08 March, 2020

သစ်ပင်လေးတစ်ပင်အကြောင်း

အစွဲအလမ်းမှာ ရင့်ရော်ဝါကျင်နေရတဲ့ သစ်ရွက်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

သိမ်ငယ်မှုမှာ စိမ်းစိုဝေဖြာနေရတဲ့ အကိုင်းအခက်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

လူသူမသိတဲ့သက်ပြင်းနဲ့ အမည်မဖော်လိုသူ ရေသောက်မြစ်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

သစ္စာတရားမှန်ရင် ခြမစားဘူးရယ်လို့
ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတဲ့ ပင်စည်လေးပေါ့ကွာ
အချစ်ကို ဖျားယောင်းလို့ မလွယ်တော့တဲ့အခါ

ခင်ဗျားတို့လည်း သိမှာပါ
အချစ်က ဖျားယောင်းရခက်တယ်
ကျွန်တော်က သစ်ပင်လေးတစ်ပင်
သူ့စိတ်နဲ့ ဝေတယ်
သူ့စိတ်နဲ့ ကြွေတယ်
အခုလည်း
ဖြတ်သွားဖြတ်လာ လေညှင်းလေးကို လူကြုံပါးနေရတဲ့ အကြောင်းအရာ
ခင်ဗျားတို့လည်း သိမှာပါ ။ ။

မိုးရင့်ကြယ်
၂၀၀၅ ၊ ဖေဖော်ဝါရီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home