တစ်ပတ်ရစ်ရှပ်အင်္ကျီသုံးလေးထည်အကြောင်း
ဖုန်တွေကိုခုခံဖို့ စားသောက်ဆိုင်မှာတွေ့ဖို့
အမြန်လမ်းပေါ်မှာသွားဖို့ ရသတ္တပတ်လောက်
အပြင်ဘက်မှာနေထိုင်ဖို့ ချိန်းဆိုဖို့ လွဲချော်ဖို့
တောင်မြောက်မသိတဲ့ မြို့ကြီးထဲ သံလိုက်
အိမ်မြောင်လို ကိုယ့်ကိုယ်ကိုယ် အရပ်မျက်နှာပြဖို့
လူကြီးလူကောင်းနဲ့ ဂျစ်ပစီကို ကော်ဖီနဲ့ခွဲဖို့
ပျော်ရွှင်မှုနဲ့ မပျော်ရွှင်မှုကို မသိအောင်ရောထွေးဖို့
ဘီယာဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ပြောဆိုဖို့
ဝင်ပေါက်ရှာမတွေ့တဲ့ ရုပ်ရှင်ရုံလက်မှတ်ကိုဝယ်ဖို့
ကောင်းကင်ဘုံထိတက်နေတဲ့ ပုံရိပ်စုပ်ယူမှန်ချပ်နဲ့
အဆောက်အဦးတွေကို မော့ကြည့်ဖို့
ဂြိုဟ်ကမ္ဘာလို ဂုံးကျော်တံတားတွေပေါ်တက်ဖို့
မတ်တတ်ရပ်ရင်း လမ်းပေါ်မှာ လက်မှတ်ထိုးပေးဖို့
ကိုယ့်ရှေ့ရောက်လာတဲ့ ကားနံပါတ်ကိုရွေးခြယ်ဖို့
လေထဲမျောနေတဲ့ အိပ်ရာတစ်နေရာကိုလိုက်ဖမ်းဖို့
မူလဆုံမှတ်ပြန်ရောက်ရင် အတွေ့အကြုံကိုပြောပြဖို့
TIME AND SPACEကို ပြန်နောက်ဆုတ်ဖို့
ဒါတွေတစ်ခုမှဖြစ်မလာခဲ့ရင် သူစိမ်းလိုဖုန်းဆက်ဖို့
အလွယ်တကူပဲလက်ခံလိုက်တာဟာ
ကိုယ့်အမည်ပေါ် အမည်းရောင်ပိတ်မိလား
IDကလည်း ပင်လယ်ဓားပြမဟုတ်ကြောင်း မပြနိုင်
ပိုင်
7 march 2020
Labels: ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home