲ့တယ်။

နရနီ

Labels:

အမည်မသိရှေးစာဆို

လူတော်လူကောင်းဖြစ်ရမည်။
လူတော်လူကောင်းဖြစ်ရမည်။

တစ်နေ့ကျရင်
ကျွန်တော်ဟာလူတော်လူကောင်းဖြစ်ရမည်။

နရနီ

Labels:

ထွေးခံထဲ ရဲ ရဲ

ဖရဲသီးလည်း မရဲ
သွေးလည်း မရဲ
ဇာတ်သိမ်းခန်းမှာ ရဲရဲ ပြောဖို့ ဘယ်သူမှ မရဲ

ထွီခနဲ မြည်အောင်
ထွေးဖို့
ငါတို့ ကွမ်းစားကြပါစို့ ။ ။

မိုးရင့်ကြယ်
၂၁ . ဒီဇင်ဘာ . ၂၀၁၉

Labels:

သစ်ပင်လေးတစ်ပင်အကြောင်း

အစွဲအလမ်းမှာ ရင့်ရော်ဝါကျင်နေရတဲ့ သစ်ရွက်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

သိမ်ငယ်မှုမှာ စိမ်းစိုဝေဖြာနေရတဲ့ အကိုင်းအခက်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

လူသူမသိတဲ့သက်ပြင်းနဲ့ အမည်မဖော်လိုသူ ရေသောက်မြစ်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

သစ္စာတရားမှန်ရင် ခြမစားဘူးရယ်လို့
ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတဲ့ ပင်စည်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

ခင်ဗျားတို့လည်း သိမှာပါ
အချစ်က ဖျားယောင်းရခက်တယ်
ကျွန်တော်က သစ်ပင်လေးတစ်ပင်
သူ့စိတ်နဲ့ ဝေတယ်
သူ့စိတ်နဲ့ ကြွေတယ်
အခုလည်း
ဖြတ်သွားဖြတ်လာ လေညှင်းလေးကို လူကြုံပါးနေရတဲ့ အကြောင်းအရာ
ခင်ဗျားတို့လည်း သိမှာပါ ။ ။

မိုးရင့်ကြယ်
၂၀၀၅ ၊ ဖေဖော်ဝါရီ

Labels:

အရူးအမူး

နို့ဆီခွက်ကို လည်ပင်းမှာချိတ်ပြီး
သူ့အိမ်ရှေ့သွားထိုင်မိတယ်
လည်ပင်းမှာ ခြူကလေးဆွဲထားတဲ့
သူ့အချစ်တော်ခွေးလေးက
တချွင်ချွင်မြည်အောင် ဟောင်တယ်

လက်ညစ်ပတ်ကြီးနဲ့ ခူးလာတဲ့နှင်းဆီ
လူကြားသူကြားပေးမိတော့
မတန်မရာ
အသည်းမရှိတဲ့အတိုင်း
အရူးစကားဟာ ရယ်စရာဖြစ်လို့
သူ့မျက်စောင်းမှာ ပါးရှစ်စိပ်ကွဲလို့

အရူးဟာ မီးဝိုင်းတော့တာပဲ
လမ်းထိပ်အုတ်ခုံမှာ
တွေ့ကရာနံရံမှာ
မီးသွေးခဲနဲ့ အသည်းပုံတွေဆွဲလို့
မခင်နှင်းဆီ သီချင်းကို အကျယ်ကြီးအော်ဆိုလို့

အရူးဟာ နေမြင့်နေပြီ
စကားတွေ တယောက်တည်းပြော
နို့ဆီခွက်ထဲ နှင်းဆီကိုင်းခြောက်ကြီးထိုးစိုက်လို့
အခုပဲ ပွင့်လာတော့မယ့်အတိုင်း
တွေတွေကြီး ငေးနေလိုက်ပုံများ
တချွင်ချွင်မြည်တဲ့ခွေးကလေးတောင် အသံတွေပြာလို့ ။ ။

မိုးရင့်ကြယ်

Labels:

နံနက်ခင်းလေ့ကျင့်ခန်း

မင်းခြေဖဝါးအစ ခေါင်းအဆုံး
မင်းဆံနွယ်တမျှင်မှသည် နှလုံးသည်းပွတ်အထိ
စီးဆင်းလည်ပတ်သော သွေးများအလယ်
ခေါင်း ခါး ခြေ လက် တခုခုက စရတယ်

အချစ်ဟာ မြူနှင်းမကျလည်း အေးမြ
နွေကန္တာလို့ပြောလည်း
မေတ္တာတရားမှာ အရိပ်စစ်စစ်
မိုးထဲ
စိုစွတ်သောအနမ်းနဲ့ နွေးနေ

နေမင်းဆီမျက်နှာမူထားသော နေကြာလို
ငါလည်း မင်းဆီ အမြစ်တွယ်ရတယ်
သည်မနက်
ကျန်းမာရေးဂရုစိုက်ဖို့ မင်းပြောလာတော့ ။ ။

မိုးရင့်ကြယ်
၂၀ . ၂ . ၂၀၂၀

Labels:

မူးစုပဲစုကဗျာ

ရှိတာလေးနဲ့ ချစ်ရှာတယ်
မရှိတာကို အပြစ်မပြော
စုစုပီး ဝမ်းနည်း
မင်းမျက်ရည်မှာ ငါ့ကဗျာရွှေဖြစ်
အနုပညာလို့ ပြောရင်
မင်း ရယ်မယ်
ပျော်စရာဟာ ဈေးကြီးတယ်လို့ ငါရေးဖူးတယ်
အခု ငါတို့ကြားက နားလည်မှု အရုပ်ကလေး
သမီးလေး ယူဆော့နေတဲ့အခါ
ပြုံးပီးငေးနေရတဲ့ ကမ္ဘာ
စုစုဆောင်းဆောင်း ငါတို့ရခဲ့တာ ။ ။

မိုးရင့်ကြယ်
၂၀ . ဖေဖော်ဝါရီ . ၂၀၂၀

Labels:

အာလူးကြော်

နားငြီးတယ်

လျှာမှာ အမှတ်မရှိ
ပူသည် အေးသည် နေ့စွဲမသိ

တီဗွီကို ပိတ်ပစ်လိုက်ရတာ အရသာ
အာလူးကို ခဏ ခဏ မကြော်နဲ့
ငံတယ်
အာဟာရဟာ နှလုံးသားမှာမရှိတာကြာပီ

ဖေမြင့်စာအုပ်
ရောင်းအားကောင်းတယ်
ပြည်ရွာ အနှံ့
ပြန်ကြားရတယ်

အ အာ အား ။ ။

မိုးရင့်ကြယ်
၂၀ . ၂ . ၂၀၂၀

Labels:

ကဏန်းချဉ်စပ်

စားဖိုမှူးက နှာခေါင်းစည်းအုပ်ထားတယ်
ကန့်လန့်တိုက်
အော်ဟစ်ကြမ်းတမ်း
ဒေါသတကြီး
တဇွတ်ထိုး
လူပါးဝ
ချက်ပြုတ်ပုံ ဆန်းကြယ်

အစိတ်သားဟာ အရသာမဲ့
ကိုယ်ထည်ထွားထွား ဉာဏ်ရည်သေးသေး
အညွှန်းအတိုင်း ချက်ပြုတ်လာပုံ
စာအုပ်ကြီး တကိုင်ကိုင်

ကဏန်းဟာ စိတ်ကြီးဝင်ပီ
သည်စားပွဲမှာ မရှိမဖြစ်ဟင်းလျာဟာ သူပါဆိုပဲ
သူဟာ အရသာကို အချိန်မီထိမ်းသိမ်းခဲ့သူလည်းဖြစ်ပါသတဲ့

ကဏန်းဟာ တကျပ်သားမှ မလျော့ချင်ဘူး
လာရာလမ်းကိုလည်း မပြန်ချင်တော့ဘူး
တိုးတိုးပြီး အဆီတဝင်းဝင်း
မျက်နှာပြောင်တိုက်လို့

ကဏန်းဟာ တခုခုဆို
စားပွဲကိုပဲ ကောက်လှန်ပစ်မှာလိုလို
မီးဖိုချောင်တခုလုံး ပြန်သိမ်းလိုက်မှာလိုလို ခြိမ်းခြောက်စကားဆိုလို့

ကဏန်းဟာ ရယ်ရတယ်
သည်သောင်ပြင်ကို ဆောက်ခဲ့တာ ဘယ်သူလို့ထင်ပါသလဲတဲ့
ပင်လယ်ဆီ မေးခွန်းတရွယ်ရွယ်

ကဏန်းဟာ ကဏန်းပီပီ ဘေးတိုက်
ကဏန်းဟာ ကဏန်းပီပီ နောက်ကြောင်းပြန်ခိုင်းမှာ ကြောက်ရွံ့
ကဏန်းဟာ ကဏန်းပီပီ သူ့ချက်ပြုတ်စားရိတ်က ကြီးလွန်း
ကဏန်းဟာ ကဏန်းပီပီ လက်ကိုပဲ အားကိုး

ခက်ပီ
ငါတို့မှာလည်း
နှစ်ခြောက်ဆယ်ကျော် သွေးတိုးရောဂါကြီးနဲ့
ကဏန်း နဲ့ မဖြစ်ဘူး
တယောက်ယောက် ကဏန်းချဉ်စပ်လို့ မှာလိုက်ရင်ကို
ကဏန်းချဉ်ဖတ် ရယ်လို့
ကြားကြားပြီး အလန့်တကြား ငြင်းမိတယ် ။ ။

မိုးရင့်ကြယ်
၅ မတ် ၂၀၂၀

Labels:

ခုနှစ်ရက် သုံးလ

သည်နေ့ကို ငါရပြန်ပီ
လူမစုံတော့တဲ့ ရက်စွဲကြီး ငါ့ကို ရှိုက်ဖွာလို့
မီးတရဲရဲ
ခပ်ဖွဖွနင်းနေရတဲ့ ခေတ်ကြီးထဲ
အကျအဆုံးများလိုက်တာကွာလို့
သတိရစိတ်မှာ အလံတဝက်လွှင့်လို့

အဖေ နဲ့ ချစ်သူငယ်ချင်းအချို့
အခုထိ ပြန်ရောက်မလာကြတော့တဲ့အခါ
သည်မနက်ကတော့
ငါကန်တော့စရာ လူတစ်ယောက် မရှိတော့သလို
သည်ညမှာ
ငါငှဲ့ပေးစရာ ဖန်ခွက်တချို့ ပျောက်ရှခဲ့ရ

အငိုလွယ်သူ နေ့စွဲတစ်ခုလား
အမှောင်ထဲ
ငါမပျော်တော့ဘူးလို့
ရယ်ရယ်မောမော ဘယ်သူ့ပြောရမလဲ
အခုလိုမျိုး ခုနှစ်ရက် သုံးလ မှာ
မွေးနေ့လို့ ပြောလည်း ။ ။

မိုးရင့်ကြယ်
မတ် . ၇ .

Labels:

အနက်

ရပ်တန့်မရတဲ့စီးဆင်းမှုကို
အိပ်မွေ့ချပြီး
ချောက်ကမ်းပါးထဲတွန်းချတော့
ရေတံခွန်ဖြစ်လာတယ် ။
ဘယ်အထိလဲဆိုတော့
သက်တန့်အထိပါ ။
ရေရဲ့သိပ်သည်းမှုကို
မင်းသိရစေ့မယ်
ရေကနက်တယ် ။ ။

ဝင်းမြင့်
၇ ၃ ၂၀၂၀
မနက်ဖြန်တပေါင်းလပြည့်

Labels:

06 March, 2020

တနင်္လာနေ့ တောလမ်းကလေး


မမြင်ရတဲ့မင်နဲ့ရေးထားတဲ့ ဖြစ်တည်မှုထဲ
ဘဝဟာ ဆူးတွေ တန်းလန်းနဲ့ စိမ်းစို
တံလျှပ်တွေက ယုန်ကလေးတွေဖြစ်တော့
တောင်ခြေကုန်းမြင့်တစ်ခုလုံး ပျော်စရာစီးဆင်း
ချုံပုတ်တွေ ဖြစ်တဲ့အခါ အသက်ရှုသံအမှောင်တွေ
တဖွဲဖွဲ လေးလံပိကျ
ပျားရည်စုပ်ငှက်ကလေးရဲ့ အသံအိုးပေါ်ပူနွေးတဲ့
ကြိုးကိုတုန်ခါရင်း
သရက်ကင်းရနံ့တွေ အော်ခေါ်ချင်သေးလို့။ ။

မောင်ဆေးရိုး
စတိုင်သစ် မဂ္ဂဇင်း
မတ် ၂၀၀၂

Labels:

ဆူးလေလမ်းတဝိုက်

ရေခဲရေ ခွက်ခေါက်သံ
ကားများ ဟွန်းသံ
ခိုတွေ အလန့်တကြား ထပျံသွားကြပေါ့
ဆယ်စုနှစ်များထဲ
လူနေထူထပ်
တဦးနဲ့တဦး ပျာယာခတ်ကြ
မြို့ပြမိုးတိမ်
ဂုံးကျော်တံတား
စာအုပ်အဟောင်းတန်း ... ဖြတ်သန်းခဲ့ပြီးနောက်
တခါတရံ အားငယ် စိတ်ဓာတ်ကျ ...
တခါတရံ ရဲရင့် ...
ခေတ်ရဲ့ လှေကားထစ်ပေါ်မှာ
အပတ်စဉ်ဂျာနယ်များ
ဆန္ဒပြပွဲများ
ကင်မရာ မီးရောင်များ တဖျပ်ဖျပ် ...
လူငယ်လေးတယောက်ကတော့
အားလုံး ရ ရင်ရ
မရရင် ဘာမှမယူဘူးဆိုတဲ့ ကဗျာစာသားတွေ
လိုက်ဝေနေလေရဲ့ ။ ။

မောင်ဆေးရိုး

Labels:

ဘတ်စ်ကားပေါ်မှာ

ဒါကို ကျွန်မသိတယ်
လိုအပ်လို့
တယောက်အရိပ် တယောက်နင်းထားရ။

ဒါပေမယ့်
ကမ္ဘာကြီးက မငြိမ်ဘူး
ဘတ်စ်ကားတစီးက မငြိမ်ဘူး။

ရှင်နည်းနည်း ခွာရပ်ပေးပါ

အခွင့်အရေးများ
မတော်တဆများ
မတရားမှုများ
မငြိမ်ဘူး

ရှင်နည်းနည်း ခွာရပ်ပေးပါ
မျက်လုံးနဲ့
ကျွန်မ
လူတယောက်ကို လည်လိမ်ချိုးမလို့

စိတ်ကူးနဲ့
ကျွန်မ
လူတယောက်ကို
ကားဘီးတွေအောက် ပစ်ထည့်မလို့။

ကျွန်မဟာ
ကျွန်မ ဝါယာတွေထဲ
ရှုပ်ထွေးစွာ တိုးဝင်လို့

ကျွန်မ သွားနေတယ်
ဘယ်သူမဆို အသေးအမွှား
ကျွန်မဟာ
ပြန်လာမယ့် ပြန်အမ်းမယ့်
၁၀ တန်တရွက် ပြန်စောင့်မယ့်သူမဟုတ်ဘူး။

အိမ်မှာ
ကျွန်မဟာ
ပြတင်းပေါက်တပေါက်
ကျွန်မဟာ
၄ ပေ မီးချောင်း တချောင်းပဲ။

ရှင့်ရာဂ
ရှင့်ကြွက်သား
ရှင့်အလကားတွေ ကျွန်မစိတ်မဝင်စား
သတ္တိရှိရင်
တလွှာချင်းချွတ်ကြည့်

အရိုးဟာ
မြည့်အောင်သွေးထားတဲ့ဓားလို
ခုန်တက်လာလိမ့်မယ်

သွေးဟာ
အက်ဆစ်လို ရေနံစိမ်းလို သဘာဝဓာတ်ငွေ့လို

အမှောင်မှာ
ကျွန်မကို မီးပုံရှို့ကြည့်
ကမ္ဘာကြီး ထိန်လင်းသွားလိမ့်မယ်
ဒါကို ရှင်
ငရဲပြည်က ကောင်းကောင်းလှမ်းမြင်နိုင်လိမ့်မယ်။ ။

ခရမ်းပြာထက်လူ

Labels:

