Showing posts with label မောင်ဆေးရိုး. Show all posts
Showing posts with label မောင်ဆေးရိုး. Show all posts

တနင်္လာနေ့ တောလမ်းကလေး


မမြင်ရတဲ့မင်နဲ့ရေးထားတဲ့ ဖြစ်တည်မှုထဲ
ဘဝဟာ ဆူးတွေ တန်းလန်းနဲ့ စိမ်းစို
တံလျှပ်တွေက ယုန်ကလေးတွေဖြစ်တော့
တောင်ခြေကုန်းမြင့်တစ်ခုလုံး ပျော်စရာစီးဆင်း
ချုံပုတ်တွေ ဖြစ်တဲ့အခါ အသက်ရှုသံအမှောင်တွေ
တဖွဲဖွဲ လေးလံပိကျ
ပျားရည်စုပ်ငှက်ကလေးရဲ့ အသံအိုးပေါ်ပူနွေးတဲ့
ကြိုးကိုတုန်ခါရင်း
သရက်ကင်းရနံ့တွေ အော်ခေါ်ချင်သေးလို့။ ။

မောင်ဆေးရိုး
စတိုင်သစ် မဂ္ဂဇင်း
မတ် ၂၀၀၂

ဆူးလေလမ်းတဝိုက်

ရေခဲရေ ခွက်ခေါက်သံ
ကားများ ဟွန်းသံ
ခိုတွေ အလန့်တကြား ထပျံသွားကြပေါ့
ဆယ်စုနှစ်များထဲ
လူနေထူထပ်
တဦးနဲ့တဦး ပျာယာခတ်ကြ
မြို့ပြမိုးတိမ်
ဂုံးကျော်တံတား
စာအုပ်အဟောင်းတန်း ... ဖြတ်သန်းခဲ့ပြီးနောက်
တခါတရံ အားငယ် စိတ်ဓာတ်ကျ ...
တခါတရံ ရဲရင့် ...
ခေတ်ရဲ့ လှေကားထစ်ပေါ်မှာ
အပတ်စဉ်ဂျာနယ်များ
ဆန္ဒပြပွဲများ
ကင်မရာ မီးရောင်များ တဖျပ်ဖျပ် ...
လူငယ်လေးတယောက်ကတော့
အားလုံး ရ ရင်ရ
မရရင် ဘာမှမယူဘူးဆိုတဲ့ ကဗျာစာသားတွေ
လိုက်ဝေနေလေရဲ့ ။ ။

မောင်ဆေးရိုး

နတ်သမင်တစ်ဦးရဲ့ ဒိုင်ယာရီ

အဲဒီစီးဆင်းမှုထဲမှာ
ဂျုံခင်းဟာ ဂျုံခင်းနဲ့မတူတော့
ရထားဟာ ရထားနဲ့မတူတော့
အခါမဲ့ရွာချလိုက်တဲ့ပန်းတွေက မြေလမ်းပေါ်မှာဝါလို့
ကောင်းကင်ကို ပလပ်ထိုးကြည့်တော့
တစ်စစီပြန့်ကြဲနေတဲ့သိုးများ သမ်းဝေနေတဲ့မြွေတစ်ကောင်နဲ့ အမည်မဲ့နေ့စွဲတစ်ခု
ချောင်းစပ်မှာ သဲတွေနဲ့ ပိကျနေတာ ၁၈ ရာစုရဲ့ ဆင်ခြေတုံတရားပေါ့
ခုမြင်နေရတဲ့ ရှုခင်းကလေးကို စကားလုံးနဲ့ဖော်ပြလို့ရပါသလား
ဘုရားသခင်က လက်ပတ်နာရီရှာနေတုန်း

ငါ ပျံဝဲနေခဲ့တယ် ။

မောင်ဆေးရိုး
သောင်းပြောင်းထွေလာရယ်စရာ ။ ဇန်န၀ါရီ ။ ၂၀၀၃

စစ်ပွဲ

တစ်ခွက်ပြီးတစ်ခွက်နှစ်ချို့အမှားအယွင်းဝိုင်
ချိုးသားရင်အုံကြော်က ဖဲ့မြည်းစရာ
တစ်စက်မကျန်အကုန်မော့သောက်ရင်း
ဒေါနဲ့ မောနဲ့ ကန်ကြောက်ထွက်သွား
နတ်ဆိုးတောင်ကုန်းဆီ ။

