15 March, 2020

ကဗျာဆရာသမ္မတ

အိုကြီးအိုမတိုင်းပြည်တစ်ပြည်ထဲ
ကဗျာဆရာဟာသမ္မတဖြစ်လာတယ်လို့
ငါညကအိပ်မက်မက်တယ်

ဒီ့ထက်များ
အဲ့တိုင်းပြည်ဟာပိုဆင်းရဲသွားလေမလားအိပ်မက်ထဲမှာငါတွေးမိတော့
အိပ်မက်ထဲကတိုင်းပြည်ဟာ
ပျော်ရွှင်သိမ်မွေ့ပြီး ကမ္ဘာကြီးနဲ့တန်းတူရည်တူ
ရုပ်ရောစိတ်ရောခံစားမှုရော
အဆင့်အတန်းမြင့်မြင့်ရှင်သန်နေသလို
ငါ့ကိုLiveလွှင့်ပြနေတယ်

တစ်ခေတ်ပြီးတစ်ခေတ်
သူတို့ကိုသူတို့ပဲနိုင်ငံရေးနားလည်သူတွေလို့အထင်ရှိတဲ့လူတွေက
နိုင်ငံတွေကိုဖျက်ဆီးသွားတတ်ကြတယ်

ဘဝဆိုတာတော့တစ်ယောက်တည်းပဲ
ဘဝတူသူတွေဆုံစည်းမိကြတော့
နိုင်ငံဖြစ်လာတယ်

ဖြစ်လာတဲ့နိုင်ငံဟာ
သုမနကြောမှာ ဒဏ်ရာတွေချည်းပဲ

ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေကင်းစင်တဲ့နေရာကို
အိုကြီးအိုမတိုင်းပြည်ရဲ့နေရာအနှံ့အပြားမှာထားမယ်လို့ ကဗျာဆရာသမ္မတကပြောတယ်

ဒီလိုပါပဲ
အိပ်မက်ဆိုတာနိုးရတာပဲ
အိပ်မက်ထဲကတိုင်းပြည်လည်းတစ်နေ့နေ့တော့နိုးရမှာပဲ ။

အောင်ခိုင်မြတ်
မတ်၊၁၁၊၂ဝ၂ဝ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home