ဖြည်းဖြည်းချင်း လျှောက်

မင်းကိုကြည့်ရတာ
မသိမ်းရသေးတဲ့ မြို့လိုပဲ
ဒုတိယအကြိမ် ပြန်ရိုက်ထားတဲ့ စာအုပ်လိုပဲ

အိုင်းစတိုင်းလိုလို
ဂက်စ်မီးတောက်လိုလို

ကိုယ့်လူ
ဓားခုတ်ခန်းတွေ နည်းနည်းလျှော့။

ငါတို့ ထိုင်နေတာ
နိုင်ငံတကာ ဆေးရုံရှေ့၊

ငါတို့ ထရယ်လို့
ပိတောက်တွေ ထပွင့်တာ။

ထင်တာကို ထင်သလို ထပြောရင်
ထင်းခြောက်က မီးထတောက်ရုံပဲ။

ကားဘီးတွေ
လေသွန်ချရုံနဲ့
လမ်းကို ပိတ်ဆို့လို့ မရ။

မိုးသီးမိုးပေါက် ကျသလို
မြို့ထဲ
မင်းနာမည်တွေ ထွက်ကျ။

ကိုယ့်နာမည်
ကိုယ် ထိုးရောင်းလို့ရတဲ့ ခေတ်လား။

ကိုယ့်လျှာကိုယ် ဖြတ်မိတဲ့အခါ
ဘတ်စ်ကားတွေ ထိုးရပ်
အချိန်နာရီတွေ ထိုးရပ်
မင်း စပ်ဆိုထားတဲ့ ကမ္ဘာကြီးလည်း ထိုးရပ်။

အဲဒီစားပွဲပေါ်
မင်းနာမည် တပ်ထားလိုက်။

စောင့်နေ။
ဖြည်းဖြည်းပေါ့
ငါ မင်းကို သဘောတူပါတယ်။

နောက်တစ်ပတ် တနင်္ဂနွေမှာ
ရေးလက်စတွေ ရပ်
ငါ မင်းနဲ့ မြို့ထဲသွားဖို့ သဘောတူပါတယ်။ ။

ခရမ်းပြာထက်လူ
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
၂၀၀၄

Labels:

ဆောရီး စံနီဦး

မိသားစု ခံတပ်ရှေ့က ဒိုင်းမြားလား
ရန်သူ့မျက်လုံးထဲ ခုန်ဝင်မယ့် သဲတစ်ပွင့်လား။

ငါ့အတွေးမှာ သစ်ပင်နံ့ရသလို
ကြယ်ကြွေနံ့လည်းရတယ်။

စိတ်ကိုလှုပ်ချနေတဲ့ စီးကရက်ကလည်း
ပြာမကြွေခင် ပြေလည်မှုကို ပြောမသွားနိုင်ဘူး။

ငါ့အခန်းက လျှံထွက်သွားတဲ့ ဥတုရာသီ
ဘယ်တောကို မီမလဲ။

အခန်းကတော့
မြွေတစ်ကောင် မြွေမျိုခံရသလို ကျန်ခဲ့။

မင်းလည်း ငါ့လို
မနက်မိုးလင်းရင် တစ်ကိုယ်လုံး နံစော်နေတဲ့အချစ်နဲ့
မျက်နှာကြောတင်းတင်း လ္ဘက်ရည်တစ်ခွက်နဲ့
အဆင်မပြေမှုကို စက်ဘီးပေါ်တင်လို့
အလိုဆန္ဒကို ကားတိုက်ခံဖို့ ထွက်လာဦးမယ် ။

အလိုဆန္ဒက
ဘယ်တော့မှ လိပ်ပတ်မလည်ဘူး မဟုတ်လား။

မန္တလေးမှ ရန်ကုန်သို့
အာရှမှ ဥရောပသို့
ခုဘဝမှ နောက်တစ်ဘဝသို့
အဲ့သလို ဈေးကြီးနေသယောင်နဲ့
ငါတို့က အင်မတန်ဈေးပေါတဲ့ ရွက်သင်္ဘောတွေလား။

တနင်္ဂနွေတောင် လေအေးစက်နဲ့
ကျွန်ပျူတာ ဒစ်ထဲ ရောက်ပြီ။

ငါတို့မှာ အဆောင်အဖွဲ့တွေနဲ့
အနှောင်အဖွဲ့တွေနဲ့
ဂူဝ လှည့်ပြန်နေရသလို လေးလံမှုတွေနဲ့

ငါတို့ ဆိုတာက
ပင်လယ်ဆီ ပျံသန်းမယ့် မီးပြတိုက်
မြို့က မေ့ကျန်ခဲ့တဲ့နာရီများလည်း ဆိုကြပါစို့။ ။

ခရမ်းပြာထက်လူ
( ငါတို့လူငယ်ဘဝ ကဗျာစာအုပ် နှင့်
SORRY ကဗျာ ပေါင်းချုပ်မှ.....)

Labels:

ကျန်းမာအောင်နေထိုင်နည်း

လူတယောက်ပါးစပ်ထဲမှာ
အင်္ဂလန်က သူရဲနီတွေ။

တနင်္ဂနွေ
ကျောနံပါတ် ၁၃။

လမ်းဘေးမှာ
တိုက်စစ်အားကောင်းတဲ့ စိန်ပန်းနီနီတွေ။

Big Boss ရေသန့်ကားတွေ
ဖြတ်မောင်းလို့။

လ္ဘက်ရည်ဆိုင်မှာ
သတင်းစားအပြင်
နောက်ထပ် အငြင်းပွားသံတွေ။

ရေပက်မဝင်အောင်
စီးပွားကောင်းနေသူရဲ့ ဖုန်းမြည်သံ။

ရပ်ကွက်
ဘယ်တော့မှ ရပ်လို့မရတဲ့ ရပ်ကွက်။

အရာအားလုံး
ထမ်းထားရတဲ့ ရပ်ကွက်။

အလို
ခင်ဗျားက ချာလီချက်ပလင် ခြင်္သေ့လား
စွမ်းပါဘိ။

ခင်ဗျားက
မစ္စတာဘင်းကိတ်လား
ဆန်းပါဘိ။

ရယ်စရာကို
ဒီလို လွယ်လွယ်ရနိုင်သလား
ခန်းနားပါဘိ။

ဒါ တယောက်ယောက်ကို ရန်စနေတာလား။

နေမြင့်လေ
အရောင်လွင့်လေတဲ့ ရပ်ကွက်။

ခင်ဗျားကတော့ထင်မယ်
ရစရာ တမူးတပဲနဲ့
လူ့ဘဝ လာထိုင်နေရတယ်လို့။

အရောင်လွင့်ဘဝ
အရောင်လွင့် ဂျင်းဘောင်းဘီဆိုတာ ငါတို့ပဲ။

ဒါကိုပဲ
ခင်ဗျားတို့ အမြတ်တနိုးဝတ်ဆင်ကြ။

ကျာပွတ်သံဟာ
ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း ငါတို့ သိပါရဲ့။

ငါတို့ဟာ
မြင်းတွေကို ရိုက်ရတယ်
ငါတို့ဟာ
မြက်တွေကို ခုတ်ရတယ်။

ရစရာမရှိ
ရော်စရာရှိရမယ်ဆိုတဲ့ ဘဝမှာ။

ငါတို့က
အရသာမရှိသော ကိုယ်နေကိုယ်ထား
အရသာမရှိသော ခေါင်းပြတ်
အရသာမရှိသော အန္ဓ
မလိုချင်ဘူး
ရွေးစရာမရှိရင်
ဒီလမ်းပဲပေး ဆိုတာတွေ။

ငါတို့ဟာ
သီချင်းတွေ ဖြစ်သလိုဆိုနေလည်း
ထိုင်မြဲ။

ကားတွေ ထင်သလိုမောင်းနေလည်း
ထိုင်မြဲ။

စကားတွေ ထင်သလိုပြောနေလည်း
ထိုင်မြဲ။

ငါတို့ရပ်ကွက်မှာ
ငါတို့လမ်းကို
လွင့်အောင် တိုက်နိုင်မယ့် လေ
မရှိသေး။

ငါတို့ဟာ
သွေးအေး သတ္တဝါ
လ္ဘက်ရည်ဆိုင်ဆိုတာ
ငါတို့ရဲ့ ကမ္ဘာဦး မီးပုံပါ။

ခရမ်းပြာထက်လူ
၂၀၀၅
ဗြူးတီးမဂ္ဂဇင်း

Labels:

ဘုရားသခင်မွေးထားတဲ့ခွေး



မင်းဟာ သဲတရှပ်ရှပ်ကုမ္ပဏီရဲ့ ဝန်ထမ်းကောင်းပဲ
ငါ့အိပ်ရာပေါ်ဉာဏ်နီဉာဏ်နက်တွေ ဝမ်းသွားတယ်။

အိမ်မရှိယာမရှိပေမယ့်
သေနတ်ပင်ကြီးမှာအောက်မှာ ခေါင်းတလားရောင်းဝယ်ရေးရှိတယ်
မြင်းပုလေးစစ်ဦးစီးချုပ်ဟာ မြေဇာမြက်တွေ ပလုပ်ပလောင်း
သင်္ကန်းစီးလာတဲ့ တက္ကဆတ်ကကောင်းဘွိုင်တွေကို စားနေတယ်။
ပြည်တွင်းစစ်ထုတ်လုပ်ရေးက
အမြတ်ငွေ အမြောက်အမြားရရှိနေတယ်။
ဈေးချိုမှာရော နာရီရှိသေးလား နာရီထဲမှာရော မန္တလေးရှိသေးလား
လက်ဖျံပေါ်ကနဂါးတက်တူးဟာ စအိုဝထဲတွန့်လိမ်တိုးဝင်သွား
တစ်ခါသုံးဓားပဲသုံးပါ ငါနဲ့ဆက်ဆံရင်
လိင်ချင်စိတ်ဟာ ရုန်းကန်နေရ ရန်ကုန်ရော သေပြီလား။
ကမ်းစပ်မှာ လိင်တခုလပ်နဲ့ ငါလည်းထိုင်နေ
သူ့ကို ဝဋ်ကြီးဝဋ်ငယ်နဲ့မျောလာတာတွေ့ရ။
ညမထွက်ရ စီးကရက်ဟာ
မနူဟာဘုရားထဲဝင်အိပ်နေ။
အောက်ဖဲတွေသေနေ။
ပွန်းတွေ အသေလိုက်နေရ။
wow !!!
သူမရင်သားပေါ်မှာ
ကြောင်တွေရေချိုးနေကြစဲ။
တင့်ကားနဲ့ဆွဲမခေါ်ပါနဲ့ဗျာ
အပ်ချည်ကြိုးကလေးနဲ့လည်းလိုက်ပါတယ်။
စောက်ကြီးစောက်ကျယ်ဟာ
နတ်ပြည် ၆ ထပ်မှ စားချင်သတဲ့
စင်္ကာပူမှာကျိန်းတုန်းက ဂျပန်မှာဈာန်ရတုန်းက
အမေရိကားနဲ့ နော်ဝေမှာသိမ်တက်တုန်းကနဲ့
မြန်မာမှာ ငရဲကျတာကိုထည့်မပြောဘူး။
ငါလည်း
ဝါယာကြိုးတွေနဲ့ ရေထဲအတူတူဖြတ်လျှောက်ဖူးပါတယ်ကွာ
ရေအောက်ရှုခင်းထဲ ကန္တာရတွေအဝအပြဲ စားဘူးပါတယ်ကွာ
ဓာတ်လှေကားကြီးပြုတ်ကျလို့
အတောင် ၂ ဖက် ကြွပ်ကြွပ်အိပ်ထဲထည့်ပြီး ရေကူးပြန်ခဲ့ဘူးပါတယ်ကွာ။
ဂြိုဟ်သားကြီးတွေက လူသတ်တာ ရုပ်ရှင်ထဲမှာထက်ပိုလွယ်တယ်ဆိုနေတုန်းပဲ
ဂြိုဟ်ကောင်ကြီးတွေရဲ့အာငွေ့တွေနဲ့ဆောင်းဟာ စောင်ရေထိုးတက်နေတုန်းပဲ။

မအေပေး
Gun N' Soldiers တွေ

ခရမ်းပြာထက်လူ

Labels:

သေနတ်ပစ်ပွဲ_ကျည်ဆန်ရွတ်ပွဲ_မုသားဝါဒနိုင်ငံတော်


သေနတ်က နတ်စကားထွက်လို့ ရောဂါကိုင်အင်းဆက်အုပ်စု
ဖာသည်မပါးစပ်က ကွန်ဒုံးတွေပျို့ပျို့အန်
ကျည်ဆန်ပေါ်ကယင်ကောင် ဘယ်ကြောင်ခုတ်မလဲ
စားသုံးသူ ငါးဖယ်ထဲ ဂျင်းတန်ချိန် သန်း ၅၀ ထည့်။ အစိမ်းရောင်စပါးခင်း
အပေါ်မှာ ကျိုင်းကောင်ပါတီ သီးနှံဖျက်ပိုး။
နှစ်လိုဖွယ် မိန်းမလှကျွန်းပေါ်မှာ
ကြွေပန်းကန်တွေကျကွဲမှု စိန်ပန်းတွေဖွေးဖွေးလှုပ်ဆဲ
ပေါ်ဝေါ်ကာကြွပြီးနောက် နောက်ထပ်ဗင်းဒီဇယ်
ကိုယ်ဆွဲယူသလို ကားတွေက လမ်းနောက်လိုက်ပါ့မလားမိန်းကလေး။ ။

ခရမ်းပြာထက်လူ
၂၆ ၊ ၂ ၊ ၂၀၁၇

Labels:

အိုဘယ့် ငါ့မဟာရန်ကုန်တော်


စိမ်းမှောင်ကြည်လင်တဲ့ ရင်သားပေါ်စစ်/ မြင်းတပ်ကြီးခုန်ချ
အသည်းပေါက်သလို ပွက်ကနဲ ပွက်ကနဲ ပွက်ကနဲ မြစ်ဆီက
သွေး (သို့မဟုတ်) ဝိဉာဉ်တို့ ခုန်ခုန်ပြီးတက်သွားကြ၊မြင်လား ၊ မြင်သားပဲ
ကမြင်းသား ကဆုန်ပေါက်ကာ ဒီမြင်းရိုင်းတွေပြေးသွားတဲ့လမ်းတစ်လျှောက်
မြစ်ဟာ မနာကျင်ပဲပိုလှလာပုံအကြောင်းလည်း ငါတို့အသေခံဖွဲ့ကြတယ်
ဝေါ့ရှိတွေ ပိုစတာတွေ ဂျာနယ်မဂ္ဂဇင်းတွေ နဲ့ အိမ်နံရံတွေမှာ
သမိုင်းအထောက်အထားတွေနဲ့ မိုးလင်းမိုးချုပ်ရေဒီယိုတွေ
ပြီးတော့ လက်ဖျံရိုးတွေပေါ်မှာတက်တူးတွေအဖြစ်နဲပေါ့ အိုဘယ့် မဟာရန်ကုန်တော်။