မောင်ဆေးရိုး
ရယ်စရာ ဂျုလိုင် ၁၉၉၇

ယာမြေ

မိုးရက်တွေနဲ့အတူ လွင့်တက်လာတဲ့ ယာမီးခိုးတွေပေါ့
ပေါင်းမြက်တွေကိုသာ တစ်ပွေ့ပြီးတစ်ပွေ့ ပစ်ထည့်နေမိတယ်။
ပြာနဲ့ချွေးစက်တွေကတော့
ထယ်ရေးတွေအောက်မှာ မြေဆီဖြစ်သွားကြ
ဘ၀ရဲ့တစ်ဝက်စာကို
မျိုးစေ့တွေနဲ့အတူ ကြဲပက်လိုက်တဲ့အခါ
တစ်အိုးတစ်အိမ် သီးပွင့်လာမယ့် မျှော်လင့်ခြင်းဟာ
အသက်ရှူသံပြင်းပြင်းနဲ့
ကန်သင်းကျိုးခဲ့ပေါ့ ။

မောင်ဆေးရိုး
ပန်းဝေသီ ။ သြဂုတ် ။ ၁၉၉၆

အစွဲအလမ်းများ


သဘာဝရဲ့စွန့်ကြဲမှုဟာ တောင်တန်းတွေရဲ့မျက်နှာကျက်မှာ အစိုင်အခဲဖွဲ့
လူထီးနဲ့လူမ တစ်ဦးကိုတစ်ဦး သေကောင်ပေါင်းလဲရှာဖွေရင်း ကမ္ဘာဦးဆန်
ငါတို့အမည်နာမတွေက ငါတို့အနုပညာပေါ် နွေဦးပေါက်ကြ
မှောက်မှားမှုနဲ့ မစွဲလမ်းပါနဲ့တဲ့
ငါတို့ချိုမြိန်ရာ ပန်းခြံရက်ကွက်နဲ့ ထိုင်ခုံတစ်လုံး အရာအားလုံးချိတ်တွယ်ပြီးမှ
ခုလိုထပ်တူဖြစ်ဖို့ အော့အန်ရ
ဒဏ်ရာဟောင်းတွေဆွဲနှုတ်ဖို့ နောက်ထပ်ဒဏ်ရာတစ်ခု စိုက်ဝင်ရ
တရားနဲ့ဖြေရတယ် အဲဒီတိတ်ဆိတ်မှုဟာ ဘယ်သူဘယ်ဝါမကွဲပြားခင်
တစ်နေရာရာကညှော်နံဟာ မနေ့ကလို အငွေ့အူနေတဲ့ရင်အုံပေါ့
စပျစ်သီးထည့်ရင် အပြုံးတစ်ခုပြန်ပေးပြီး
ရွဲ့စောင်းမှုကိုထည့်တော့ ဆောင်းရာသီပြန်ပေးတတ်တဲ့ ကံကြမ္မာရေ
နာမ်နဲ့လုပ်တဲ့ ပျော်ရွှင်ဖွယ်အိမ်ကလေးမှာ ညစာအမီ စင်ကြယ်ဖို့
စံပယ်တွေမွှေးသစ်မယ် ဖုန်းဆိုးရင်တစ်လုံး အပြိုင်းအရိုင်းထ
ငါ့ကိုယ်ငါ ထမ်းပြန်ခဲ့တယ်။

မောင်ဆေးရိုး
ချယ်ရီ၊ ဧပြီ၊ ၂၀၀၀

လူတစ်ကိုယ်စာဂီတ


အခုမောင်းနှင်နေတဲ့ ကမ္ဘာကြီးက မြန်တယ်
နေမှုစတိုင်လ်ထဲ
သူရဲကောင်းဆန်တာ နည်းနည်းတစ်ဝက်
အဲဒီစိတ်ခုန်မှုနဲ့ ရှိခဲ့တယ်
စိုက်ခင်းကလေးက
ရှင်သန်မှုအတွက် ကိုယ်ရည်ကိုယ်သွေးဖြစ်သလို
ရေဒီယိုတစ်လုံးထဲမှာ
နောက်တစ်နေ့ရဲ့ ရွက်တိုင်ထိပ်ဖျားကို တစ်စွန်းတစ်စမြင်ရမယ်
အနုပညာကတော့
ဘ၀ရဲ့နက်ရှိုင်းမှုလက်ဆောင် . . .
ကြည့်နေဆဲ
လွင့်ကျလာတဲ့ ကျွတ်ဆတ်ဆတ်အမှားများ
တစ်စစီ
အရှင်လတ်လတ်ကြိုးတန်းမှာ
ကိုယ့်ကိုယ်ကိုထိန်းညှိထားရတဲ့ . . . လူတစ်ယောက်
အဲသလို . . . ချုပ်ရိုးပေါ် ချုပ်ရိုးထပ်နေတဲ့
ဒဏ်ရာများအပါအ၀င်
ရေးလက်စနေ့ရက်များနဲ့ ချိတ်တွယ်ထားတဲ့ . . . စီးဆင်းမှု့

