လောင်နေတဲ့လေ
လေတွေလောင်နေတယ်အမေ
ကျနော်ကြည့်ဖူးတဲ့ပန်းချီကားထဲကအတိုင်းပဲ
လောင်နေတဲ့လေမှာ
သွားတိုက်စရာ ရေမရှိဘူး
အပေါ့အလေးသွားစရာ ရေမရှိဘူး
ကိုယ်လက်သန့်စင်ဖို့ရာ ရေမရှိဘူး
မရှိတာတွေခပ်များများနဲ့ လောင်နေတဲ့လေ
ဘယ်သူရှို့ထားပါလိမ့်
နှစ်ပေါင်းများစွာ လေဟာလောင်လို့
လောင်နေတဲ့လေထဲ
အိပ်ယာထရင် စကားပြောဖော်မရှိဘူး
ချက်ပြုတ်စားသောက်စရာရှိသော်ငြား
တဟဟလုပ်ဖော်လုပ်ဖက် သူငယ်ချင်းမရှိဘူး
အရေးကြီးတဲ့ ရေလည်းမရှိဘူး
လောင်နေတဲ့လေထဲ
ချောင်းကြည့်ပေါက်တွေများလို့ ခရီးထွက်ချင်တယ်
မလျှော်ရသေးတဲ့ဝတ်စုံနဲ့
မလျှော်ရသေးတဲ့ အဝတ်သုံးလေးစုံယူမယ်
လောင်နေတဲ့လေထဲ
အမေရယ် ဧရာဝတီမြစ်ကြီးရှိရာဆီသွားမယ်
အဝတ်လျှော်မယ်
ခေါင်းလျှော်မယ်
တစ်ကိုယ်လုံးကိုလည်းလျှော်ပစ်မယ်
လောင်နေတဲ့လေတွေရပ်တန့်သွားသည်အထိ
ကျနော်လျှော်ပစ်မယ်။
သက်ငြိမ်သစ်
Labels: သက်ငြိမ်သစ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home