ပြောရဦးမယ်
ရန်ကုန်ရဲ့ ကားကြိုကားကြားမှာ စက္ကန့်တံလေးတစ်ချောင်းပြေးမရသလို
ရန်ကုန်မှာ လမ်းတွေပြေးမရတော့ဘူး
ရန်ကုန်မှာ ယမ်းတွေကုန်သွားပြီလား မေးကြစမ်းကြ
ရန်ကုန်မှာ ရမ်းနေကြတုန်းပဲလို့လုလုပြီးအော်ကြ
ရန်ကုန်မှာ လွှတ်နော် ရှင် ကျွန်မကိုလွှတ် လွှတ်စမ်းပါတော် လွှတ်တော်
ရန်ကုန်မှာ လွှတ်တော်နေတဲ့သူတွေရှိနေရဲ့သားနဲ့ ဘေးကွဲတွေ သွေးကွဲနေတာတွေ
မြင်ရတော့
ရန်ကုန်မှာ ဘယ်တော့မှရန်မကုန်တော့ဘူးလားဆိုတာကိုတွေးမိရင်း စိတ်မကောင်း
ရန်ကုန်မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတဲ့ မျိုးချစ်စိတ်ဓါတ်များ
ရန်ကုန်မှာ ဂိုးပေါက်မရှိပဲစွတ်ကန်သွင်းနေတဲ့ ခြေထောက်များ
ရန်ကုန်မှာ နာမည်ဝှက်တွေ ဂျေကိုက်ပြီး ချိုင့်ထဲကျနေတဲ့မစ္ဆေရိယ မုဆိုးတွေ
ရန်ကုန်မှာ ပြည်ကြီးငါးတွေ ပြည်ကြီးငါးတွေ ပြည်ကြီးငါးတွေ
ရန်ကုန်မှာ ရုံတင်တော့မယ့် ၂၀၁၅ ၂၀၁၅ ၂၀၁၅
ရန်ကုန်မှာ ရုန်းကန်ဖို့ နယ်ကချီတက်လာ ရုံပွင့်ရုံလျှံတွေ
ရန်ကုန်မှာ ရတာအကုန်ယူမယ်နဲ့ ရှိတာအကုန်ထုတ်များ
ရန်ကုန်မှာ ဒီတစ်ကြောင်းပြီးရင် နောက်တစ်နပ်မရှိတော့ဘူးများ
ရန်ကုန်မှာ ကားပေါတယ် တံတားပေါတယ် ဦးနှောက်နဲတယ်
လမ်းတွေမျော့မျော့လေးပဲကျန်တော့တယ်
ရန်ကုန်မှာ လမ်းတစ်ခြမ်းနဲ့ အသည်းဗြန်းဗြန်းကွဲပြီးတဲ့နောက်
ဂဠုန်ဦးစောအပြင် နောက်ထပ် နဂါးစံလင်းတွေနဲ့
ရန်ကုန်မှာ အချင်းချင်းချိန်းရိုက်နေတဲ့ ဟိုငနဲတွေအကြိုက်ပွဲကြီးပွဲကောင်းများ
ရန်ကုန်မှာ ကမ္ဘာရဲ့ ကဗျာဘက်တော်သားများသွေးတဆူဆူ မူတကွဲကွဲ
ရန်ကုန်မှာ တိတ်ဆိတ်နေသောမီးတောင် ဘယ်မှာလည်း
ရဲရဲတောက်ငြိမ်းချမ်းရေး ဘယ်မှာလည်း
ရန်ကုန်မှာ လိုက်ပွဲတွေတထပ်ကြီးနဲ့ ပွဲတွေများတယ် များတယ်ပွဲတွေ
ရန်ကုန်မှာ ဇာတ်သမားပြန်ရင် ကျွတ်ကျွတ်အိတ်
ရေသန့်ဘူးခွံ ခုံအကျိုးအပဲ့များနဲ့ ခရုဆံကျွတ်စကားလုံးများ
မကျန်ခဲ့စေချင်ဘူး
ရန်ကုန်မှာ အေးစက်စက် သေသူရဲ့လက်တွေကို ခတ်မယ့်လက်ထိပ်တွေ
ရှင်သူရဲ့ပါးစပ်တွေကိုပိတ်မယ့် မီးသဂြိုလ်စက်တွေ ဒါပဲလား
ရန်ကုန်မှာ ငါတော်ကြောင်းတတ်ကြောင်းနဲ့တွဲရောင်းနေသော
ငါလျှော်ကြောင်း ငါကြောင်ကြောင်း အရေးအသားများ
ရန်ကုန်မှာ ရန်ကုန်ဆိုပြီး ရန်မကုန်သေးသောသူ့နာမည်ကြောင့်
ကမ္ဘာမှာအရှက်တစ်ကွဲအကျိုးနဲနေရမှုကို သူများဝိုင်းဝိုင်းကန်ပြီး
ပြန်ပြန်လာရသောဘောလုံးလို ခေတ်နဲ့ချီသရုပ်ဖေါ်နေတယ်
ရန်ကုန်မှာ စာအုပ်တွေထက် ဟိုကောင်တွေကိုဈေးမလျှော့ပဲရောင်းရင်တောင်
ပြိုက်ကနဲလို့ထင်နေတုန်း စာအုပ်လုပ်ရောင်းလိုက်တဲ့အခါမှာလည်း
တစ်ကယ့်ကိုပြိုက်ကနဲ လိုက်ပွဲတောင်မလိုက်နိုင်ဘူး
ရန်ကုန်မှာ အသွား ၃-နာရီ အပြန် ၃-နာရီ စောက်အဓိပ္ပါယ်မရှိဘူးကွယ့်
ငါ့အချိန်နာရီကိုခါးပိုက်နှိုက်ထားတဲ့ ကားများတက္ကစီ
ရန်ကုန်မှာ နားရွက်ကြီးတွေဖြန့်ခင်းပြီးမောနေရသည်မှာ တစ်မျိုးပြီးတစ်မျိုး
ရန်ကုန်မှာ သွားတွေဖြုတ်လဲထား။ မသွားရတော့ဘူးတွေနဲ့လား။

ရန်ကုန်မှာ မြစ်ရေကြီးခြင်းသတိပေးချက်နဲ့ မျောပါလာသော
ဆင်များ ခြင်္သေ့များနဲ့စောစောက
စွပ်ကနဲခုန်ချခဲ့တဲ့ ရိုင်းသောမြင်း/စစ်များ သစ္စာဖေါက်များ
သမိုင်းကိုခိုးချရင်း စာမေးပွဲကျနေသော လူထုကမ္ဘာမကြေသားများ
ဘာပဲဖြစ်ဖြစ် ရန်ကုန်ကိုချစ်တယ် ရှုပ်ထွေးနေတဲ့ကြားက
ကန်သွင်းလိုက်လိုက်တဲ့ အလှဆုံးဂိုးတွေ ဒီမှာပဲရှိတယ်
ရန်ကုန်ဟာ ငါ့မြို့တော် ရန်ကုန်ဟာငါ့ဘူမိနက်သန် ရန်ကုန်ဟာ ငါ့နိုင်ငံတော်
ရန်ကုန်ဟာ ရန်ကုန်သွားရင်တောင် ဒီလောက်မလှမှာစိုးရမ်နေရသမို့
ငါကြိုးရှည်ရှည်နဲ့လွတ်ထားလိုက်ရတယ်

အိုဘယ့် ငါ့ ရန်သူတော်တွေနဲ့ပြည့်ကျပ်နေတဲ့ ငါ့ မဟာရန်ကုန်တော်။ ။

ခရမ်းပြာထက်လူ
ဇူလိုင် ၊ ၂ ၀ ၁ ၄
အမှတ် ၃၅၊မတ်လ ၊၂၀၁၅ ရယ်စရာမဂ္ဂဇင်း
(တစ်ကိုယ်တော်ကဗျာလေးပုဒ်မှ)

Labels:

ခေတ်သစ်ပန်းချီဆရာ

"ငါက ပန်းချီဆရာ
အသေကောင်ကို အသက်သွင်းတဲ့သူ မဟုတ်ဘူး"
( ဂေါ်ဂင် )

ဟောဒီမှာ
တောကျီးကန်းတကောင်ရဲ့
ကျီးလန့်စာစားနေတဲ့ ပန်းချီကား။

နားရွက်တွေ
မြို့ကြီးထက်မြင့်အောင်တည်ဆောက်
မျက်လုံးတွေ
ကောင်းကင်မှာ ကပ်ထားရတဲ့ ပန်းချီကား။

ငါ ဓါတ်ပုံဆရာ မဟုတ်ဘူး
ငါ တရားဟောဆရာ မဟုတ်ဘူး
ငါ အရိုးကောက်ပြီး
ရောက်တဲ့နေရာခန့်မှန်းတဲ့ သမိုင်းဆရာမဟုတ်ဘူး။

ကြားမိပါစ
သစ်စက်က အန်ထွက်နေတဲ့ အဘိဓမ္မာသစ်ရဲ့အော်သံ။

လက်တည့်စမ်းချင်စိတ်
လက်ထဲထိုးထည့်ပေးသွားသူ ကိုလံဘတ်စ်။

ငါမအားတော့ဘူး
ကမ္ဘာကြီးရေ

၁၈ ရာစု ဗန်ဂိုးရဲ့ ပန်းချီကားတွေထဲ
ငါ့ဇနီးနဲ့ ငါ့သမီးထိုင်နေတာ မဆန်းတော့ဘူး။

ငါက ပန်းချီဆရာ
ရှင်သန်မှုကို သတ်ပစ်နေတာ မဟုတ်ဘူး။

ခရမ်းပြာထက်လူ
၂၀၀၆၊ ရယ်စရာမဂ္ဂဇင်း

Labels:

အရုပ်က_ကြောက်/ကျောက်တုန်း/တုံးထဲမှာ


ဘောလုံး ကန်မလား
စာကြည့်တိုက်ထဲ သွားမလား
ပန်းဘဲဖိုမှာ ဓားသွေးမလား
ငါတို့ ခုထိ
ရိုဒင်ရဲ့ ကျောက်တုံးထဲက မလွတ်မြောက်နိုင်သေး။

ခရမ်းပြာထက်လူ

Labels:

ပထမတော့သိဒ္ဓတ္ထဟာ တောခိုမလို့ပဲ

မင်းဟာဂျာမန် ပြိုင်ကားတစီးဆိုလည်း
ပြင်သစ်မှာ နှင်းလျှောစီးရင်း ခြေကျိုးသွားနိုင်တာပဲ။
ရထားတစီးကို ညစာစားပွဲတခုက
ငါးကင်တကောင်လိုဖဲ့စားနိုင်တယ်
သံလမ်းရဲ့ပါးပျဉ်းကို
ဘယ်သူဆက်နမ်းမလဲဝိုင်ခွက်တွေမြှောက်ပြီးတော့ပေါ့။
မျက်နှာချင်းဆိုင်မှာလာနေတဲ့
မိန်းမဗိုက်သားနဲ့ ရင်သားတောင်တန်းတွေပေါ်
ကိုယ်စီညှစ်ထုတ်လိုက်တဲ့ချွေးနဲ့
ဆားကုန်ကူးကြတဲ့ မဟာခရီးရှည်ပဲလား။
မင်းအတွက် အနီးဆုံးက တိရစ္ဆာန်ဘုံပဲ
မယုံဘူးလား ငါလည်း အခုတစ္ဆေ ဖြစ်နေပြီ။
ရောက်လေရာ အဲ့ဒီသေနတ်က
ဆေးရုံကို ပခုံးပေါ်တင်လျှောက်နေတဲ့ဆေးရုံ
စစ်ခြေထောက်
တံတားရဲ့သွားတွေကမကျိုးတော့ဘူးလား။
အရိုးပေါင်း အသားပေါင်းများစွာနဲ့လုပ်ထားတဲ့
ဟမ်ဘာကာစားပြီး
မြို့ရဲ့ရင်သားတွေကြီးထွားအရွယ်ရောက်လာတာကလွဲပြီး
တစ်ကယ်ဆို ဘဝက
နတ်သုဒ္ဓါခင်းကြီးထဲ မစင်တစက်ပြုတ်ကျနေတာပဲ။
သိပ်မကြောနဲ့
မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်လာတာ
ခင်ဗျားတို့မတိုင်ခင်ကတည်းက ဘုရားက။

ခရမ်းပြာထက်လူ

Labels:

ရုတ်တရက်ကြားဖဲတချပ်ဖြတ်ဝင်လာသလိုဖိုးဇော်ကိုဂျော်နီကပ်တယ်တဲ့

ဂျော်နီဆိုတာက
ပုလင်းထဲက သင်းကွဲထွက် ပုလင်းမှာကပ်ပြီးလမ်းလျှောက်နေတဲ့
ကပ်ပါးပိုးတကောင်
ပုလင်းအရောင်နဲ့ ပါးပြောင်နေသူပေါ့။

ဂျော်နီဆိုတာက
လမ်းမထိပ်မှာ လိပ်ပတ်မလည်အောင်ဆေးခြောက်ရှူပြီး
ငွေသံကြောင့် လိပ်ပတ်မလည်လည်း တိမ်တွေလို မပြိုကွဲခင်
ငြိမ်ငြိမ်လေး စိမ်နဲ့ဇိမ်ကျ လိပ်တကောင်လို လိပ်နေတဲ့ဖျာတချပ်ပေါ့
သူ့ကို ဘယ်သူမှ ယောင်လို့ ခင်းမထိုင်ကြ။

ပုလင်းထဲက ထွက်လာတဲ့ ဂျော်နီဝေါ့ကားလို တခါတခါ
ဘုံဆိုင်အဟောင်းလေးထဲက အသစ်ထွက်ကျလာတဲ့ အန်ဖတ်အသစ်လို
ဂျော်နီဟာ လမ်းရဲ့ ခံစစ်မှူးတွေကို အလုပ်ရှုပ်စေတယ်။

လာသမျှခွေး လူနဲ့ရှူးတိုက်သလို ဆူညံ
မော်တော်ကားတွေရဲ့ ခွန်းတုံ့သံတွေကို ခုန်မရှောင်
လူအုပ်ကြီးရဲ့ တခွန်းမကျန်ခံပြောတာကို ဂရုမစိုက်
ဂျော်နီဟာ လူတန်းစားမရွေး စိန်ခေါ်။

ဟေ့ ကားပေါ်မှာ တသက်လုံးသောင်တင် လမ်းမလျှောက်တဲ့ကောင်တွေ ဆင်းခဲ့
ဟေ့ သေနတ်သာပစ်တတ်ပြီး ဆေးကြ ပြန်မကုတတ်တဲ့ကောင်တွေ ထွက်ခဲ့
ဟေ့ ဟိုချောင် ဒီချောင် ဆေးထိုးစားနေတဲ့ကောင်တွေလည်း လာခဲ့
လူတန်းစားမရွေး ဂျော်နီရဲ့ ဆက်ဆံရေးဟာ သင်းတယ် ပြင်းတယ်ပေါ့။

new blood လေးတွေကို ချူစား ခြောက်စား မြှောက်စား
မိဘတွေက ဂျော်နီကို ကားစင်တင် ကင်စားချင်ကြတယ်။
စီနီယာတို့ရဲ့ ထုံးစံအတိုင်း ဂျူနီယာလေးတွေဆီက ရသလောက်ဖဲ့
ဂျော်နီဟာ C,Am,F,G မသိပဲ
ဂီတာကြီတဒေါင်ဒေါင်နဲ့ မိုက်ကြေးခွဲသလို ဂိုက်ပေးလည်း ကြမ်း
ဂေါ်လီ လမ်းသူရဲ လေနဲ့ ဝမ်းမကွဲ သဲထဲရေသွန် မကောင်းမှုမှန်သမျှမှာ မာရသွန်။

ဂျော်နီဟာ ရပ်ကွက်ထဲမှာ အရိုးကြေကြေ အရေခန်းခန်း ဘယ်အခန်းမှာမှ မပါဝင်ဘူး
သူက မင်းလျှောက်သွားတာ အချိုးမပြေရင် မိုးရေထဲလည်း ပြေးထိုးတယ်ဆိုပဲ
ဂျော်နီ တော်ကီပွားရင် လော်လီကားကြီးတွေတောင်ရပ်ပေးရ
ကြာတော့ ရပ်ကွက်လူကြီးကတောင် သူ့ကို အပူပေးထားရတယ်ဆိုပဲ။

တနေ့ လမ်းထိပ်မှာ လမ်းပိတ်ပြီးရောင်းနေတဲ့ ဂျော်နီရဲ့အမေ မုန်ဟင်းခါးဆိုင်မှာ
ဂျော်နီဟာ တကုပ်ကုပ်နဲ့ လမ်းနဲ့အံဆွဲထဲကပိုက်ဆံကို စုပ်ထုတ်ဖို့ကြံနေတုန်း
ပရာဒိုနဲ့ မာဘိုရိုခဲထားတဲ့သူငယ်ချင်းတယောက် ဂျော်နီကိုတွေ့သွားတယ်
ငယ်သူငယ်ချင်းဟာ မာဘိုရိုကိုဖြုတ်ထုတ်လိုက်ပြီး ဂျော်နီကို ဆွဲထုတ်ခဲလိုက်တယ်
လမ်းဟာ တချက်လူးလွန့်သွားပြီး
ကားဟာ ဆူးတချက်စူးမိသယောင် အော်ဟစ်ထွက်သွားတယ်။

ဒီလိုနဲ့ ဂျော်နီဟာ ရပ်ကွက်ထဲကပျောက်သွား
ဓားသွေးကျောက်ရောင်းတဲ့ကောင်တွေ မျိုးတုံးသွားတယ်
ကလေးတွေ ကျောင်းမှာ အောင်ချက်တွေကောင်းလာတယ်
မိဘတွေရဲ့ ချာတိတ်တွေအပေါ်တပ်ထားတဲ့ ညမထွက်ရအမိန့်တွေ ရုတ်သိမ်းသွားတယ်။

ဒီလိုနဲ့ ဂျော်နီ ပျောက်သွား
ခရီးဝေးထွက်သူများက ဂျော်နီကို ညဘက်ညဘက်
ရန်ကုန်_မန္တလေး ဟိုင်းဝေးလမ်းမကြီးတွေရဲ့ဘေးမှာ လက်တပြပြနဲ့ တွေ့ကြသတဲ့
သူ လက်ပြလိုက်တာမြင်ရရင် သစ်လုံးကား လော်လီကား ထရပ်ကားတွေအားလုံးဟာ
ဒုန်းစိုင်းပြေးလာတဲ့နွားလှည်း ဇက်ကြိုးဆွဲလိုက်သလို ရပ်လိုက်ကြသတဲ့။

