ဆင်ခြေဖုံးဟာ
ဆင်ခြေဖုံး မဆန်တော့ဘူး ဆိုပေမယ့်
ဆင်ခြေဖုံး ဆန်သလောက်လည်း ဆန်သေးတဲ့
ဆင်ခြေဖုံး ပေါ့။
လူတွေ
ကြံဖတ်လို ညနေခင်းတွေကို
မူးဝေမှု့ထဲ ပစ်ချနေကြ။
တချို့က
တနင်္ဂနွေမပါတဲ့ ရက်သတ္တပတ်တွေကို
ရေတွက်။
တချို့က
အလည်လွန်ညနေစာတွေကို ရေတွက်လို့။
ဓာတ်ပြားလိုမိန်းမတွေ
မွှေးရနံ့ရှိရာဆီ သူတို့အာရုံတွေနဲ့ပစ်ပေါက်
ကြပ်ခိုးစွဲ ဒိုင်ယာရီတစ်အုပ်လုံး
“မသိမှု” နဲ့ “မရှိမှု” စာလုံးတွေ ပြည့်သိပ်
မှောင်ရိပ်ထဲမှာ
ငယ်ရွယ်သူတွေရဲ့
မေတ္တာတရားနဲ့ လူဆန်ချင်တဲ့စိတ်ပေါ့။
ကလေးတချို့ကတော့
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုအဝေး
ခပ်ပါးပါးအလင်းအိမ်ကလေးဆီ ငေးလို့။
မောင်ဆေးရိုး(မုံရွာ)
ကလျာ၊ အောက်တိုဘာ၊ ၁၉၉၅
ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ
No comments:
Post a Comment