09 March, 2020

မပျော်ရွှင်မှုရဲ့ရှေးဟောင်းနှောင်းဖြစ်

ညနေမှာ ကျောက်သားနံရံအကွက်တွေ
တောင်ကိုပတ်ထား သူ့ထက်နိမ့်တဲ့ခေါင်မိုးတွေကို
လှမ်းစကားပြောနေသလို
ပိုနိမ့်ဆင်းသွားတဲ့နေရာမှာ တစ်ချိန်ကရေမည်းတွေ
စီးဆင်းတဲ့ တံတားအောက်က ရိုးစင်းတဲ့အချိန်
ငါဟာ ပျောက်ကွယ်သွားတဲ့ လူတွေဦးခေါင်းပေါ်က
နင်းလျှောက်လာချိန်၊ သမိုင်းဆိုတဲ့
ပြောင်းရွှေ့မှုရဲ့ညည်းညူတာကို လက်ငင်းကြုံရ
ငါ့နောက်မှာ မီးတောက်တွေကျန်ရစ် ပြီး
အမှောင်ကိုအော်ဟစ်သံပေးဖို့ လျှို့ဝှက်ထား
ညစာစားဖို့လမ်းတွေ ကွေ့ကောက် တက်ဆင်း
ဘာမှမဟုတ်ခြင်းရဲ့နေလုံးအရိပ်ကို ချိတ်ဆွဲ
တောင်ထိပ်ကသချုႋင်းဂူတစ်ခု လေထဲပြန်တွေ့
ဆွေစဉ်မျိုးဆက်ရဲ့အဆုံးဟာ အစကိုဖော်လို့
ဝါးလုံးကို မခြောက်သေးတဲ့ အင်္ဂတေထဲနှစ်ပြီး
ရေးထိုးခဲ့တဲ့စာ နှစ်ပေါင်းများစွာသေခဲ့တဲ့ သတိရမှု
ဝေလငါးမှာအိပ်မက်ရှိရင် ခုလိုပဲ
ငါ့အရွယ်အတိုင်း မှုတ်ထုတ်လိုက်မှာပဲလို့ မတူးဖော်
ရသေးတဲ့ မြေသားရဲ့ကွဲကွာခြင်းကပြောတယ်

ပိုင်
၁၇ ဖေဖော်ဝါရီ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home