စာရေးချိန်
ဖေဖေဟာစာဘယ်မရေးဘဲပျင်းရိလို့နေတာ သီချင်းတွေနားထောင်ကာတစ်ညလုံးပဲ ရေဒီယိုအစီအစဉ်ပြီးမှရပ်နားသည်ဘယ်လိုလုပ်မလဲ။ ဒီလိုသာသီချင်းတွေချည့်နားထောင်ပြီးငြိမ်နေလို့ကတော့ ရေဒီယိုဖွင့်တဲ့ဓာတ်ခဲတွေကိုဝှက်ထားရမှာပေါ့။ စာရွက်ဖြူဖြူတွေဟာပြာသိုလရဲ့မြောက်ပြန်လေထဲမှာတဖျပ်ဖျပ်လှုပ်လို့သာ။ ကျွန်တော်တို့ဒီမှာရေးပါလှည့် ကျွန်မတို့ဒီမှာရေးပါလှည့်လက်ယပ်ခေါ်နေသလိုပဲတဲ့။ အကြံကောင်းတော့ရပြီ ဖေဖေ့ဖောင်တိန်ကိုမင်ဖြည့်ပြီးစားပွဲပေါ်မှာထားပေးမည်။စာရွက်တွေကိုညီညီစီထားရင် ဖေဖေစာပြန်ရေးမှာလားဟင်။ ဖေဖေဟာနာမည်ရနေပြီသိရဲ့လား ခုနေခါစာတွေအများကြီးရေးပါလား။ စာပုံနှိပ်စက်တွေကဖေဖေ့စာတွေတဂျိန်းဂျိန်းရိုက်နှိပ်ရတဲ့အခါ စောင်ရေတွေအများကြီးဆိုမှအများကြီးဖြစ်ချင်တာ။ကွန်ပျ ူတာကဖေဖေ့စာတွေတဖျောက်ဖျောက်စီရတဲ့အခါ စက်ယန္တရားအတတ်နဲ့လူသားရဲ့မေတ္တာအထင်အရှားဖြစ်ပေါ်လာတာ။ဒါပေမယ့်ဖေဖေပြတင်းပေါက်ကိုဖွင့်ပြီးလျှောင်းစက် မအိပ်ဘဲသန်းခေါင်ညဉ့်နက်။ ရေဒီယိုအစီအစဉ်ကပြီးသွားပြီ။လမ်းမကြီးလဲငြိမ်သက်ပြီ။ဖေဖေဘာတွေကိုစိတ်ကူးနဲ့စာစီနေသလဲ။ မလှုပ်မယှက်ဘဲ။ ဖေဖေ့ဖောင်တိန်ဟာသတ္ထုနဲ့လုပ်ထားတာ နစ်သွားဟာချွန်မြပြီးသိမ်မွေ့လို့သာ။ဒီအချိန်သာဖေဖေစာရေးနေလို့ကတော့ စာပုံနှိပ်စက်ကြီးကဝမ်းမြောက်ပျော်ရွှင်နေမှာပေါ့။ဖေဖေစာရေးမယ်မဟုတ်လား ပြောနေတာကြားရဲ့လား။ ဟိုတစ်ခါတုန်းကလို မြေကပ်နို့ရည်ပင်ကလေးတွေအကြောင်းဖြစ်ဖြစ်ရေးမယ်ဆို ။ အဲဒီအပင်ငယ်လေးအောက်မှာတရွရွသွားနေတဲ့ ပိုးကောင်သေးသေးလေးအကြောင်းလည်းထည့်ရေး အဲဒါသမီးသေးသေးလေး။
နေမျိုး
၁၃ ၁ ၂၀၂၀
Labels: ေနမ်ိဳး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home