မောင်ဆေးရိုး
ဟန်သစ်၊ မတ်၊ ၂၀၀၅

အခန်း


ငါ့ယာခင်းပေါ်က ကမ္ဘာတစ်ခုစီးဆင်းခဲ့
မနေ့က ငါ့အသက်ဟာ ဆက်ထုံးတွေများခဲ့ပြီ

ကက်ကိုဘိန်းဖြစ်ဖြစ်
ဟဲမင်းဝေးဖြစ်ဖြစ်
အစိမ်းလန်းဆုံးတောက်ပပြီး
အစိမ်းလန်းဆုံးထုတ်ချင်းပေါက်ခဲ့ကြတာ မဟုတ်လား

စနစ်တကျကြွေပြဖို့
ငါက ကမ်းပါးအိုကြီးဆီ ရွေ့နေချိန်
ကမ်းပါးအိုကြီးကို တစ္ဆေဖဲ့စားနေရဲ့

လောကဓံထဲမှာ
အသွားနှစ်ဖက်ဓားတွေ နံကြားဝင်တာလောက်တော့
ပျင်းစရာ
ငါမဟုတ်တဲ့ အခန်းမှာ ငါကိုယ်တိုင် ကပြနေရင်းနဲ့ . . . . ။

မောင်ဆေးရိုး
စတိုင်သစ်၊ ဇွန်၊ ၂၀၀၄

မန္တရားများ


ကြိုးတွေကို တီးခတ်လိုက်တော့
စိတ်တွေက ငါ့အခန်းထဲ စီးဆင်းသွားကြတယ်
အနုပညာဓါတ်ကြွမှု့တွေနဲ့
သွေးနဲ့သားနဲ့ ယာခင်းကလေးကို ဘယ်ဝိုင်ယာနဲ့ ချိတ်တွယ်မလဲ
အရုပ်ဟောင်းနဲ့ မကစားချင်တော့ဘူးတဲ့
သေတ္တာထဲက ခုန်ထွက်လာတဲ့ ကြယ်တာရာတွေက
စံပယ်ဖြူဖြူများ
မီးအသစ်များ
ငါကောင်းရင် ငါ့ကိုပြန်ကောင်းကြလိမ့်မယ်ဝါဒ
မရွာပဲညို့ရုံညို့ပြနေတဲ့ အဲဒီကောင်မလေး
ညနေခင်းပြဇာတ်ကို လူတွေ မြင်ယောင်ခဲ့ကြသလို
ငါ့စိတ်ကူးယဉ်မှုကို ငါ မြင်နေရ
ကိုယ့်ကိုယ်ကို မသေချင်သေးအောင် ပွင့်ပြနေရတယ် ။

မောင်ဆေးရိုး
စတိုင်သစ်၊ ဇန်န၀ါရီ ၊ ၂၀၀၂

ဆင်ခြေဖုံး


ဆင်ခြေဖုံးဟာ
ဆင်ခြေဖုံး မဆန်တော့ဘူး ဆိုပေမယ့်
ဆင်ခြေဖုံး ဆန်သလောက်လည်း ဆန်သေးတဲ့
ဆင်ခြေဖုံး ပေါ့။

လူတွေ
ကြံဖတ်လို ညနေခင်းတွေကို
မူးဝေမှု့ထဲ ပစ်ချနေကြ။

တချို့က
တနင်္ဂနွေမပါတဲ့ ရက်သတ္တပတ်တွေကို
ရေတွက်။

တချို့က
အလည်လွန်ညနေစာတွေကို ရေတွက်လို့။

ဓာတ်ပြားလိုမိန်းမတွေ
မွှေးရနံ့ရှိရာဆီ သူတို့အာရုံတွေနဲ့ပစ်ပေါက်
ကြပ်ခိုးစွဲ ဒိုင်ယာရီတစ်အုပ်လုံး
“မသိမှု” နဲ့ “မရှိမှု” စာလုံးတွေ ပြည့်သိပ်
မှောင်ရိပ်ထဲမှာ
ငယ်ရွယ်သူတွေရဲ့
မေတ္တာတရားနဲ့ လူဆန်ချင်တဲ့စိတ်ပေါ့။

ကလေးတချို့ကတော့
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုအဝေး
ခပ်ပါးပါးအလင်းအိမ်ကလေးဆီ ငေးလို့။

                                                                   မောင်ဆေးရိုး(မုံရွာ)
  ကလျာ၊ အောက်တိုဘာ၊ ၁၉၉၅
                                                                   ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