06 March, 2020

ဖြည်းဖြည်းချင်း လျှောက်

မင်းကိုကြည့်ရတာ
မသိမ်းရသေးတဲ့ မြို့လိုပဲ
ဒုတိယအကြိမ် ပြန်ရိုက်ထားတဲ့ စာအုပ်လိုပဲ

အိုင်းစတိုင်းလိုလို
ဂက်စ်မီးတောက်လိုလို

ကိုယ့်လူ
ဓားခုတ်ခန်းတွေ နည်းနည်းလျှော့။

ငါတို့ ထိုင်နေတာ
နိုင်ငံတကာ ဆေးရုံရှေ့၊

ငါတို့ ထရယ်လို့
ပိတောက်တွေ ထပွင့်တာ။

ထင်တာကို ထင်သလို ထပြောရင်
ထင်းခြောက်က မီးထတောက်ရုံပဲ။

ကားဘီးတွေ
လေသွန်ချရုံနဲ့
လမ်းကို ပိတ်ဆို့လို့ မရ။

မိုးသီးမိုးပေါက် ကျသလို
မြို့ထဲ
မင်းနာမည်တွေ ထွက်ကျ။

ကိုယ့်နာမည်
ကိုယ် ထိုးရောင်းလို့ရတဲ့ ခေတ်လား။

ကိုယ့်လျှာကိုယ် ဖြတ်မိတဲ့အခါ
ဘတ်စ်ကားတွေ ထိုးရပ်
အချိန်နာရီတွေ ထိုးရပ်
မင်း စပ်ဆိုထားတဲ့ ကမ္ဘာကြီးလည်း ထိုးရပ်။

အဲဒီစားပွဲပေါ်
မင်းနာမည် တပ်ထားလိုက်။

စောင့်နေ။
ဖြည်းဖြည်းပေါ့
ငါ မင်းကို သဘောတူပါတယ်။

နောက်တစ်ပတ် တနင်္ဂနွေမှာ
ရေးလက်စတွေ ရပ်
ငါ မင်းနဲ့ မြို့ထဲသွားဖို့ သဘောတူပါတယ်။ ။

ခရမ်းပြာထက်လူ
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
၂၀၀၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home