ကောင်းကင်ဘုံသို့လွင့်နေတဲ့ ဆံပင်များ
ဒီလောကရဲ့ဖုံးကွယ်မှုတစ်ခုလို
ငြိမ်သက်မဲမှောင်နေတဲ့ အဆောက်အဦးကြီးတစ်ခုထဲ
ပိတ်ထားသောအခန်းများ၊
သွေးစို့နေသလို မီးနီလေးတစ်ပွင့်စီလက်လို့
အော့ဇ်ဝက်ဆန်ဆန် မဆုံးနိုင်အောင်
စင်္ကြန်ရှည်ကြီး တိတ်ဆိတ်လို့
တစ်ခါတလေ အခန်းတံခါးပွင့်သွားပြီး
လူတစ်ယောက်တလေထွက်လာ ပြီး ပြန်ဝင်သွား
အပြင်ဘက်မှာ တချို့နံရံကိုမှီပြီး ခေါင်းငိုက်စိုက်ချထား
တချို့ တစ်ဘက်ကို လှည့်ကြည့်လို့
လူတစ်ယောက်ရဲ့စိတ်အတွင်းပိုင်းနဲ့ တူတဲ့
အခန်းထဲမှာတော့ နောက်ထပ်လူတွေ ရှိနေပြန်
သူတို့ဟာ တစ်ယောက်ပခုံး တစ်ယောက်ဖက်
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်
တစ်ယောက်ဆီ တစ်ယောက်မှီလို့ တစ်ယောက်နဲ့
တစ်ယောက် ပူးကပ်ရပ်လို့ သီချင်းတစ်ပုဒ်ကို
အတူ အော်ဟစ်ဆိုနေကြ တစ်ခါတလေ
ပြိုင်တူ တစ်ခါတရံ တစ်ယောက်
်နားလိုက်တဲ့နေရာက တစ်ယောက် ဆက်ဆိုသွား
ပြီးဆုံးသွားဖို့ပဲမဟုတ်လားလေ
အစားအသောက်တွေ လျော့လာ ဘီယာတွေနည်းလာ
အလှဆင်ထားတဲ့ကော့တေးဟာ ပျက်စီးလာ
မနက်ဖြန်ရဲ့ရှာဖွေရဦးမဲ့ မျှော်လင့်ချက်တွေနည်းလာ
တစ်ယောက်တလေဟာ လဲကျ အိပ်ပျော်လို့
လူတွေရဲ့ ပျော်ရွှင်ဟန်ဆောင်ထားတဲ့ စိတ်နှလုံးသား
ထဲက နောက်ထပ်လူများကို တွေ့မြင်ခဲ့တဲ့ည
သူတို့ဆံပင်များ ကောင်းကင်ဘုံဆီ လွင့်နေကြပုံ
ဒီလောကရဲ့ဖုံးကွယ်မှုတစ်ခုလို
ငြိမ်သက်မဲမှောင်နေတဲ့ အဆောက်အဦးကြီးတစ်ခုထဲ
ပိုင်
၉ ၃ ၂၀၂၀
Labels: ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home