အေသင်ပြီးနောက် သင်အာ*
လူသူတစ်ယောက်မှမရှိတဲ့ စားသောက်ဆိုင်ထဲက
ဆွတ်ဆွတ်ဖြူလူတစ်ယောက် ထွက်လာပြီး
'ဘာစားသောက်မလဲ' မေးလိုက်သလို
ကိုယ်တွေးနေတဲ့အတွေးတွေက ထွက်လာပြီး
ကိုယ့်ကို မေးလိုက်တယ်
အမှောင်ဟာ ဓာတ်ပုံတစ်ပုံကိုပတ်ပြီး စီးဆင်းတုန်း
တူလုပ်ထားတဲ့ ဝါးထဲကနေ တရုတ်ပြည်ရဲ့
ပုလွေသံကိုကြားလိုက်တယ်
ပြီးတော့ နားလည်သမျှဟာ တစ်ရှူးတွေအိပ်ပျော်
နေတဲ့ပုံးထဲကို ချောင်းကြည့်ရသလို
ဘာတစ်ခုမှ ခြေရာလက်ရာပျက်တာမရှိ
ပင်လယ်ကဏန်းလှေ ဆိုက်လာတဲ့အခါ
တံငါသည်တွေ ငါတို့ပါးစပ်ထဲ ခုန်ဝင်သွား
လက်ဖျားဟာ မီးတွေဖိုထားသလို ဒါကိုမြင်လိုက်ခြင်း
ဟာ ရုတ်တရက် အကျဉ်းစခန်းပါပဲ
ဝက်သစ်ချသားတွေ တောထဲကနေ သူတို့ကို
လာရောက်ခေါ်ဆိုဖို့ တောင်းဆိုနေတဲ့ထိုင်ခုံများ
နီညိုရောင်စန္ဒရားကိုလည်း ချစ်ပုံရ
နိုင်ငံနဲ့လူများကို ရေးဆွဲဖို့ တိုက်တွန်းမခံရရင်
ကိုယ့်ဖာသာဆွဲလိုက်ဖို့ ပြန်ရင်ဆုံးဖြတ်ချက်ချရမယ်
ကြေနပ်မှုဆိုတာ အထိမ်းအမှတ်ချီးမြှင့်ထားတဲ့
ဂေါက်တံကိုလွှဲရိုက်နေတဲ့ ရုပ်တုသေးသေးလေးတွေ
အကောင်းဆုံး ကိုယ်ဟန်အနေအထားနဲ့ပေါ့
ပိုင်ရှင်ရဲ့အမည်ထဲမှာ နောက်ထပ်
ပိုင်ရှင်ရဲ့အမည်ရှိနေတာကို မသိခဲ့
ရေနွေးဟာ လက်ဖက်ခြောက်ပျော်ဝင်လာတာနဲ့
တစတစအဝါတွေ များလာသလို
အားလပ်ချိန်နဲ့ အလုပ်ရှုပ်မှုဟာ ရောထွေးသွားတယ်
ဝင်လိုက်သမျှကလည်း တစ်ဖက်ပိတ်လမ်းတွေချည်း
ဒါကြောင့် ပြန်ထွက်ဖို့ကလည်း အမြဲရှာနေရ
ရွက်ဖျင်စတွေနဲ့ချုပ်ထားတဲ့ Levi ဂျင်းဘောင်းဘီ
ကင်းဘတ်စတွေနဲ့လုပ်ထားတဲ့ ပန်းချီကားတွေ
စကားလုံးတွေနဲ့တည်ဆောက်ထားတဲ့ ကဗျာတွေ
ဝင်ရောက်နေရာယူထားတဲ့ ဘာသာတရားဟာ
ဘုရားကျောင်းထဲ ပင်လယ်ဓားပြဝင်သွားခြင်းပဲ
ဒီအတွက်နဲ့ အီဂျစ်ကအရုပ်စာတွေကို
သင် မှတ်မိနေဖို့မလို နိုင်ငံသားတိုင်း
အစားအသောက်နဲ့ သမ္မတကို ရွေးခြယ်ခွင့်ရှိတယ်
ပြည်တွင်းစစ်က သေနတ်တွေကို ရွေးခြယ်သလို
ဘယ်လောက်ကျသလဲ ဆိုတာ
ဟိုလူက ဆုံးဖြတ်မှာပဲမဟုတ်လား
ပိုင်
၁၈ ဖေဖော်ဝါရီ ၂၀၂၀
* မြိတ်ပီတာစဘတ်က 'ကော်စွီး'လို့ခေါ်တဲ့ရေနွေးနဲ့မြည်းရသော
အစားအသောက်တမျိုးရောင်းတဲ့ စားသောက်ဆိုင်အမည်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home