15 March, 2020

ရုပ်ရှင်

ရုပ်ရှင်ထဲက
လူထုအုံကြွမှုကြီးဟာ
ပိတ်ကားကိုထိုးခွဲခုန်ဆင်းလာပြီးတဲ့နောက်
နိုင်ငံတော်အလံဟာတိုင်ထိပ်ကိုပြေးတက်သွားခဲ့တယ်
ပြီးတော့
လေမှာတလူလူလွင့်လို့
အရောင်တွေလွင့်ကုန်တဲ့အထိ
အဖြူအမည်းမသဲကွဲတော့တဲ့အထိ
အခြားအရောင်တွေဝင်လာတဲ့အထိ
အပြာရောင်‌တွေပျောက်ဆုံးကုန်တဲ့အထိ
ကြယ်တွေကြွေကုန်တဲ့အထိ
ငါတို့လည်း
ရုပ်ရှင်ရုံထဲမှာကြက်သေသေပြီးပိတ်မိနေခဲ့တယ်
ခဏကြာတော့
ဘယ်သူအော်လိုက်မှန်းမသိတဲ့အသံနက်ကြီးထွက်လာပါလေရော
အဲဒီကျမှငါတို့အကုန်လုံးလိုက်အော်ကြ
တို့အရေးတို့အရေးဆိုပြီးရုံအပြင်ကိုတန်းစီအော်ဟစ်ထွက်ပြေးကြ
ရုပ်ရှင်ဟာငါတို့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး
ရုံထဲမှာရယ်မောကျန်ရစ်နေခဲ့တာ
နှစ်များစွာကြာမှ
ငါတို့သိခဲ့ကြရပါတော့တယ်။ ။

ကိုဇော်(ကလေးမြို့)
၁၃ရက် ၁လ ၂၀၂၀။

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home