ရုတ်တရက်ကြားဖဲတချပ်ဖြတ်ဝင်လာသလိုဖိုးဇော်ကိုဂျော်နီကပ်တယ်တဲ့
ဂျော်နီဆိုတာက
ပုလင်းထဲက သင်းကွဲထွက် ပုလင်းမှာကပ်ပြီးလမ်းလျှောက်နေတဲ့
ကပ်ပါးပိုးတကောင်
ပုလင်းအရောင်နဲ့ ပါးပြောင်နေသူပေါ့။
ဂျော်နီဆိုတာက
လမ်းမထိပ်မှာ လိပ်ပတ်မလည်အောင်ဆေးခြောက်ရှူပြီး
ငွေသံကြောင့် လိပ်ပတ်မလည်လည်း တိမ်တွေလို မပြိုကွဲခင်
ငြိမ်ငြိမ်လေး စိမ်နဲ့ဇိမ်ကျ လိပ်တကောင်လို လိပ်နေတဲ့ဖျာတချပ်ပေါ့
သူ့ကို ဘယ်သူမှ ယောင်လို့ ခင်းမထိုင်ကြ။
ပုလင်းထဲက ထွက်လာတဲ့ ဂျော်နီဝေါ့ကားလို တခါတခါ
ဘုံဆိုင်အဟောင်းလေးထဲက အသစ်ထွက်ကျလာတဲ့ အန်ဖတ်အသစ်လို
ဂျော်နီဟာ လမ်းရဲ့ ခံစစ်မှူးတွေကို အလုပ်ရှုပ်စေတယ်။
လာသမျှခွေး လူနဲ့ရှူးတိုက်သလို ဆူညံ
မော်တော်ကားတွေရဲ့ ခွန်းတုံ့သံတွေကို ခုန်မရှောင်
လူအုပ်ကြီးရဲ့ တခွန်းမကျန်ခံပြောတာကို ဂရုမစိုက်
ဂျော်နီဟာ လူတန်းစားမရွေး စိန်ခေါ်။
ဟေ့ ကားပေါ်မှာ တသက်လုံးသောင်တင် လမ်းမလျှောက်တဲ့ကောင်တွေ ဆင်းခဲ့
ဟေ့ သေနတ်သာပစ်တတ်ပြီး ဆေးကြ ပြန်မကုတတ်တဲ့ကောင်တွေ ထွက်ခဲ့
ဟေ့ ဟိုချောင် ဒီချောင် ဆေးထိုးစားနေတဲ့ကောင်တွေလည်း လာခဲ့
လူတန်းစားမရွေး ဂျော်နီရဲ့ ဆက်ဆံရေးဟာ သင်းတယ် ပြင်းတယ်ပေါ့။
new blood လေးတွေကို ချူစား ခြောက်စား မြှောက်စား
မိဘတွေက ဂျော်နီကို ကားစင်တင် ကင်စားချင်ကြတယ်။
စီနီယာတို့ရဲ့ ထုံးစံအတိုင်း ဂျူနီယာလေးတွေဆီက ရသလောက်ဖဲ့
ဂျော်နီဟာ C,Am,F,G မသိပဲ
ဂီတာကြီတဒေါင်ဒေါင်နဲ့ မိုက်ကြေးခွဲသလို ဂိုက်ပေးလည်း ကြမ်း
ဂေါ်လီ လမ်းသူရဲ လေနဲ့ ဝမ်းမကွဲ သဲထဲရေသွန် မကောင်းမှုမှန်သမျှမှာ မာရသွန်။
ဂျော်နီဟာ ရပ်ကွက်ထဲမှာ အရိုးကြေကြေ အရေခန်းခန်း ဘယ်အခန်းမှာမှ မပါဝင်ဘူး
သူက မင်းလျှောက်သွားတာ အချိုးမပြေရင် မိုးရေထဲလည်း ပြေးထိုးတယ်ဆိုပဲ
ဂျော်နီ တော်ကီပွားရင် လော်လီကားကြီးတွေတောင်ရပ်ပေးရ
ကြာတော့ ရပ်ကွက်လူကြီးကတောင် သူ့ကို အပူပေးထားရတယ်ဆိုပဲ။