လူတွေက ဂျော်နီရဲ့ပခုံးကိုကျော်ကြည့်လို့ အညှော်မိသွားကြသတဲ့
လေးတန်းတောင် မအောင်တဲ့ဂျော်နီ
သရဲနီ ဘောလုံးအသင်းက ကီးပလေယာများတောင်ဖြစ်လာသတဲ့။
ဂျော်နီပြောတာက
သူ့သူငယ်ချင်းဟာ ခြင်္သေ့တွေကို အိမ်မှာ ဆာလာအိတ်နဲ့တောင် ထည့်ထားရသတဲ့။
အဲ့ဒီလို ဂျော်နီဟာ
လေး ငါး ဆယ်နှစ် သစ်ပင်တွေထဲ ပါသွားလိုက်တာ
သစ်ပင်တွေရှင်းတော့မှ လင်းပြီးတော့ သူပြန်ရောက်လာတယ်။

သူ ပြန်ရောက်လာတော့ လူတွေက
ဂျော်နီရဲ့ အကောင်းစားစီးကရက်ကို မီးညှိပေးကြတယ်
ဂျော်နီရဲ့ အကောင်းစားဖိနပ်ကို နင်းမိမှာကြောက်လို့ ခပ်ခွာခွာ အနောက်ကလိုက်ကြတယ်။
ဂျော်နီကို လက်ဘက်ရည်တိုက်ကြတဲ့အပြင်
ဂျော်နီကို မီးပူတိုက်ပြီး သိမ်းထားချင်တဲ့ သမီးရှင်တွေတောင်ရှိရဲ့။

နောက်တော့ ဂျော်နီဟာ ကောင်မလေးတယောက်ကို ယူလိုက်တယ်
ကောင်မလေးကလည်း ဂျော်နီထက် ဂျော်နီအိတ်ထဲကခြင်္သေ့တွေကို ပိုခိုက်မိတာကို။

ပြီးတော့ ဂျော်နီဟာ မုန့်ဆိုင်
လက်ဖက်ရည်ဆိုင် ဆိုင် ဆိုင် မဆိုင်ဆိုင် ဆိုင်တွေ အကုန်ဖွင့်တယ်။
သီချင်းကိုလည်း အကျယ်ကြီး အတောင်ပံကိုလည်း အကျယ်ကြီး
လမ်းမကိုလည်း အကျယ်ကြီးဖွင့်
အင်ဂျင်တွေတုန်အောင် မောင်းနေရင်း တနေ့မှာ
ခေတ်ကြီးစောင်းသွားတယ် မြစ်ကြီး ပြောင်းပြန်စီးလာတယ်
အသံသစ်ကြီးတခုက လွှသွားတခုလို လည်ပြီး
ဝင်လာကာ ဂျော်နီရဲ့ ခါးကိုဖြတ်ချသွားတယ်
မိုးလင်းတော့ လမ်းမဟာ ဂျော်နီကိုမျိုထားလျက်သားနဲ့ လဲကျနေတာကို ငါတို့တွေ့ရတယ်။
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီ ကျွန်တော့်ဆီက အရက်ဖိုး ၁၅၀ လာတောင်းသွားတယ်
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီမိန်းကလေး တောကိုပြန်ပြေးသွားတယ်
အဲ့ဒီမတိုင်ခင်က ဂျော်နီ ဗိုလ်ကျထားတဲ့ ဂျော်နီ့ငယ်နိုင်များ
ဂျော်နီရဲ့ငယ်ပါကို လမ်းကြားမှာ ဝိုင်းကန်သွားကြတယ်။

ဂျော်နီရဲ့ နောက်ဆုံးနေ့ရက်များဟာ ဘင်လာဒင်ရဲ့ နောက်ဆုံးနေ့ရက်များလို
ကဒါဖီရဲ့ နောက်ဆုံးနေ့ရက်များလို ဟစ်တလာရဲ့ နောက်ဆုံးနေ့ရက်များလို
ဘယ်လိုပြောရမလဲ ဆက်ဒမ်ဟူစိန်ရဲ့ နောက်ဆုံးနေ့ရက်များလို ဘာလိုလိုနဲ့
နောက်ဆုံး ဂျော်နီဟာ
အရက်ဆိုင်ကထွက်လာတုန်း လေယာဉ်ပိကျပြီး သေသွားသလိုလို ပြောကြတယ်။

ဂျော်နီကို ကျွန်တော်တို့ မေ့သွား။

မနေ့ကမှ ကျွန်တော့်သူငယ်ချင်း ဖိုးဇော် ပြောတာက
သူ ည ၁၂ နာရီလောက် အိမ်အပြန်လမ်းကြားမှာ ဂျော်နီကပ်သတဲ့
ဟုတ်ရဲ့လားဆိုတော့
ဂျော်နီသေတာ (၅) ရက် ရှိပြီတဲ့။ စိတ်မချရသေး။
ရက်လည်အောင် စောင့်ကြစို့လို့ ကျွန်တော်ပြောရင်း
အိမ်အပြင် ဟိုးအဝေးက မြို့ပြင်သင်္ချိုင်းကို ရမ်းရော်ငေးလိုက်မိတယ်
ကမ္ဘာမြေဆွဲအား တော်လဲသံတွေဖြတ်ပြေးနေတာကို
ခွေးအူသံတွေနဲ့အတူ ကျွန်တော်တွေ့လိုက်ရ။

ခရမ်းပြာထက်လူ
idea magazine , july 2013

Labels:

ကဗျာဆရာ


ကောင်းကင် ဘုံ ဝါဒအကျဉ်းထောင်မှာ

ကာယကံ
ဝစီကံ
မနောကံ
စိတ်ကြွဆေး သုံး မှုနဲ့

သန္တိသုခနှစ်ကြီးကျအကျဉ်းသား။

ခရမ်းပြာထက်လူ
၂ ၀ ၁ ၈

Labels:

နွေကိုရှောင်ရခြင်းအကြောင်း

မိုးကိုမေးကြည့်မယ်လို့
စိတ်ကူးတိုင်းပျက်တယ်
အလှကိုယ်စီတော့အလှကိုယ်စီပေါ့
လမ်းမှာပျက်နေတဲ့ကားတစ်စီးကို
မေးမိတယ်
နူတ်ပယ်ထားတဲ့အရေပြားမှာ
ချစ်မေတ္တာအကြောင်းတစေ့တစောင်းပါတယ်
ရော်ရွက်ဝါများ

ဟိန်းမြတ်ဇော်

Labels:

အချစ်အရင်းအမြစ်

အသည်းကြွေပျက်တယ်ဆိုတာ
ဟုတ်မှာပါပဲ
ကြည့်လေ
ရှေးဟောင်းစေတီပုထိုးနဲ့အဆောက်အအုံတွေမှာလည်း
ဒီအမှတ်အသားကိုတွေ့ရတယ်
မျှော်လင့်ချက်ဆိုတာက
သေဆုံးမှုကိုနိဂုံးချုပ်ဆိုတာပေါ့
မပေါ့ပါးဘူးလား
တိုက်တာပေါ့
လေပဲ
ထက်တယ်
စူးရှမှုရှိတယ်။

ဟိန်းမြတ်ဇော်

Labels:

ဒီနေ့ဟာတနင်္ဂနွေနေ့

မျက်နှာဖုံးစွပ်တွေ
ကုတင်ခြေရင်းမှာ
သွေးပျက်စရာပါ
ဘာစကားမှမပြောဘူး
မီးတွေကလည်းအသားတွေဖြူလို့
လူတွေအများကြီးညအမှောင်ကြီးကိုအံတုကြမလို့တဲ့
ရှုမျှော်ခင်းမှာဝင်လိုက်ထွက်လုပ်နေတယ်
ငါတို့ရဲ့မြေလို့အသံဖမ်းထားတဲ့အလံကို
ပုတ်နိုးတယ်။

ဟိန်းမြတ်ဇော်

Labels:

ဖွင့်ထားတဲ့ရုပ်မြင်သံကြားစက်

အအိပ်အနေနည်းတဲ့ကမ္ဘာကြီး
ဆက်ပြီးပြီ
နိုင်ငံရပ်ခြားကိုအိပ်မက်တွေပို့လိုက်ကြောင်း
သတင်းခေါင်းစဉ်နဲ့သတင်းများ
ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ
ပိုးမွှားအမျိုးအနွယ်တွေ
နေဝင်ချိန်တွေ
ပစ်မှတ်တွေ
ပျင်းစရာကောင်းတာတွေကိုထိုးစိုက်ခဲ့တဲ့
ခေါင်းဆောင်နောက်လိုက်တွေ
ကိုယ့်သေတွင်းကိုယ်တူးမယ်
ဆုံးဖြတ်ချက်တွေ
ရုံးစာရေးနဲ့သိကောင်းစရာတွေမေး
သတင်းတွေကသူတို့ဘယ်ကလာသလဲဆိုတာကို
မေးနေတယ်။ ။

ဟိန်းမြတ်ဇော်

Labels:

ပန်းချီရေးဆွဲခြင်း

ဘယ်သူပြောတာလဲလို့မမေးနဲ့
မိမိကိုယ်သာမိမိကိုးကွယ်ရာ
စီးကျနေတဲ့အသံတွေကိုရေးဆွဲခဲ့တယ်
ဆေးစက်တွေပါလို့အော်အော်နေရတယ်
ခက်ပါတယ်
ကပ်ပါလာတဲ့အကြောင်းကြောင်းကြောင့်ဖြစ်စေ
လောကလူသားတွေမှာ
အပြန်ပြန်မျက်နှာအဟောင်းတွေမှာ
အရောင်ဘယ်ကထွက်လာမလဲလို့
စိတ်ကူးနဲ့အတူအပြိုင်တွေးတယ်
ရေးရေးပဲ
ညနေခင်းကငှက်တွေမှာ။

ဟိန်းမြတ်ဇော်

Labels:

ပြန်စာ

တွေ့ချင်ရင်လာတွေ့ပေါ့
ရယ်သံဟာ ဘယ်အရပ်ကလာသလဲဆိုတာတော့မသိဘူး
ကျနော်ကြိုးစားပါမယ်
မှောင်မှောင်နေတယ်
ထုတ်ထုတ်ယူနေတယ်
ငြင်းပယ်ချင်တယ်
အဆိပ်သင့်တယ်ဆိုတာ
လမ်းကျဉ်းကျဉ်းလေးရဲ့အဆောင်အယာင်ဖြစ်လာတယ်
ရာသီတွေအသစ်ဖြစ်လာပါစေ ။ ။

ဟိန်းမြတ်ဇော်

Labels:

မိုးသားများအပြည့်

မနားမနေသွားတော့
နေ့တစ်နေ့ပိုရတယ်
နုပျိုလန်းဆန်းသစ်ခွပန်းလေးနဲ့
စကားပြောရတယ်
နံရံပေါ်မှာလူငယ်တစ်ယောက်ရဲ့လူငယ်ဘဝဟာ
ဒီလိုပါလား
ပြန်လည်တမ်းတရတယ်
ကြမ်းရှတဲ့အရှိန်ဟာဝင်လာတဲ့လေနဲ့
တိုးတိုက်တယ်
စိတ်သက်သာလား
အဝေးကလာတဲ့အနွေးဓာတ်ကိုရရှိတယ်။

ဟိန်းမြတ်ဇော်

Labels:

အခုရေးသားချက်

လူဆိုတာနတ်ပဲ
နှလုံးသားဖြစ်စဉ်အကြောင်းလေ့လာမယ်
သဘာဝရဲ့သဘောဟာ
မီးကိုစတင်တယ်
ကွယ်နေတဲ့အရိပ်မှာတွေ့ရတယ်
ကိုယ်သွားစရာရှိလို့ပါလို့လည်းပြောတယ်
အရှေ့ကိုလည်းဖြစ်နိုင်ပါတယ်။ ။

ဟမဇ

Labels:

ငါ့ကမ္ဘာ

ပျောက်ဆုံးခြင်းဟာ
အတောင်ပံခတ်တယ်
ဓာတ်ပုံတွေကိုစာသင်ခန်းထဲပို့ထားတယ်
ဘုန်းကြီးအရူးနဲ့လှေအလူး
တောင်ပံတွေခတ်နေပြန်တယ်
ပြန်ထွက်ဖို့ငါ့သင်ခန်းစာ
ငါမေ့နေခဲ့တယ်။

ဟိန်းမြတ်ဇော်

Labels:

မနက်ဖြန်

သေချင်လို့လား
သေလိုက်ပေါ့
လက်ပံပွင့်တွေကိုငါတွေ့မြင်ပြီးပြီ
ဘယ်ဘုရားမှရိုသေစွာသစ္စာမဆို ဆုမတောင်းခဲ့ဖူးဘူး
လူတွေထဲကကြီးမြတ်မှုကို ဦးထိပ်တင်ပါတယ်
စီးကျနေတဲ့သစ်ရိပ်သစ်ကိုင်းများကြားက
သမိုင်းလက္ခဏာ
တွေးမိတော့အမှားပေါ့တွေးကြည့်တာပေါ့
ခိုနားနေတဲ့ငှက်ကလေး။

ဟိန်းမြတ်ဇော်

Labels:

သန့်စင်မီးလေးရှို့ထားလိုက်

ခွေးအူသံတွေရတယ်ဗျာ
နာမည်တစ်မျိုးနဲ့အိပ်မက်တွေထဲက
သရဲခြောက်တဲ့အိမ်ကြီးမှာဗျာ
ငါမင်းကိုဆာလောင်တယ်လေသံသဲ့သဲ့လေးဗျာ
ဘယ်တွေမှန်းမသိလမ်းတွေကိုရှောင်ခဲ့တယ်ဗျာ
စဉ်းစားကြည့်ဗျာလွယ်လွယ်ရတာ
မရှိဘူးမရှိပါဘူး။

ဟိန်းမြတ်ဇော်

Labels:

ရှေးကရေစက်ရယ်

အချိန်ကြာခဲ့ပြီဆိုပါတော့
ပြန်ရောက်နေတယ်ပုံစံတူတွေရေးဆွဲထားတာမရှိဘူး
တသွင်သွင်စီးဆင်းနေတဲ့မြစ်ချောင်းတွေကိုပဲကြည့်
အရင်းအမြစ်တွေလို့ပဲသိတယ်
မွေးရာပါဖွဲ့ဆိုမှုတွေရှိတယ်
အတိတ်မဲ့အကြောင်းတွေကိုရေးတယ်
အချစ်ရယ်
သူရဲကောင်းဆိုတာမမြင်ရဘူး

ဟိန်းမြတ်ဇော်

Labels:

စီတန်းထားတယ်

ပစ်ထားသင့်တဲ့လူကို
ပစ်ထားရမှာပဲ
ကြိုးတန်ပေါ်မှာ
ဆန်းပြားမှာပေါ့
ကြယ်သီးကလေးတွေကိုမီးရှို့တော့
ရေရဲ့ဖြတ်လမ်းကိုတွေ့ရတယ်

ဟိန်းမြတ်ဇော်

Labels:

ကဗျာဆရာဝင်းမြင့်နဲ့ကျနော်

သတိရလို့ပြောမိတာပေါ့
အဖေ့ကျောပေါ်က နေလောင်ဒဏ်ရာတွေအကြောင်း
ဘဝဆိုတာဒီကစပါလားလို့စသိတဲ့အချိန်တွေအကြောင်း
လူကဘယ်လောက်ခံမလဲ အသက်အာမခံအကြောင်း
လေပေါ်ပျံတက်နေတဲ့သစ်ရွက်ကလေးတွေအကြောင်း
တိုင်တည်ပြီးပြောကြတယ်
လက်ဆင့်ကမ်းလိုက်ပါတယ်။

ဟိန်းမြတ်ဇော်

Labels:

နားတွေ

နားတွေဟာ
တစ်ဖက်ကကန်းနေတဲ့နားကိုစိတ်ပူရတာပေါ့
ညီလေးမင်းဆီကိုလည်းဝင်မယ်တဲ့
မင်းအော်အော်ပြီးပြောစရာမလိုဘူး
ကန်းနေတဲ့နားက
စမ်းစမ်းပြီးသူ့အဖော်နားတစ်ဖက်ဆီ
ပိုက်ဆံတွေပါသွားကြောင်း
နားကန်းရခြင်းအကြောင်း
နားရွက်တွေကိုက်ဖြတ်သင့်ကြောင်း
စွန့်ခွာထွက်ပြေးကြဖို့လိုကြောင်း
နားကအစားအစာတစ်ခုခုရလိုကြောင်း
အိပ်စက်ခြင်းမရှိကြောင်း
အသံရှိတဲ့နားတစ်ဖက်နဲ့တွေ့လိုကြောင်း
လူသားဆန်ဆန်အတွေးတွေနဲ့အတိတ်သမိုင်းဆိုတာသူမသိကြောင်း
သူ့မှာခန္ဓာရှိကြောင်း
အသံမရှိကြောင်း
နားဆင်ချင်လို့ပြန်တောင်းနေတယ်
ယုံတမ်းစကားတွေကိုပဲ
နားကကြားကြားနေတယ်