တနေ့ လမ်းထိပ်မှာ လမ်းပိတ်ပြီးရောင်းနေတဲ့ ဂျော်နီရဲ့အမေ မုန်ဟင်းခါးဆိုင်မှာ
ဂျော်နီဟာ တကုပ်ကုပ်နဲ့ လမ်းနဲ့အံဆွဲထဲကပိုက်ဆံကို စုပ်ထုတ်ဖို့ကြံနေတုန်း
ပရာဒိုနဲ့ မာဘိုရိုခဲထားတဲ့သူငယ်ချင်းတယောက် ဂျော်နီကိုတွေ့သွားတယ်
ငယ်သူငယ်ချင်းဟာ မာဘိုရိုကိုဖြုတ်ထုတ်လိုက်ပြီး ဂျော်နီကို ဆွဲထုတ်ခဲလိုက်တယ်
လမ်းဟာ တချက်လူးလွန့်သွားပြီး
ကားဟာ ဆူးတချက်စူးမိသယောင် အော်ဟစ်ထွက်သွားတယ်။
ဒီလိုနဲ့ ဂျော်နီဟာ ရပ်ကွက်ထဲကပျောက်သွား
ဓားသွေးကျောက်ရောင်းတဲ့ကောင်တွေ မျိုးတုံးသွားတယ်
ကလေးတွေ ကျောင်းမှာ အောင်ချက်တွေကောင်းလာတယ်
မိဘတွေရဲ့ ချာတိတ်တွေအပေါ်တပ်ထားတဲ့ ညမထွက်ရအမိန့်တွေ ရုတ်သိမ်းသွားတယ်။
ဒီလိုနဲ့ ဂျော်နီ ပျောက်သွား
ခရီးဝေးထွက်သူများက ဂျော်နီကို ညဘက်ညဘက်
ရန်ကုန်_မန္တလေး ဟိုင်းဝေးလမ်းမကြီးတွေရဲ့ဘေးမှာ လက်တပြပြနဲ့ တွေ့ကြသတဲ့
သူ လက်ပြလိုက်တာမြင်ရရင် သစ်လုံးကား လော်လီကား ထရပ်ကားတွေအားလုံးဟာ
ဒုန်းစိုင်းပြေးလာတဲ့နွားလှည်း ဇက်ကြိုးဆွဲလိုက်သလို ရပ်လိုက်ကြသတဲ့။
လူတွေက ဂျော်နီရဲ့ပခုံးကိုကျော်ကြည့်လို့ အညှော်မိသွားကြသတဲ့
လေးတန်းတောင် မအောင်တဲ့ဂျော်နီ
သရဲနီ ဘောလုံးအသင်းက ကီးပလေယာများတောင်ဖြစ်လာသတဲ့။
ဂျော်နီပြောတာက
သူ့သူငယ်ချင်းဟာ ခြင်္သေ့တွေကို အိမ်မှာ ဆာလာအိတ်နဲ့တောင် ထည့်ထားရသတဲ့။
အဲ့ဒီလို ဂျော်နီဟာ
လေး ငါး ဆယ်နှစ် သစ်ပင်တွေထဲ ပါသွားလိုက်တာ
သစ်ပင်တွေရှင်းတော့မှ လင်းပြီးတော့ သူပြန်ရောက်လာတယ်။
သူ ပြန်ရောက်လာတော့ လူတွေက
ဂျော်နီရဲ့ အကောင်းစားစီးကရက်ကို မီးညှိပေးကြတယ်
ဂျော်နီရဲ့ အကောင်းစားဖိနပ်ကို နင်းမိမှာကြောက်လို့ ခပ်ခွာခွာ အနောက်ကလိုက်ကြတယ်။
ဂျော်နီကို လက်ဘက်ရည်တိုက်ကြတဲ့အပြင်
ဂျော်နီကို မီးပူတိုက်ပြီး သိမ်းထားချင်တဲ့ သမီးရှင်တွေတောင်ရှိရဲ့။
နောက်တော့ ဂျော်နီဟာ ကောင်မလေးတယောက်ကို ယူလိုက်တယ်
ကောင်မလေးကလည်း ဂျော်နီထက် ဂျော်နီအိတ်ထဲကခြင်္သေ့တွေကို ပိုခိုက်မိတာကို။
ပြီးတော့ ဂျော်နီဟာ မုန့်ဆိုင်
လက်ဖက်ရည်ဆိုင် ဆိုင် ဆိုင် မဆိုင်ဆိုင် ဆိုင်တွေ အကုန်ဖွင့်တယ်။
သီချင်းကိုလည်း အကျယ်ကြီး အတောင်ပံကိုလည်း အကျယ်ကြီး
လမ်းမကိုလည်း အကျယ်ကြီးဖွင့်
အင်ဂျင်တွေတုန်အောင် မောင်းနေရင်း တနေ့မှာ
ခေတ်ကြီးစောင်းသွားတယ် မြစ်ကြီး ပြောင်းပြန်စီးလာတယ်
အသံသစ်ကြီးတခုက လွှသွားတခုလို လည်ပြီး
ဝင်လာကာ ဂျော်နီရဲ့ ခါးကိုဖြတ်ချသွားတယ်
မိုးလင်းတော့ လမ်းမဟာ ဂျော်နီကိုမျိုထားလျက်သားနဲ့ လဲကျနေတာကို ငါတို့တွေ့ရတယ်။
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီ ကျွန်တော့်ဆီက အရက်ဖိုး ၁၅၀ လာတောင်းသွားတယ်
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီမိန်းကလေး တောကိုပြန်ပြေးသွားတယ်
အဲ့ဒီမတိုင်ခင်က ဂျော်နီ ဗိုလ်ကျထားတဲ့ ဂျော်နီ့ငယ်နိုင်များ
ဂျော်နီရဲ့ငယ်ပါကို လမ်းကြားမှာ ဝိုင်းကန်သွားကြတယ်။
ဂျော်နီရဲ့ နောက်ဆုံးနေ့ရက်များဟာ ဘင်လာဒင်ရဲ့ နောက်ဆုံးနေ့ရက်များလို
ကဒါဖီရဲ့ နောက်ဆုံးနေ့ရက်များလို ဟစ်တလာရဲ့ နောက်ဆုံးနေ့ရက်များလို
ဘယ်လိုပြောရမလဲ ဆက်ဒမ်ဟူစိန်ရဲ့ နောက်ဆုံးနေ့ရက်များလို ဘာလိုလိုနဲ့
နောက်ဆုံး ဂျော်နီဟာ
အရက်ဆိုင်ကထွက်လာတုန်း လေယာဉ်ပိကျပြီး သေသွားသလိုလို ပြောကြတယ်။
ဂျော်နီကို ကျွန်တော်တို့ မေ့သွား။
မနေ့ကမှ ကျွန်တော့်သူငယ်ချင်း ဖိုးဇော် ပြောတာက
သူ ည ၁၂ နာရီလောက် အိမ်အပြန်လမ်းကြားမှာ ဂျော်နီကပ်သတဲ့
ဟုတ်ရဲ့လားဆိုတော့
ဂျော်နီသေတာ (၅) ရက် ရှိပြီတဲ့။ စိတ်မချရသေး။
ရက်လည်အောင် စောင့်ကြစို့လို့ ကျွန်တော်ပြောရင်း
အိမ်အပြင် ဟိုးအဝေးက မြို့ပြင်သင်္ချိုင်းကို ရမ်းရော်ငေးလိုက်မိတယ်
ကမ္ဘာမြေဆွဲအား တော်လဲသံတွေဖြတ်ပြေးနေတာကို
ခွေးအူသံတွေနဲ့အတူ ကျွန်တော်တွေ့လိုက်ရ။
ခရမ်းပြာထက်လူ
idea magazine , july 2013
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home