ဟိန်းမြတ်ဇော်

Labels:

နွေဦး

ချေးတာငှားတာတော့မဟုတ်ဘူး
နောင်တစ်ချိန်ကျရင်ပြန်ပေးဆပ်ရမယ်

ဟိန်းမြတ်ဇော်

Labels:

သူထွက်လာတယ်ဟိုးတုန်းက

အဖုံးရေးဆွဲသူက မီးသတ်သမား
ငါ့သားတွေနဲ့အတူရောပြေးနေရတယ်
နောက်ထပ်ဇာတ်သိမ်းတစ်ခုတဲ့
မထင်ရဘူးအပြာရောင်ကောင်းကင်
သူရှိနေတာကိုသိဖို့အတွက်ဟောင်နေတာပါ
နေရစ်တော့အလွမ်း။ ။

ဟိန်းမြတ်ဇော်

Labels:

လွမ်းတော်မူရသည်ကို

နေက သာလို႔
ကျီးက အာလို႔

မေလှမြိုင်သီချင်းလေးထဲကလိုပြန်လာမှာလား
တောလမ်းကလေးသီချင်းထဲကလိုပြန်လာမှာလား

တော်တော်ပြောတဲ့ချောနှမရယ်
မျှော်တော်ဇောနဲ့မောရတယ်

အရိုးထဲထိဆွေးမြေ့
အသားထဲထိထွေးပွေ့

မြေချစ်သူကဗျာထဲကလို
စောင်ကလေးခြုံပြီးလွမ်းမိတယ်။

ကြည်ဇော်အေး
4 dec 2019

Labels:

အိုလံပီယာကော့စ်က အချစ်သီချင်း

သူမဟာ
အနာဂတ်ကိုသားအိမ်ထုတ်ခံရပြီးတဲ့နောက်
မျှော်လင့်ချက်တွေမီးညွန့်ကျိုူးသွားတယ်

ပြာလဲ့လဲ့မိုးတိမ်တွေအောက်
ပြာယာခပ်နေတဲ့လေတွေဆီက
ပြာတွေပဲထွက်လာတယ်

ထမီကြိုးတန်းအောက်ကဆောင်းဟာ
ဆန်အရက်လေးတစ်ခွက်တောင်မရှိလို့

အရိုးကွဲ လို့
အသည်းစွဲလို့

တစ်ခါက အေသင်မှာ
ကျောက်တုံးတွေကမျက်ရည်စို့ကြသတဲ့

ဒီမှာဖြင့်
မီးခိုးတွေအူလို့

နေက
ကျည်ကာအင်္ကျီဝတ်ထားတယ်။

ကြည်ဇော်အေး
8. dec 2019

Labels:

အာကာသသန့်ရှင်းရေး

မြေငလျင်တိုင်းထွာရေးစခန်းက သတင်းပေးပို့ချက်များအတိုင်း
စားပွဲပေါ်က ဖုန်မှုန့်တွေရွေ့လျားသွားကြတယ်

လူနာတင်လှည်းဘီးလိမ့်သံက ရထားတစ်စင်းမောင်းလာသလိုပဲ
လမ်းမီးများဟာ ဖြောင့်တန်းနေကြတယ်

နေအဖွဲ့အစည်းအတွင်းမှ အမှိုက်တွေဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲမှာ
သွေးပြန်ကြောအတိုင်း စီးနေကြ

သွေးလွှတ်ကြောအတိုင်း
မျောနေကြ

ဂြိုလ်တွေက
မီးလောင်နေတယ်

ငါတို့က
ကဗျာရေးနေတယ်။

ကြည်ဇော်အေး
၉ / ၁၂ / ၂၀၁၇

Labels:

ထီးကလေး

ခွက်လေးနှစ်ခွက်
ဘဝလေးနှစ်ခု

ဘယ်လောက်ခါးခါး
မင်းကိုငါသောက်မယ်

ကော်ဖီစေ့ထဲက ကဖိန်းဓာတ်တွေ
ဘဝထဲက လောကဒဏ်တွေ

အချစ်က
မိုးမိလို့ဝင်ထိုင်မိတဲ့ကော်ဖီဆိုင်လို
ကဗျာမဆန်ပါဘူး

ထီးမပါခဲ့ကြတာပဲ
ငါတို့အမှား။

ကြည်ဇော်အေး
6 feb 2020

Labels:

လူဝီ ၁၃


ပြတင်းပေါက် နှစ်ရာကျော်ရှိတဲ့ နွေရာသီစံအိမ်ရဲ့
မြေအောက်ခန်းထဲက ဝိုင်တစ်ပုလင်းဟာ
ပိုးမျှင်တွေအထပ်ထပ်

စမ်းချောင်းကလေးဟာ
ကျောက်ဆူးချထားတယ်

ဝီစကီတွေ ငါအကုန်သောက်ပြီးပြီ
အသားကင်တွေ ငါအကုန်စားပြီးပြီ

ဆေးရုံတွေ အကြိမ်ကြိမ်
အနီကဒ်တွေ အခါခါ

ရွှေတံဆိပ်တွေ အကြိမ်ကြိမ်
လက်ချည်းဗလာ အခါခါ

သွေးသားဟာ
အပြာကားတစ်ကားလို လူကြိုက်များတယ်
နိုင်ငံတော်အလံလို လူကြိုက်နည်းတယ်

ခွေးသားစားဖူးရုံ
မသာအိမ်မှာ ဖဲလိမ်ရိုက်ဖူးရုံလာက်နဲ့တော့
လူမိုက်ဘွဲ့မခံချင်ပါနဲ့လေ

ငါ့သတ္ထုတွင်းထဲမှာ
အလုပ်သမားတွေ နေ့စဉ်သေနေကြတယ်

ပြောချင်တာက
"မင်းသူ့ကိုချစ်နေမိပြီလားနှင့် အခြားသောကဗျာများ"
ဖတ်ပြီးပြီလား

ဒီထက်ပိုနက်တဲ့
မိုက်တွင်း
ရှိသေးလို့လား ။

ကြည်ဇော်အေး
29  feb  2020

Labels:

ရန်ကုန်ဒေါ်ကွန်မက်ထရီ



ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ပလက်ဖောင်းအတိုင်း
ငါလမ်းလျှာက်လာ
ဆူးလေဘုရားလမ်းကိုဖြတ်
မဟာဗန္ဓုလပန်းခြံလမ်းအတိုင်းအောက်ကိုဆင်း
ကုန်သည်ကြီးများလမ်းပေါ်သို့အကူး

ချစ်သူစုံတွဲများ
ပျော်ရွှင်စွာတွေ့ရ

ခိုများ
ထပျံကြ

ပန်းဆိုးတန်းလမ်းကုန်းတံတားအောက်
သူငယ်ချင်း ဘော့မာလေကိုမတွေ့ရ

ကံကောင်းချင်တော့
ဒေါ်လာဈေးတက်နေတယ်
ကံဆိုးချင်တော့
မျဉ်းကျားက မကူးလို့အဖမ်းခံရတယ်

ရဲကိုငါပိုက်ဆံပေးလိုက်တယ်
ငါပညာပေးဇာတ်လမ်းကြည့်စရာမလိုတော့

ငါ့မှာ ပညာတတ်တွေတီထွင်ထားတဲ့
ပိုက်ဆံတွေ ပါပြီးသားလေ

ရန်ကုန်ဟာ
သွေးဆုံးနေတဲ့ နေရောင်ခြည်နဲ့
မိတ်ကပ်လိမ်းထားတယ်

ယာဉ်ကျောများပိတ်ဆို့
မြောင်းထဲမှ ကြွက်စုတ်ကြီးတစ်ကောင်
ငါ့ရှေ့ကဖြတ်သွားတယ်

ပလိပ်ရောဂါနဲ့
စိတ်ရောဂါ
ဘာကိုအရင် ဦးစားပေးရပါ့ ။

ကြည်ဇော်အေး
2 march 20

Labels:

ရေမြေသံသရာ

မြေကိုတားမရတာက
ရေကိုတားမရသလိုပဲ

လှတယ်ချည်းထင်နေကြတယ်
ပြိုကျတယ်
မျိုချတယ်

လက်ပစ်ကူးပြီးကမ်းပေါ်ရောက်မှ
မြေရဲ့အရသာပြန်ရမယ်

ကန္တာရထဲကပြန်လာမှ
ရေရဲ့အဓိပ္ပာယ်ကိုသိမယ်

စက်ရုံကြီးထဲက လူတွေပြန်ထွက်လာတော့
အရုပ်တွေလို့ ငါကထင်မိထင်ရာ

လူတွေ လှိုဏ်ခေါင်းထဲဝင်သွားတော့
မြေကြွက်တွေလို့ ငါကတွေးမိတွေးရာ

မိုးပေါ်က ရေတွေကျလာ
မြေကြီးထဲက အပင်တွေပေါက်လာ

စိတ်ညစ်စရာကြီး
လောက ။

ကြည်ဇော်အေး
3 march 20

Labels:

ဆက်သွယ်ရေးလျှို့ဝှက်ချက်

စစ်ကြီးရဲ့အနိုင်အရှုံးကို
သချာၤပညာက တွက်ချက်ပေးတယ်
သမိုင်းက မှတ်တမ်းတင်ပေးတယ်

ကတုတ်ကျင်းထဲမှာ
ပက်လက်လန်နေတဲ့ မြေပုံ

မြေမြုပ်မိုင်းကိုဖုံးဖိထားတဲ့သစ်ရွက်ကြွေဟာ
မျက်ဖြူလန်နေတဲ့ အချစ်

နှင်းတောထဲ လမ်းပျောက်နေတဲ့ ဝံပုလွေက
စားစရာရှာသလိုလေ
တွေ့ကရာအသက် ဆွဲဖြဲပစ်တယ်

ဝေလငါးအစား
ရေနံအစားထိုးလို့ရပြီ

ယမ်းမှုန့်အစား
အက်တမ်အစားထိုးလို့ရပြီ

မင်းမဲ့ဝါဒီတစ်ယောက်ရဲ့
ရွှေပြည်တော်ဆီ မှန်းဆရင်း

နယူတန်က
" ကျွန်တော့်ကိုခွင့်လွှတ်ပါ " တဲ့

အိုင်းစတိုင်းက
" ဂယ်လီလီယိုဟာ
ကပ်ပလာရဲ့ အလုပ်ကို
အသိအမှတ်မပြုခဲ့ခြင်းအတွက် ဒို့များနာကျင်ရတယ် " တဲ့

ရူပဗေဒသီအိုရီတွေက
ကဗျာမရေးခဲ့တာပဲ တော်သေးရဲ့

ပန်းသီးရဲ့ပိုးကိုက်ထားတဲ့အခြမ်းကို
စတိဗ်ဂျော့က လှီးထုတ်ပစ်ခဲ့လို့ပဲ တော်သေးရဲ့

မင်းနဲ့ငါဆက်သွယ်ရေးဌာနမှာ
ကိုယ့်အလုပ်ကိုယ်လုပ်နေကြရတယ်။

ကြည်ဇော်အေး
4 march 20

Labels:

အထည်ချုပ်စက်ရုံ

နံရံမှာ သားလှီးဓားမျိုးစုံရှိတယ်
ညညဆို သ သ ထားရတယ်

အငွေ့ပျံလွယ်လို့
ကိုယ့်အဖုံးကိုယ်သေသေချာချာပြန်ပိတ်

တစ်ရစ်ချင်း အရစ်ကျ
စနစ်တကျစီမံကိန်းအတိုင်း အပြီးတိုင်စွန့်ခွာ

ရေဇလားထဲမှာ
ရေမလာ

ဂက်စ်မီးတောက်ပြာလဲ့ဟာ
မသေချာ

သဲလွန်စဖျောက်ရန်
ဓာတ်ဆီပုံးတွေဖောက်ချပစ်

ပေါင်သား ၊ ရင်အုံသား ၊ ခြေသလုံးသား
တစ်စစီလှီးဖြတ်ထုတ်
ရေခဲသေတ္တာထဲမှာ သူ့နေရာနဲ့သူအစီအရီထား

စက်ချုပ်သမားဟာ
ပိတ်စကို ကတ်ကြေးနဲ့ဖြတ်နေသလိုပဲ
သူ့အတိုင်းအထွာအတိုင်း ချုပ်ရိုးချုပ်သားပိပိရိရိ

ခန္ဓာကိုယ်ကိုလေ့လာတာဟာ
ရာဇဝတ်မှုမြောက်သလား

အပြင်မှာရာသီဥတုအေးနေတယ်
သိုးသားဟင်းနံ့ကမွှေးနေတယ် ။

ကြည်ဇော်အေး
4 march 20

Labels:

အုတ်ဂူဖောက်ခြင်း

အပြတ်သာရှင်းလိုက်တော့
အရိပ်တောင်မလွတ်စေနဲ့

လက်မြန်
သွေးအေး

ဗိုင်းရပ်စ်ဟာ
သိုင်းတတ်တယ်
ထစ်မနေဘူး သွားမရစ်နဲ့

ဖြည့်လိုက်ရတဲ့လောင်စာတွေ
ဇာတ်ကြီးဆယ်ဘွဲ့ရော
ငါးရာ့ငါးဆယ်ရော ကုန်ပြီ

အချိန်က
အတ္တလန်တာမြို့ကြီးမီးလောင်ပြီးခါစလို အချိန်
မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ။

ကြည်ဇော်အေး
5 march 20

Labels:

အဘိုးကြီး



အဓိပ္ပါယ်ရှိချင်လို့
အကျီၤလို လူကိုယ်ပေါ်မှာနေသတဲ့ ။

တွေးခေါ်သောလေကောင်းလေသန့်ကို
နံနက်စောစော တုတ်ကောက်နဲ့ထစမ်းတယ် ။

နေမထွက်ခင်
မြူနှင်းတွေကိုထမ်းထားပြီး နေထွက်လာတော့
ရှောင်နေတယ် ။

ကောက်ရိုးမီးထဲမှာ
ဖွဲတစ်ဆုပ်ကို အနက်အသစ်နဲ့ ရှို့ဖို့ ။

ချွေးစို့လာရင်
ကျန်းမာသော ဒဿနအမြင်ဆိုတာ
သွေးလွှတ်ကြောတွေရဲ့ရုန်းကန်မှုပဲ ။

မျက်လုံးထဲမှာ သံသယတိမ်တွေငြိမ်နေပြီဆို
မရွာသေးတဲ့မိုးလို သူအိုလာတာ သူမေ့နေပုံ ။ ။

ဝင်းမြင့်
၄ ၃ ၂၀၁၉

Labels:

ဝင်းဒိုးတင်ခြင်း

စုန်းပူးသလို
နတ်ပူးသလို
တုန်ခါ

ကိုယ့်အသက်ထက်မြန်နှုန်းမြင့်
ကိုယ့်အစား သူက အသက်ဝင်ဝင်ရှူ
ကိုယ့်အစား သူက အလစ်ဝင်ဝင်တိုက်

fire wall အမြင့်ကြီးတွေလည်း မလုံခြုံ
မြေအောက်ဥမင်ထဲလည်း မလုံခြုံ

ကူးစက်ရောဂါကို ကိုင်းကူးမျိုးစပ်
သားဖောက် အသီးသီး အပွင့်တူရွက်တူ

ဆယ့်နှစ်လရာသီရရှိနိုင်ကြောင်း
စက္ကန့်နဲ့အမျှအရေးကြီးကြောင်း

ငါးစာက ငါးပဲရှိ
မျှားစရာဘာမှမရှိ
အငြိမ်မနေရ

လူ့အမှားက
လက်ဆော့မိကြတာပဲ ။

ကြည်ဇော်အေး
5 march 20

Labels:

ဒိုင်ယာရီ

ဒဏ်ရာကလွဲရင်
ဘာမှမရခဲ့ဘူး
သေတာတောင်
ရှင်နေဆဲ
ပြန်လာရင်
မုန့်ဝယ်လာခဲ့မလား ။ ။

ဝင်းမြင့်
၅ ၃ ၂၀၂၀
တပေါင်းလဆန်း ၁၂

Labels:

အဖေ ၉

အဖေက ကျွန်တော့ကို ခေါင်းသုံးဖို့ အမြဲပြောတယ်
ကျွန်တော်က အသည်းနှလုံးပဲ အမြဲသုံးတယ် ။ ။

စိုင်းဝင်းမြင့်
၂၀၁၉

Labels:

အဖေ ၈

ဖုန်းတွေ ပိုကောင်းလာလေလေ
လက်ကထဲ လွတ်ကျလေလေ ၊

Hellboy ရဲ့ဖုန်းလိုပဲ
ဖုန်းကိုင်လိုက်တိုင်း မှန်အက်အက်သွား
အဖေ့အကြောင်းပြောနေရင်း
အဖေ့ဖုန်းတွေဝင်ဝင်လာတော့
ဝင်လာတဲ့ဖုန်း ပြန်ဆွဲဆွဲချခဲ့မိလို့
အခု
ကျွန်တော်လေ
ပိုလို့တောင်အက်ကွဲကြေမွသွားသေးတယ် ။ ။

စိုင်းဝင်းမြင့်
၂၀၁၉ ၂၀၂၀

Labels:

အဖေ ၇

လူယဉ်ကျေးတွေ
မိုးမျှော်တိုက်တွေ
ဘေဘီလုံဥယာဉ်ပျံတွေ
စက်လှေခါးတွေ
ပုံနှိပ်စက်တွေ ၊

ကျမ်းစာတွေဆီက
ဒီစကားကြားရမယ် မထင်ပါဘူး ။

အာဖရိကရဲ့ စကားပုံတစ်ခုထဲမှာတော့
'လူတစ်ယောက်ကို သတိရနေသမျှ ကာလပတ်လုံး
အဲဒီလူ မသေ'
အဖေ ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

Labels:

အဖေ ၆

တစ်ခါက မိန်းမတစ်ယောက်က
ကျွန်တော့်ကို ဒီလို ပြောသွားတယ်
ရှင် ၊ အဖေ မရှိတော့တာ ကံကောင်းတယ်တဲ့
ကျွန်တော့် အဖေသာ ရှိနေသေးရင်
ကျွန်တော့် အဖေကို ရအောင်ယူပြီး
ကျွန်တော့် အသည်းကို သူ ပြန်ခွဲမှာတဲ့လေ ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

Labels:

အဖေ ၅ (ကွယ်လွန်ခြင်း၁၇နှစ်ပြည့် မနက်ဖြန်သို့)

တစ်ချို့နေရာတွေမှာ
အချိုးမပြေတာတွေမြင်ရ
စိတ်အလိုမကျတာတွေ့ရတော့
ရိုက်လည်း အသားနာရုံပဲရှိမယ်
အရိုးကြေသွားလည်း
ကိုယ့်အဖေကိုတော့ ကိုယ်ဘယ်တော့မှ အချစ်မပြယ်
အဲဒါ အဖေ့သမီး
အဖေ့သမီးလေ
အဖေ့သမီးဆိုတော့ အဖေ့စိတ်လိုပဲပေါ့
ငါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မလို့လား
ကိုယ့်အဖေကိုယ် ပြန်သတ်မလို့လား ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

Labels:

အဖေ ၂

လမ်းပေါ်က ဂျက်လန်ဒန်လို စာတွေအများကြီးဖတ်ပြီး စာရေးဆရာ မဖြစ်ခင်က ဂျက်လန်ဒန်လို ပင်လယ်ကူးသင်္ဘောတစ်စီးပေါ် ခုန်တက်လိုက်ပါသွားချင်တဲ့ နှစ်တစ်နှစ် ကျွန်တော့်မှာ ရှိခဲ့ဖူးတယ် ။ အဲဒီတုန်းက ငါးဖမ်းသင်္ဘောတွေမှာ တကယ့်သင်္ဘောသားအပြင် ဘော်ဒါလိုက်တယ်ဆိုတာ ရှိတယ် ၊ ဘော်ဒါလိုက်တယ်ဆိုတာကို ကျွန်တော်ဘာမှန်းမသိပဲ လမ်းကလည်းကုန်နေ ကမ်းကလည်းခွာချင်တာနဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘောတစ်စီးစီးပေါ် ခုန်တက်လိုက်ပါသွားဖို့ ကျွန်တော်အရူးထသေးတယ် ။ အဖေက ဘော်ဒါလိုက်တယ်ဆိုတာကိုသိလားတဲ့ ။ မသိဘူးဆိုတော့မှ သင်္ဘောသားရဲ့ အကူတဲ့ ။ ကျွန်တော်နားလည်လွယ်အောင် အကူဆိုတာလောက်ပဲ ပြောတယ် ၊ စစဉ်းစားတည်းက စောက်သုံးမကျတဲ့နေရာကနေ စစဉ်းစားတယ်တဲ့ ။ ငါးဖမ်းသင်္ဘောသားဆိုလည်းတော်သေးတယ်တဲ့ ၊ ပြီးတော့ ဒီလိုအလုပ်မျိုးက မင်းနဲ့လည်းမဖြစ်ဘူးတဲ့ ။ အဲဒါနဲ့ ကျွန်တော်လည်း ကဗျာပဲရေးတော့တယ် ။
အဖေဟာ ကျွန်တော့်ကို တစ်သက်လုံး လွမ်းဆွေးစေခဲ့တယ် ။



အဖေ တစ်ညနေမှာ ဒဏ်ရာအနည်းငယ်နဲ့ပြန်လာတယ် ။ ကြည့်မြင်တိုင် ညစျေးမှာ ဓားနဲ့ဝိုင်းခုတ်ကြလို့တဲ့ ။ အဖေ့သတင်းကိုကြားပြီး ကိုစိုးမြတ် အိမ်ရောက်လာတယ် ။ ဘယ်ကဘယ်လိုစဖြစ်တာလဲ ဘယ်သူတွေလဲသိလားတဲ့ ။ အဖေက မသိဘူးတဲ့ ။ လူမှားတာဖြစ်မယ်တဲ့ ။ ကိုစိုးမြတ်က အဲဒီလိုလုပ်လို့မရဘူးတဲ့ ။ ခနစောင့်တဲ့ ဒီကောင်တွေအကုန် ကျွန်တော်ခေါ်ခဲ့မယ်တဲ့ ။ ခနနေတော့ ရောက်လာကြတယ် ။ ဒီကောင်တွေထဲက ဘယ်သူတွေလဲ ကျွန်တော့ကိုပြတဲ့ ။ အဖေက ဝိုင်းခုတ်နေ ရှောင်နေ ခုခံနေရလို့ မမှတ်မိဘူးတဲ့ ။ တစ်ယောက်ချင်းမျက်နှာတွေကို ကြည့်ပြီးမှ ဒီထဲမပါဘူးထင်တယ်တဲ့ ။ ရန်ကိုငြိမ်းစေခဲ့တယ် ။ ကျွန်တော် အဲဒါကို အဖေ့ဆီက သင်ယူရရှိခဲ့တယ် ။ ။



တက်တူးကို အင်္ကျီလက်ရှည်နဲ့လည်းမကွယ်
ဘယ်တော့မှလည်း မမှေးမှိန်စေခဲ့ဘူး ။

ဒါကြောင့်ပဲ
လူ့အဖြစ်ဟာ အရောင်တောက်လာခဲ့တယ် ။

ဒါကြောင့်ပဲ
ကျွန်တော်လည်းရောက်လာ
မနှစ်က လမ်းပေါ်တရွေ့ရွေ့သွားနေတဲ့
အဖေ့လက်ကျန်သူငယ်ချင်းက
လမ်းဖြတ်အကူးမှာ ကျွန်တော့ငယ်ရုပ်ကိုဖမ်းမိတော့
မင်းအဖေမတွေ့တာကြာပြီတဲ့
ကျွန်တော်လည်း မဆွံ့အတော့ပြီ
ကျွန်တော်လည်း သတိရရနေသေးသည် ။ ။

စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
၄ ၃ ၂၀၀၃ တုန်းက ကွယ်လွန်ခဲ့သော အဖေသို့

Labels:

အဖေ

ကျွန်တော် တော်တော်ငယ်ငယ်က
အဖေတစ်ခါထောင်ကျသေးတယ်
အမေထောင်ဝင်စာသွားတွေ့တော့
ငါ့သားလေးကို ခေါ်မလာခဲ့နဲ့တဲ့ ။

ကျွန်တော်နည်းနည်းအရွယ်ရောက်လာတော့
အဖေ အဘိုးနဲ့ဘာဖြစ်တယ်မသိဘူး
ထောင်ထဲတစ်ခါရောက်ပြန်ရော
ကျွန်တော်အဘိုးဘက်ကနေပြီး
အဖေ့ဆီထောင်ဝင်စာသွားမတွေ့
အဖေတော်တော်ကြေကွဲသွားတယ် ။

အဖေငယ်ငယ်က သရက်ထောင်လည်းကျခဲ့ဖူးသေးတယ်တဲ့
ဒီတစ်ခါတော့ သူ့မျက်ရည် ကျွန်တော်ကျရတယ်
အဖေဟာ ကြီးတဲ့အမှုကို ငယ်စေပြီး
ငယ်တဲ့အမှုကို ပပျောက်စေခဲ့
ကျွန်တော့်ကိုလည်း နည်းအမျိုးမျိုးနဲ့ အရွယ်ရောက်စေခဲ့ ။ ။

စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
ရန်ကုန်

Labels:

02 March, 2020

တောက်ပတဲ့ နေရောင်ခြည်ထဲမှာ

တောက်ပတဲ့ နေရောင်ခြည်ထဲမှာ
ငြိမ်သက်စွာ
မြူမှုန်ထောင်ပေါင်းများစွာ လွင့်နေတယ်။

စက္ကန့် မိနစ်နဲ့
အချိန်ရဲ့ မော်လီကျူးများစွာ
ခံစားမှုတို့ရဲ့ အတွေးပေါင်းများစွာ
အသက်ရဲ့အလင်းမှာ
လွင့်နေတယ်။

နေမဝင်ခင်အထိ။
ညီမွန်
19.12.2017

Labels:

ငါမေ့ထားတဲ့ ကမ္ဘာ

ငါသိတဲ့ ကမ္ဘာမှာ
နတ်တွေ
သူတော်စင်တွေ
ငါ့အာရုံ အလွန်က ကောင်းမြတ်ခြင်းတွေ အပြည့်။

အဲ့ဒါတွေ
ဘယ်မှာ ရှိသလဲ။

ငါ မသိတဲ့ ကမ္ဘာမှာ
အရသာရှိတဲ့ အသားတွေ
မွှေးပျံ့တဲ့ ပန်းတွေ
ပြာလဲ့တဲ့ ပင်လယ်တွေ
မာယာများတဲ့ မိန်းမလှတွေ အပြည့်။

ငါ့ကို ခေါ်ပါ
ငါမသိသေးတဲ့ ကမ္ဘာဆီ။

ညီမွန်

Labels:

ပြဌာန်းခံရတဲ့ ပြဌာန်းစာအုပ်

ပုံပြင်တွေ သေဆုံးကုန်မှတော့
ပုံပြင်ထဲက သူရဲကောင်းတွေလည်း မရှိတော့ဘူး

အချက်အလက်တွေ တင်ဆောင်လာတဲ့
ကုန်ကားတစ်စီးဟာ အသံကုန်ဖြဲပြီး
မေ့ပျောက်မှု ချောက်ကမ်းပါထဲ ထိုးဆင်းသွားတယ်

မွေးမြူရေး ကြက်တွေက
စဉ်းတီတုံးပေါ် လည်စင်းလို့

နှံကောင်မှာ မိုးဥတုမရှိ
ယုန်တွေမှာ ပန်းတိုင်မရှိ
မပုကြွယ်မှာလည်း ခရုငယ်မရှိ။

ညီမွန်
၁၀.၂.၂၀၂၀

Labels:

ဝင်သွားတဲ့ လနောက်ကို

ကျေးလက်လမ်းတစ်ခုပေါ်မှာ
သူတို့ မူးယစ်နေကြတယ်။

ဆိုင်ကယ်က လဲလို့
တစ်ယောက်က ထိုင်ပြီး ဂိမ်းဆော့လို့
တစ်ယောက်က ဘီယာဗူးကိုင်လို့
တစ်ယောက်က အော်ဟစ်လို့။

လရောင်မှုန်မှုန် လမ်းပေါ်မှာ
ကောင်လေးတွေ
သူတို့ ဆက်သွားကြမလို့လား
သူတို့ ဒီကိုပဲ လာခဲ့တာလား။

အနောက်ကို လက ဝင်ခဲ့ပြီ
အမှောင်ရိပ် ကြီးစိုးလာတယ်။

သူတို့ မသွားကြတော့ဘူးလား
မိုးလင်းမှ သွားမှာလား
သူတို့ သွားစရာ ရှိသလား။

အဝေး အလှူအိမ်က ဆိုင်းသံတိတ်သွားပြီ
သူတို့လည်း အိပ်ကုန်ပြီ။

ညီမွန်
၈.၂.၂၀၂၀

Labels:

ရွှံခဲနှင့် ရေပွက်





အချစ်ဟာ သူ့ကိုယ်သူ ကျေနပ်ဖို့ မလုပ်၊
သူ့ကိုယ်သူ ဂရုလည်းမစိုက်ပါ။
ဒါပေမယ့် အခြားသူအတွက်တော့ သူ့သက်သာမှုကို ပေးရှာတယ်၊
ပြီးတော့ နတ်ပြည်ရဲ့မျှော်လင့်ချက် ပျက်သုဉ်းမှုမှာ ငရဲကို ဆောက်လေရဲ့။

နွားကလေးခြေနဲ့အတူ ခြေချတဲ့
ရွှံ့ခဲလေးဟာလည်း ဒီလိုဲပဲ တေးဆိုတယ်
ဒါပေမယ့် အသံကုန်ဟစ်လိုက်တဲ့ ချောင်းကလေးရဲ့
ရေပွက်ကတော့ မီတာတွေနဲ့ ကြုံဆုံရလေတယ်။

အချစ်က အတ္တကိုပဲ ကျေနပ်စေဖို့၊
သူ့ကြည်နူးမှုနဲ့ အခြားသူကို ချည်နှောင်ဖို့ လုပ်ရဲ့၊
အခြားသူရဲ့ ဆုံးရှုံးမှုမှာ အချစ် ပျော်တယ်၊
ပြီးတော့ နတ်ပြည်ရဲ့ စိတ်ပျက်မှုမှာ ငရဲကို ဆောက်လေရဲ့။

CLOD AND CLAY BY William Blake
ဘာသာပြန်- ညီမွန်

Labels: ,

မိစ္ဆာကျွန်း

ငါ ငယ်ငယ်က
ဒဏ္ဍာရီထဲက သတိုးသမီးတစ်ယောက်အကြောင်း ကြားဖူးတယ်။

သူ့ခြေလှမ်းတိုင်း ပန်းတွေ ပွင့်သတဲ့
သူ့အကြည့်မှာ လရောင်ဖြာသတဲ့
သူ့ခံတွင်းက ကြာညိုနံ့သင်းလို့
သူ့ အပြုံးမှာ လိပ်ပြာတွေ နားသတဲ့
သူ့ လှုပ်ရှားပုံက လေညင်းလိုပဲတဲ့
သူ့ရယ်သံက စောင်းကြိုးခတ်သံလိုပဲတဲ့။

သူ့ကို အခု ငါ တွေ့ရတော့
သူ့ ခြေလှမ်းတိုင်း ပန်းတွေ အလန့်တကြား ပွင့်ကုန်တာ
သူ့အကြည့်က အန္တရာယ်မကင်းတဲ့ လေဆာရောင်ခြည်တွေ လွှတ်တာ
သူ့ခံတွင်းက လူသေအနံ့ရ
သူ့အပြုံးမှာ လိပ်ပြာတွေ သေ မြေပေါ် တဖွဲဖွဲ
သူ လက်အလှုပ်မှာ တိမ်တွေ အသော့နှင်လို့
သူ့ရယ်သံဟာ လျှပ်စစ်ဂစ်တာကို ခမ်းကြမ်းကြမ်း တစ်ချက်ချင်း ခတ်နေသလို
သူမဟာ မိစ္ဆာဘုရင်မပဲလား
ညှို့ငင်စွမ်းနိုင်တယ်။

ညီမွန်
၇.၁၂.၂၀၁၉

Labels:

အချစ်က နှလုံးသားနဲ့ မဆံ့ဘူး

အကြည့်က မျက်လုံးနဲ့ မဆံ့ဘူး
မျက်လုံးလေးမှေး အပြုံးလေးကို စ
ဆံဖျားမှသည် ခြေသည်းဖျားအထိ
မင်းကို ကြည့်လို့မဝ
မင့်ကို ငါပဲ မြင်တဲ့ တစ္ဆေဖြစ်စေချင်မိရဲ့။

အိပ်မက်က ညနဲ့ မဆံ့ဘူး
ခြောက်ကမ်းပါးကြီး ခြားထားတယ်ဆိုတဲ့
အိပ်မက်ဟာ တစ်ညနဲ့ မဆုံး
ညများစွာ ဆက်မက်လို့။

အချစ်က နှလုံးသားနဲ့ မဆံ့ဘူး
လက်သီးဆုပ်အရွယ် နှလုံးသားလေးဟာ
ဘယ်လို လေးလံတဲ့ ဝန်ကို ထမ်းရသလဲ
မီးရှူးတစ်ခုလို ပေါက်ကွဲသွားတဲ့ ပျော်ရွှင်မှုတွေ
လှိုင်းပေါ်က လှေလို ကြည်နူးမှုတွေ
မြေအောက်လှိုင်ခေါင်းထဲက ညလို သံသယတွေ
နှလုံးသာဟာ လေတင်းနေတဲ့ ပူစီဖောင်းပမာ။

အလွမ်းက ဘဝနဲ့ မဆံ့ဘူး
သံသရာလို ရှည်လျားပြီး
နောက်ဆုံးထွက်သက်လို အနမ်းကို ရပ်တန့်
သံသာလေကမ်းမှာ
ငါတို့အနမ်းတွေ ပြန်ဆုံကြမှာလားဆိုတာအထိ
ညို့လာတဲ့ မိုးသားတွေ
ကောင်းကင်နဲ့ မဆံ့တော့ဘူး။

ညီမွန်
၈. ၃. ၂၀၁၉.

Labels:

ရှင်သန်နေရခြင်း

မင်းကို သတိရစိတ်က
အသက်ရှုသလို။

လွမ်းဆွတ်မှုက
လေထဲ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ပါလာသလို။

ညီမွန်

Labels:

အချစ်

မြူကြားက လက်ဖြောင့်သမားရဲ့
ပစ်ချက်တွေ
တစ်ချက်မှ မလွဲဘူး။

အတုံးအရုံး အကျအဆုံး များလှချည့်။

အနီရောင်အပွင့်ကားကားကြီးတွေ
အပြာရောင် အပွင့်သေးသေးလေးတွေ။

ပန်းနဲ့ပေါက်တာလည်း
သေနိုင်တာပါပဲ အချစ်ရယ်။

ညီမွန်
၂၃. ၂. ၂၀၁၉

Labels:

ဆွံ့အနေတဲ့ ကဗျာဆရာ

ငါ့ ဦးခေါင်းထဲ
သစ်ရွက်ကြွေတွေရဲ့ မုန်တိုင်းတစ်ခုလို
စကားလုံးတွေ မွှေ့ရမ်းနေတယ်
ဒါပေမယ့် ဝါကျတစ်ခု မဖြစ်ဘူး။

အသုံးပြစကားလုံးတစ်လုံးကိုမှ
ငါ မသိခဲ့တာပဲလေ။

ညီမွန်

Labels:

အံ့သြဘနန်း



စိန်ပွင့်လေးတွေ အဖြစ်
နေမင်း ပေါက်ကွဲထွက်သွားတယ်
တိုက်ပွဲတစ်ရာ အောင်ခဲ့တဲ့
သူရဲကောင်းရဲ့ လက်ဟာ
ဓားကို မမြဲတော့ဘူး
သူတော်စင်ရဲ့ ဓမ္မတရားတွေဟာ
မှားကုန်ပါပေါ့
လာပြီ
သူမ လာပြီ
ဧကရီ လာပြီ
အားလုံးလွင့်စင် ပေါက်ကွဲပြီး
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တိမ်ထုကြီးထဲကနေ
စကြာဝဠာ ပေါ်ထွန်းလာသလို
အချစ်လာပါပြီ။

ညီမွန်

Labels:

ဟမ်ဘာဂါနဲ့ အချစ်

ဟမ်ဘာဂါဟာ
ဂျပန်ရောက်ရင် ဂျပန်အရသာ
အိန္ဒိယရောက်ရင် အိန္ဒိယအရသာ
မွမ်းမံပြီး ရောင်းချသတဲ့။

ကိုယ်တို့အချစ်တွေမှာ
ရိုးရာတွေ၊ ဓလေ့တွေထုံမွှမ်းထားလေသလား။

အချစ်ဟာ ရောင်းကုန်မှမဟုတ်တာပဲကွယ်
ပန်းသီးတစ်လုံးလို ကိုယ်တို့ ချစ်ကြမယ်။

ညီမွန်
၁၀. ၃. ၂၀၁၉

Labels:

အချစ်ဆိုတာ

အချစ်ဆိုတာ
မှည့်ရွှမ်းတဲ့ ဆီးသီးတစ်လုံးပါ
ခရမ်းရောင်အပင်မှာ ကြီးထွားတယ်။
တစ်ကြိမ် မြည်းကြည့်မိတယ်ဆိုရင်ပဲ
မင်းကို လုံးဝ တည်ရှိခွင့်မပြုတော့ဘူး။

အချစ်ဆိုတာ
တောက်ပတဲ့ ကြယ်စင်ပါ
ဟိုအဝေး တောင်ဘက်ကောင်းကင်မှာ လက်ပတယ်။
စူးစိုက်ကြည့်ပါ
မင့်မျက်လုံးတွေကို ကျိန်းစေမယ်။

အချစ်ဆိုတာ
မြင့်မားတဲ့ တောင်တစ်လုံးပါ
လေထန်တဲ့ ကောင်းကင်မှာ ငေါထွက်လို့။
အသက်ရှူမမှားချင်ဘူးဆိုရင်
အမြင့်ကြီး မတက်လေနဲ့။

လင်စတန်ဟယူး
ဘာသာပြန်- ညီမွန်
၁၂. ၃. ၂၀၁၉
LOVE SONG FOR LUCIDA by Lingston Huegus

Labels: ,

ပြီးပြည့်စုံသော ဘဝ

ဖျားနာခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းက
ချိန်ခါသင့် မိုးပမာ
ဆာလောင်ခြင်းနှင့် ငိုကြွေးခြင်းက
လဆန်းရက်များအတွင်းက လပမာ။
အဖေရှိခဲ့တယ်
အဖေ သေဆုံးသွားခဲ့တယ်
လူနာကုတင်ပေါ်က အဖေ့ ဘေးနားမှာ မုန့်ထုပ်တွေ
အဖေ့ပုံရိပ်အချို့သာ မျက်ဝန်းထဲမှာ
ကိုယ့်အဖို့တော့ အဖေဆိုတာ အသံတိတ်ရုပ်ရှင်
အဖေ့အကြောင်း သူများတကာ ပြောသလောက်ပဲ သိခဲ့ရဲ့
ခွဲခွာခြင်းတွေ ရှိခဲ့တယ်။
ဆည်းဆာနေရီချိန်ဆို
ရွှေအိုရောင် ဖုန်လုံးကြီးဟာ
ရွာကလေးရဲ့အပေါ်မှာ ခမ်းခမ်းနားနား
မသိခြင်းရဲ့ လှပမှုတွေ ရှိခဲ့တယ်။
တောက်ပလွန်းတဲ့ မှန်တစ်ချပ်ကို
အဝတ်နက်တစ်စနဲ့ လွှမ်းထားရသလို
ဖြူစင်တဲ့ လူငယ်ဘဝကို
အမှားအချို့နဲ့ ဖျော်ဖြေလို့
လွမ်းမောစရာ တွေ့ဆုံမှုတွေ
မိုက်မှားခွင့်တွေ ရှိခဲ့တယ်။
ဆာလောင်ခြင်းကို ဇိမ်ခံ
အသည်းကွဲဝေဒနာကို ဇိမ်ခံ
ကန့်လန့်တိုက် အတွေးတွေကို ဇိမ်ခံ
လမ်းတွေကို ဇိမ်ခံ
သင်္ခန်းစာတွေ မကြေညက်မချင်း
အမှားအယွင်းတွေကို ဇိမ်ခံ
ကြွယ်ဝလှတဲ့ ဘဝပါပဲ
အဓိပ္ပါယ်မဲ့မှုကိုလည်း
ဇိမ်ခံလိုရင် ကျေကျေနပ်နပ် ဇိမ်ခံလို့ ရလေရဲ့။

ညီမွန်
၁၀. ၁၀. ၂၀၁၉

Labels:

မင်းကို ကိုယ် ချစ်တယ်



မင်းဖြစ်ရှိနေတဲ့အတိုင်း မင်းကို ကိုယ်ချစ်တယ်၊ ဒါပေမယ့် မင်းဖြစ်လာမှာတွေအတွက် ပိုတောင် ချစ်သေးရဲ့။
မင့်ရဲ့ အဖြစ်မှန်တွေကို အဲ့ဒီလောက် ကိုယ် မချစ်မိဘူး၊ မင့်ရဲ့ စံထားစရာတွေကို ပိုချစ်မိတယ်။
မင့်ဆန္ဒတွေအတွက် ကိုယ် ဆုတောင်းတယ်၊ မင့်ဆန္ဒတွေဟာ ကြီးမြတ်နိုင်တယ်လေ၊ မင့် အလိုပြည့်မှုတွေအတွက်တော့ သိပ် ဆုမတောင်းမိဘူး၊ မင့်အလိုပြည့်မှုတွေက ဒုက္ခပေးနိုင်လောက်အောင် နည်းပါးနိုင်တယ်လေ။
အလိုပြည့်သွားတဲ့ ပန်းဆိုတာ ပွင့်ဖတ်တွေ ကြွေလုဆဲ ပန်းပဲ။
အလှဆုံး နှင်းဆီဆိုတာ အဖူးတစ်ခုထက် မပိုပါဘူး၊ ဒီအဖူးမှာ ဆန္ဒရဲ့ စူးရှတဲ့ဝေဒနာနှင့် ပီတိပြည့်လျှမ်းမှုဟာ ပိုပြီး ငွားငွားစွင့်စွင့် လှလှပပ ကြီးထွားလာဖို့ အလုပ်လုပ်နေကြလေရဲ့။ အခု မင့်ဖြစ်နေတဲ့အတိုင်း အမြဲ မင်း ဖြစ်နေမှာမဟုတ်ဘူးလေ။ မင်းဟာ ကြီးမြတ်တဲ့ တစ်စုံတစ်ရာဆီ တက်လှမ်းနေတာပဲ။
ကိုယ်ဟာ မင်းနဲ့အတူ လမ်းပေါ်မှာ၊ ဒါ့ကြောင့်ပဲ ကိုယ် မင်းကို ချစ်တယ်။

ကားဆင်းဘာ့ဂ်
ဘာသာပြန်- ညီမွန်
I LOVE YOU by Carl Sandbarge

Labels: ,

သက်တောင့်သက်သာ

ဘာမှမရှိတော့
အိပ်ဆေးတွေကမတိုးတော့
ဆေးလိပ်တွေပြန်သောက်မိတယ်

" ပါပသ္မိံ ရမတိ မနော "
ငါဟာ ဘုရားစကားလည်းနားမထောင်ခဲ့

ငါ့ကြောင့် ပုလင်းကွဲရှမိသူများ
အနာမြန်မြန်ကျက်ပါစေ

ငါ့ကြောင့် အိပ်ရေးပျက်သူများ
အိပ်ရေးဝဝကြီး အိပ်ပျော်ပါစေ

ပင်နတီလည်း လွဲတယ်
ငါ့ဦးခေါင်းလည်း ကွဲတယ်
ဘာဆန်းလဲ ။

ကြည်ဇော်အေး
2 3 2020

Labels:

ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ

ငါဟာ အဲဒီ သေးပြီး အလျင်လိုနေတဲ့ ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ လှုပ်ရှားနေတဲ့ အရာ။ သစ်ခွကုန်းမြင့်ဆီ ငါ စက်ဘီးစီးတက်တယ်။
ကုန်းမြင့်မှာ ငါသွားအိပ်တယ်။ ငါ နိုးလာတယ်။ ငါဟာ အဲဒီ ကြီးမားပြီး
မမြင်ရတဲ့ လေ ဖြစ်တယ်။ ငါ တဖက်ကို လှည့်တယ်။ ငါ အရမ်းပူအိုက်နေတယ်။ ငါ လမ်းလျှောက်တယ်။ ငါဟာ တောတွင်း လမ်းကလေး ဖြစ်တယ်။ ကုန်းမြင့်က ဆင်းပြီး ရေကန်ကလေးနဲ့ စိုက်ခင်းရှိရာဆီ ငါ
လျှောက်လာတယ်။ နွားတကောင်မှ ငါ မမြင်မိ။ နေလှန်းထားတဲ့
ငါ့ ဦးထုပ်နဲ့ ဂျက်ကက်ရှိရာ ကုန်းထိပ်ဆီ ငါ ပြန်လျှောက်လာတယ်။ ငါဟာ နေလှန်းထားတဲ့ ငါ့ ဂျက်ကက်နဲ့ ဦးထုပ် ဖြစ်တယ်။ ငါ့မက်မွန်သီးကို ငါ စားတယ်။ ငါဟာ ဟိုးအဝေးကြီးက ငါ့မက်မွန်သီး လာရာ ဖြစ်တယ်။
ငါဟာ ငါ အချိန်ပေးမိသမျှအရာအားလုံးဖြစ်ပြီး ငါ့အဖြစ်ဟာ
ဆက်ပြီးဆုပ်ကိုင်ထားရလောက်အောင် အရေးမပါတော့။ ငါ့ ရှပ်အင်္ကျီကို ငါ ချွတ်လိုက်တယ်။ ငါဟာ နေရောင်ထဲက ငါ့ခန္ဒာ ဖြစ်တယ်။ ရေကူးတာကို ငါ စိတ်ကူးမိတယ်။ ငါဟာ ရေကူးနေတဲ့ စိတ်ကူး ဖြစ်တယ်။

In the Mind of a Dragonfly by Lesle Lewis

မင်းရဲအိမ် (ပြန်ဆိုသူ)
လက်စ်လေ လူးဝစ် (Lesle Lewis)




အမေရိကန်ကဗျာဆရာမကြီးလည်းဖြစ်၊ အင်္ဂလိပ်စာ ပါမောက္ခတဦးလည်းဖြစ်တဲ့
လက်စ်လေ လူးဝစ် ဟာ ကဗျာစာအုပ် (၄) အုပ်ထွက်ရှိထားပြီး (၂၀၁၄) ခုနှစ်က နောက်ဆုံးထွက်ရှိထားတဲ့ “A Boot’s a Boot” အမည်ရ ကဗျာစာအုပ်နဲ့ (၂၀၁၃) ခုနှစ်အတွက်၊ ကလိဗ်လန်းဒ် စတိတ် တက္ကသိုလ် (Cleveland State University )၊ ကဗျာစာပေဌာနရဲ့ ကဗျာစာအုပ် ဆု ကို ရရှိခဲ့ပါတယ်။ ဒီကဗျာစာအုပ်အရင်(၂၀၁၁) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ (Lie Down Too) ကဗျာစာအုပ်ဟာလည်း (Alice James Books, 2011) စာအုပ်တိုက်က ပေးအပ်ချီးမြင့်တဲ့ (၂၀၁၀) ခုနှစ်ရဲ့ ဘိထရစ် ဟောလေး (Beatrice Hawley Award) ဆုကို ရရှိထားတဲ့ ဆုရ ကဗျာစာအုပ်တအုပ် ဖြစ်ပါတယ်။ ဒီကဗျာစာအုပ်နဲ့ပတ်သက်ပြီး အပတ်စဉ်ထုတ်၊ ထုတ်ဝေသူများ စာစောင်က ခုလို ရေးသားခဲ့ပါတယ်။

“ဝါကျဖွဲ့သိုပုံနဲ့ အသံစီးဆင်းပုံကို သူမ ကိုင်တွယ်သလို ကိုင်တွယ်တတ်တဲ့ ကဗျာဆရာဆိုတာ မရှိသလောက်ပါပဲ။ အရွယ်ရောက်ပြီး ရင့်ကျက်သူတယောက်ရဲ့ သာမန်အတွေ့အကြုံနဲ့ သာမန်အသိကို တချိန်တည်းမှာ လက်ခံရင်း ဆန့်ကျင်မှုပြုရာမှာရော သူမလို ကိုင်တွယ် ကစားတတ်တဲ့ ကဗျာဆရာဟာ မရှိသလောက်ပါပဲ။ ”

"ခြေဆင်းလို့သာပဲ" (Lie Down Too) ကဗျာစာအုပ် ခေါင်းစဉ်ရွေးပေးခဲ့ပုံကို မေးမြန်းရာမှာတော့ လူးဝစ်က ခုလို ဖြေကြားသွားခဲ့ပါတယ်။

“ဒီလို ရူသွပ်မှုတွေကြားမှာ ရှင်ဟာလည်း အေးအေးသက်သာ လဲလျောင်းနေနိုင်တာပဲ၊ ကျမက အဲဒီ "အသံ"ကို သဘောကျလို့ပါ။”

(၂၀၀၆) ခုနှစ်မှာတော့ သူမရဲ့ ဒုတိယမြောက် ကဗျာစာစုဖြစ်တဲ့ (Landscapes I & II) အမည်ရ (Prose Poems) ကဗျာစာအုပ် ထွက်ရှိခဲ့ပါတယ်။ “စိတ်ကူးအတွေးနဲ့ ရွေးနှုတ်ဖော်ထုတ်ခြင်း(Abstraction) အတတ်ဟာ သူမရဲ့ ကောင်းဘွိုင် ဘွတ်ဖိနပ်ကြီးတွေကို ဝတ်ဆင်ပြီး မရောက်ဖူးသေးတဲ့ နယ်မြေသစ်ထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ ဝင်ရောက်သွားတဲ့” ကဗျာစာအုပ်ဖြစ်ပြီး သူမရဲ့ ဖန်တီးမှုကြောင့် သက်ဝင်လှုပ်ရှားလာတဲ့ ပုံရိပ်တွေနဲ့ အဲဒီပုံရိပ်တွေရဲ့ တကယ့်အရှိတရားတို့ စကားစမြည်ဆိုကြပုံကို ခံစားကြားယောင်လာစေမယ့် ကဗျာစာအုပ်အဖြစ် ညွှန်းဆိုထားပါတယ်။



(၂၀၀၃) ခုနှစ်၊ (University of Iowa Press) က ထုတ်ဝေတဲ့ သူမရဲ့ “Small Boat” အမည်ရ ကဗျာစာအုပ်ကတော့ (၂၀၀၂) ခုနှစ်အတွက် ပေးအပ်တဲ့ အိုင်အိုးဝါး(Iowa Poetry Prize) ကဗျာစာပေဆု ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီကဗျာစာအုပ်ဟာ သူမရဲ့ ဗွေဆော်ဦး ကဗျာစာအုပ်လည်း ဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေဟာ (American Letters and Commentary, Green Mountains Review, Barrow Street, Pool, The Hollins Critic, The Massachusetts Review, and Jubilat) အစရှိတဲ့ စာပေ ဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေမှာ အမြောက်အများ ဖော်ပြခံခဲ့ရပြီး ဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေကို (Academy of American Poets) website ကလည်း အထူးအသားပေး ဖော်ပြခဲ့ပါတယ်။

ကဗျာရွတ်ဆိုမှုတွေပြုလုပ်တတ်သူ လူးဝစ်ဟာ ကဗျာရွတ်ပွဲတပွဲမှာ သူမရဲ့ ကဗျာချဉ်းကပ်နည်းကို ခုလို ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။

“ကျမရဲ့ ကဗျာစာပေကို ချဉ်းကပ်နည်းက ကဗျာရေးသားမှုနဲ့ သူ့အနက်ဖွင့်ဆိုမှုရဲ့ တင်ကြိုမသိနိုင်တဲ့ သဘောသဘာဝကို အသားပေးအလေးအနက်ပြုထားတဲ့ အာရုံသစ်တမျိုးပါပဲ။ ကျမတို့ ကျင်လည်နေရတဲ့ လောကဆိုတာတွေက ရူးသွပ်မှုတွေအပြည့်နဲ့၊ ကျမတို့ ကိုင်တွယ်နိုင်စွမ်းရှိတာတွေထက် ပိုမိုများပြားတဲ့ ရူးသွပ်စရာတွေအပြည့်နဲ့ပါ။ ကျမ ကဗျာရေးတယ်ဆိုတာ ကမ္ဘာလောကကို နားလည်ဖို့ နည်းလမ်းတခုအနေနဲ့ ရေးတာ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ အပိုင်းပိုင်းအစစကလေးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီအပိုင်းအစကလေးတွေကို ပေါင်းစည်းကြည့်ရင် ကျမတို့ ရလိုက်မှာက အာရုံသစ်တမျိုးပါ။ အဲဒီ အာရုံသစ်ကလေးဆိုတာ အဲဒီ အပိုင်းအစတွေကို ကိုယ်တိုင်ကိုယ်ကျ ပေါင်းစည်းမကြည့်မိမချင်း ကျမတို့ ခံစားရရှိနိုင်မှာ မဟုတ်တဲ့ အသစ်တစုံတရာကလေး ဖြစ်ပါတယ်။ ”

ကဗျာစာပေ ဖတ်ရှုသူတွေအနေနဲ့ ကဗျာတွေကို ကြိမ်ဖန်များစွာ အသံထွက်ဖတ်သင့်ကြောင်း၊ သို့ပေမယ့် ကဗျာတပုဒ်ကို အလွန်အကျွံ ခွဲခြမ်းစိတ်ဖြာမှုမျိုးတွေ မလုပ်သင့်ကြောင်းကိုလည်း သူမက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

“ကဗျာအမျိုးအစားအလိုက် နားလည်မှုကို အနည်းငယ်လွှတ်ပေးပြီး ကဗျာက ကိုယ့်အပေါ် စီးကျလာတာမျိုးကိုပဲ ခံယူပေးရပါမယ်။”

လူးဝစ်ဟာ အထက်တန်းကျောင်းသူဘဝမှာ ကဗျာကို စတင်ရေးသားခဲ့သူဖြစ်ပြီး ကျောင်းသူဘဝမှာကတည်းက စာဖတ်နာခဲ့သူလည်း ဖြစ်ပါတယ်။ သူမအလိုအရ ပီဘိ စာရေးဆရာတဦးဖြစ်ဖို့ အဓိကသော့ချက်ဟာ စာဖတ်နာဖို့နဲ့ နေ့တဓူဝ စာအရေးအသား အလေ့အကျင့်ရှိဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူးဝစ်ရဲ့ ကဗျာအများစုဟာ သဘာဝ၊ တောင်ယာဘဝ နဲ့ ဥတုရာသီ အကြောင်းချင်းရာတွေကို စူးစမ်းမှုတွေဖြစ်ကြပါတယ်။ သူမရဲ့ ကဗျာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှုတခုမှာ သူမက ခုလို ပြောသွားခဲ့ပါတယ်။

“ ကမ္ဘာလောကရဲ့ မည်းနက် ခက်ထန်တဲ့ အရာတွေနဲ့ လှပတဲ့အရာတွေကြားမှာ ဟန်ချက်ညီမှုတခု ရှိနေသလို ကျမ မျှော်လင့်ခံစားမိတယ်။ လူမှု ဒုက္ခ နဲ့ သဘာဝ အလှတွေဟာ ကျမအတွက် တကယ်ပဲ အရေးပါလှပါတယ်။ ဒီနှစ်ခုဟာ တချိန်တည်း တပြိုင်တည်းမှာ တည်ရှိနေတယ်ဆိုတဲ့ အချက်က မယုံနိုင်ချင်စရာပါပဲ။ သဘာဝအလှကို ဖွဲ့တဲ့ ကဗျာတွေကို လူမှု ဒုက္ခတွေအကြောင်း မတွေးမိဘဲ ကျမ မရေးနိုင်သလို လူမှုဒုက္ခတွေအကြောင်းကိုလည်း သဘာဝအလှတွေအကြောင်း မတွေးဘဲ ကျမ ရေးနိုင်စွမ်းမရှိပါဘူး။ ”

လူးဝစ် ဟာ နယူးယောက် တက္ကသိုလ်မှ ပညာရေး သိပ္ပံဘွဲ့၊ ကီးန် စတိတ် ကောလိပ်မှ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ (M.A.L.S) မာစတာဘွဲ့ နဲ့ မက်ဆက်ချုးဆက်စ် ပြည်နယ် အမ်းဟ့စ်ထ် တက္ကသိုလ်မှ ကဗျာစာပေဆိုင်ရာ (M.F.A) မာစတာဘွဲ့ ကို ရရှိထားသူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ (Landmark College) ကျောင်းမှာ စာပေသင်ကြားပေးနေပြီး
နယူး ဟမ်းစဖီးယားပြည်နယ် အောစတက်မြို့မှာ နေထိုင်လျက်ရှိပါတယ်။

လူးဝစ်ရဲ့ ကဗျာတွေကတဆင့် ၂၁ ရာစု အမေရိကန်ကဗျာစာပေရဲ့သဘောသဘာဝကို ခံစားကြည့်နိုင်ဖို့ သူမရဲ့ အိုင်အိုးဝါး ကဗျာစာပေဆုရစာအုပ်ထဲက ကဗျာအချို့ကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။


စိုက်ကွင်းထဲက အလင်းရောင် (Light in the Field)

နေ့ အလင်းဟာ သေနတ်ဖောက်သံတွေလို သက်ဆင်းလာ
အပြိုင်းအရိုင်းထမှုနဲ့ ထရပ်ကားလမ်းကြောင်းတွေ၊ ပဲရိုင်းပင်၊အက်စတာပင်တွေရဲ့ အရောင် အနုအရင့် အမျိုးမျိုးကို နှုတ်အစာကြွေးဖို့
ငါတို့ အားထုတ်ကြ
အားထုတ်မှုဟာ သူ့ဟာသူ ပင်လယ်ဆီပြေး၊ အမြှုပ်တစီစီထကာ သူ့ကိုယ်သူ အလွန်တရာကြီးမားမှုနဲ့ လွှမ်းခြုံသွားပြီး မရပ်နား၊ လုံးဝ လုံးဝ၊ မရပ်နားတော့
ခေါ်သံကို နားစိုက်မိရင်း ငါတို့ဟာ ငါတို့ဘဝတွေကို ထားခဲ့ပြီး
ရှေ့ဆက်ချင်မိကြ
ဒါဟာ နာဖျားမှုတမျိုးပဲ၊ ဒီလို ကာလမျိုးတွေအတွက် ငါတို့ကို အပြစ်ဆိုလို့မရ။






အိပ်မက်တခု အပြင်ထွက်သွားတယ် (A Dream Goes Out)

စာမျက်နှာ တရာကို လှန်လိုက်ပါ၊ လှန်နေစဉ် မင်းရဲ့လက်ကောက်ဝတ်က အောက်ကိုလျှောကျသွားပါစေ၊ လျှောကျရာမှာ မင်းကို ကြိုဆိုနေတဲ့ အောက်ခြေကြမ်းပြင်ထိ ကျသွားပါစေ..ကြင်နာနူးညံတဲ့ မိခင်တယောက်က ကလေးမကလေးတယောက်ကို နှုတ်ခွန်းဆက်၊ လက်ကိုဆွဲပြီး လိုက်ကာတွေချထားတဲ့ အိပ်ငိုက်ရာအခန်းတခုကို ခေါ်ဆောင်သွားသလိုမျိုးနဲ့ပေါ့
အိပ်မက်တခုဟာ အပြင်လောကထဲကို ထွက်သွားတယ်၊ သက်တောင့်သက်သာ ဝတ်ဆင်မှုနဲ့၊ ယုံကြည်မှု အပြည့်ရှိဟန်မျိုးနဲ့ ဦးဆုံးတွေ့တဲ့ ကဖေးဆိုင်ကို ဝင်ထိုင်တယ်။ ပရင်းမ်ရို့စ် ကုန်းမြင့်ထက် သူမြင်မိတဲ့ နေဟာ အဝတ်မပါတဲ့ လူတယောက်၊ ဒါပေမယ့် သူသောက်နေတဲ့ ကော်ဖီထဲက ရမ် ကြောင့် ဒါကိုသူ တပ်အပ်မပြောနိုင်။
ခုချိန် ငါတို့ဟာ ကမ္ဘာရဲ့ တဖက်ခြမ်းပဲ၊ အပူချိန်ဟာ မတ်ခွက်ထဲ ပုံရိပ်ထင်နေတဲ့ မျက်လုံးနှစ်လုံးနဲ့ ရေအိုးထဲက ဖားတကောင်လို ပြည့်ဝလို့နေ။ အိပ်ရာဖုံးပေါ်က အဖြူရောင်အိမ်ရဲ့ အပြာရောင် ပြတင်းပေါက်မှာ မြက်ပင်တွေဟာ အမြောက်အများ၊ ကျောက်စရစ်ခဲကလေးထက် သုံးရွက်ဆိုင်ပဲရိုင်းပင်ပေါ်မှာလည်း ပျားကလေးတကောင်။ ငါတို့ဟာ အလှမ်းကွာတဲ့ စိတ်တွေနဲ့ နားလည်တတ်ကြ၊ ဒါမျိုးက နွားတကောင်နဲ့ ပုရစ်တကောင်သာ ဖြစ်နေဦးတောင်မှ။ စဉ်းစားပေးရမယ့် ကလေးငယ်တွေရှိရဲ့။ သူတို့ ရေကူးကြမှာလား၊ သူတို့မှာ ဖြောင့်တန်းတဲ့သွားကလေးတွေ ရှိလာမှာလား။ တခါတခါကျ အတွေးတွေကိုယ်တိုင်က ပင်ပန်းလာတတ်ကြ၊ အတွေးတွေက သူတို့ရဲ့ စိတ်သောကကို အိပ်ငိုက်မှုမှန်း မသိကြလေတော့ ငါတို့ကပဲ သူတို့ ငိုယိုနေချိန်မှာ သူတို့ကို ချော့သိပ်ကြရ။ ငါတို့နှလုံးသားတွေက ပြည့်ဝလို့နေ။ သူတို့က အနီရောင် အပ်ချုပ်ကွက်တွေနဲ့ ဘောင်းဘီခွဆုံထက်က လျှာဆက်တို့ရဲ့ ကမ္ဘာလောကတွေပေါ့။ စိုက်ကွင်းတွေဟာ မွေးစားနွားတွေရဲ့ နှလုံးသားတွေပေါ့။ ဆရာဝန်ဆောင်တဲ့ နားကျပ်တွေမှာ ဂုဏ်သရေကြီးမြတ်မှုကို ငါတို့ကြားရ။ စားကျက်မြေဟာ တိမ်တွေပေါ်မှာ။ ချစ်ခြင်းဟာအတွင်းအင်္ဂါတို့ရဲ့အရာ။ မြက်ပင်တွေက ပေါက်ဖွားစအမှန်တရားလေးတွေအတွက် လမ်းဖယ်ပေးကြ။ ငါတို့သွားနေတဲ့လမ်းကြောင်းအမှန်ကအလုပ်နဲ့တည်တာမဟုတ်တဲ့၊ အပြောနဲ့တည်တဲ့ ကတိတလုံး၊ အလုပ်နဲ့ ဘာကြောင့် တည်နေမှာလဲ။ တနင်္လာဟာ ငါတို့ကို မြိုတဲ့ပြီး အင်္ဂါနေ့ထဲ ထွေးထုတ်လိုက်တယ်။ ငါတို့ရဲ့ အကန့်အသတ်တွေကို ငါတို့ ချဲ့ကားနိုင်တော့ ငါတို့က ရဲရဲကြီးကို ချဲ့ကြ ကားကြပေါ့။




ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ (In the Mind of a Dragonfly)

ငါဟာ အဲဒီ သေးပြီး အလျင်လိုနေတဲ့ ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ လှုပ်ရှားနေတဲ့ အရာ။ သစ်ခွကုန်းမြင့်ဆီ ငါ စက်ဘီးစီးတက်တယ်။
ကုန်းမြင့်မှာ ငါသွားအိပ်တယ်။ ငါ နိုးလာတယ်။ ငါဟာ အဲဒီ ကြီးမားပြီး
မမြင်ရတဲ့ လေ ဖြစ်တယ်။ ငါ တဖက်ကို လှည့်တယ်။ ငါ အရမ်းပူအိုက်နေတယ်။ ငါ လမ်းလျှောက်တယ်။ ငါဟာ တောတွင်း လမ်းကလေး ဖြစ်တယ်။ ကုန်းမြင့်က ဆင်းပြီး ရေကန်ကလေးနဲ့ စိုက်ခင်းရှိရာဆီ ငါ
လျှောက်လာတယ်။ နွားတကောင်မှ ငါ မမြင်မိ။ နေလှန်းထားတဲ့
ငါ့ ဦးထုပ်နဲ့ ဂျက်ကက်ရှိရာ ကုန်းထိပ်ဆီ ငါ ပြန်လျှောက်လာတယ်။ ငါဟာ နေလှန်းထားတဲ့ ငါ့ ဂျက်ကက်နဲ့ ဦးထုပ် ဖြစ်တယ်။ ငါ့မက်မွန်သီးကို ငါ စားတယ်။ ငါဟာ ဟိုးအဝေးကြီးက ငါ့မက်မွန်သီး လာရာ ဖြစ်တယ်။
ငါဟာ .. ငါ အချိန်ပေးမိသမျှအရာအားလုံးဖြစ်ပြီး၊ ငါ့အဖြစ်ဟာ
ဆက်ပြီးဆုပ်ကိုင်ထားရလောက်အောင် အရေးမပါတော့။ ငါ့ ရှပ်အင်္ကျီကို ငါ ချွတ်လိုက်တယ်။ ငါဟာ နေရောင်ထဲက ငါ့ခန္ဒာ ဖြစ်တယ်။ ရေကူးတာကို ငါ စိတ်ကူးမိတယ်။ ငါဟာ ရေကူးနေတဲ့ စိတ်ကူး ဖြစ်တယ်။

မင်းရဲအိမ်

Labels: ,