အိုဘယ့် ငါ့မဟာရန်ကုန်တော်
စိမ်းမှောင်ကြည်လင်တဲ့ ရင်သားပေါ်စစ်/ မြင်းတပ်ကြီးခုန်ချ
အသည်းပေါက်သလို ပွက်ကနဲ ပွက်ကနဲ ပွက်ကနဲ မြစ်ဆီက
သွေး (သို့မဟုတ်) ဝိဉာဉ်တို့ ခုန်ခုန်ပြီးတက်သွားကြ၊မြင်လား ၊ မြင်သားပဲ
ကမြင်းသား ကဆုန်ပေါက်ကာ ဒီမြင်းရိုင်းတွေပြေးသွားတဲ့လမ်းတစ်လျှောက်
မြစ်ဟာ မနာကျင်ပဲပိုလှလာပုံအကြောင်းလည်း ငါတို့အသေခံဖွဲ့ကြတယ်
ဝေါ့ရှိတွေ ပိုစတာတွေ ဂျာနယ်မဂ္ဂဇင်းတွေ နဲ့ အိမ်နံရံတွေမှာ
သမိုင်းအထောက်အထားတွေနဲ့ မိုးလင်းမိုးချုပ်ရေဒီယိုတွေ
ပြီးတော့ လက်ဖျံရိုးတွေပေါ်မှာတက်တူးတွေအဖြစ်နဲပေါ့ အိုဘယ့် မဟာရန်ကုန်တော်။
ပြောရဦးမယ်
ရန်ကုန်ရဲ့ ကားကြိုကားကြားမှာ စက္ကန့်တံလေးတစ်ချောင်းပြေးမရသလို
ရန်ကုန်မှာ လမ်းတွေပြေးမရတော့ဘူး
ရန်ကုန်မှာ ယမ်းတွေကုန်သွားပြီလား မေးကြစမ်းကြ
ရန်ကုန်မှာ ရမ်းနေကြတုန်းပဲလို့လုလုပြီးအော်ကြ
ရန်ကုန်မှာ လွှတ်နော် ရှင် ကျွန်မကိုလွှတ် လွှတ်စမ်းပါတော် လွှတ်တော်
ရန်ကုန်မှာ လွှတ်တော်နေတဲ့သူတွေရှိနေရဲ့သားနဲ့ ဘေးကွဲတွေ သွေးကွဲနေတာတွေ
မြင်ရတော့
ရန်ကုန်မှာ ဘယ်တော့မှရန်မကုန်တော့ဘူးလားဆိုတာကိုတွေးမိရင်း စိတ်မကောင်း
ရန်ကုန်မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတဲ့ မျိုးချစ်စိတ်ဓါတ်များ
ရန်ကုန်မှာ ဂိုးပေါက်မရှိပဲစွတ်ကန်သွင်းနေတဲ့ ခြေထောက်များ
ရန်ကုန်မှာ နာမည်ဝှက်တွေ ဂျေကိုက်ပြီး ချိုင့်ထဲကျနေတဲ့မစ္ဆေရိယ မုဆိုးတွေ
ရန်ကုန်မှာ ပြည်ကြီးငါးတွေ ပြည်ကြီးငါးတွေ ပြည်ကြီးငါးတွေ
ရန်ကုန်မှာ ရုံတင်တော့မယ့် ၂၀၁၅ ၂၀၁၅ ၂၀၁၅
ရန်ကုန်မှာ ရုန်းကန်ဖို့ နယ်ကချီတက်လာ ရုံပွင့်ရုံလျှံတွေ
ရန်ကုန်မှာ ရတာအကုန်ယူမယ်နဲ့ ရှိတာအကုန်ထုတ်များ
ရန်ကုန်မှာ ဒီတစ်ကြောင်းပြီးရင် နောက်တစ်နပ်မရှိတော့ဘူးများ
ရန်ကုန်မှာ ကားပေါတယ် တံတားပေါတယ် ဦးနှောက်နဲတယ်
လမ်းတွေမျော့မျော့လေးပဲကျန်တော့တယ်
ရန်ကုန်မှာ လမ်းတစ်ခြမ်းနဲ့ အသည်းဗြန်းဗြန်းကွဲပြီးတဲ့နောက်
ဂဠုန်ဦးစောအပြင် နောက်ထပ် နဂါးစံလင်းတွေနဲ့
ရန်ကုန်မှာ အချင်းချင်းချိန်းရိုက်နေတဲ့ ဟိုငနဲတွေအကြိုက်ပွဲကြီးပွဲကောင်းများ
ရန်ကုန်မှာ ကမ္ဘာရဲ့ ကဗျာဘက်တော်သားများသွေးတဆူဆူ မူတကွဲကွဲ
ရန်ကုန်မှာ တိတ်ဆိတ်နေသောမီးတောင် ဘယ်မှာလည်း
ရဲရဲတောက်ငြိမ်းချမ်းရေး ဘယ်မှာလည်း
ရန်ကုန်မှာ လိုက်ပွဲတွေတထပ်ကြီးနဲ့ ပွဲတွေများတယ် များတယ်ပွဲတွေ
ရန်ကုန်မှာ ဇာတ်သမားပြန်ရင် ကျွတ်ကျွတ်အိတ်
ရေသန့်ဘူးခွံ ခုံအကျိုးအပဲ့များနဲ့ ခရုဆံကျွတ်စကားလုံးများ
မကျန်ခဲ့စေချင်ဘူး
ရန်ကုန်မှာ အေးစက်စက် သေသူရဲ့လက်တွေကို ခတ်မယ့်လက်ထိပ်တွေ
ရှင်သူရဲ့ပါးစပ်တွေကိုပိတ်မယ့် မီးသဂြိုလ်စက်တွေ ဒါပဲလား
ရန်ကုန်မှာ ငါတော်ကြောင်းတတ်ကြောင်းနဲ့တွဲရောင်းနေသော
ငါလျှော်ကြောင်း ငါကြောင်ကြောင်း အရေးအသားများ
ရန်ကုန်မှာ ရန်ကုန်ဆိုပြီး ရန်မကုန်သေးသောသူ့နာမည်ကြောင့်
ကမ္ဘာမှာအရှက်တစ်ကွဲအကျိုးနဲနေရမှုကို သူများဝိုင်းဝိုင်းကန်ပြီး
ပြန်ပြန်လာရသောဘောလုံးလို ခေတ်နဲ့ချီသရုပ်ဖေါ်နေတယ်
ရန်ကုန်မှာ စာအုပ်တွေထက် ဟိုကောင်တွေကိုဈေးမလျှော့ပဲရောင်းရင်တောင်
ပြိုက်ကနဲလို့ထင်နေတုန်း စာအုပ်လုပ်ရောင်းလိုက်တဲ့အခါမှာလည်း
တစ်ကယ့်ကိုပြိုက်ကနဲ လိုက်ပွဲတောင်မလိုက်နိုင်ဘူး
ရန်ကုန်မှာ အသွား ၃-နာရီ အပြန် ၃-နာရီ စောက်အဓိပ္ပါယ်မရှိဘူးကွယ့်
ငါ့အချိန်နာရီကိုခါးပိုက်နှိုက်ထားတဲ့ ကားများတက္ကစီ
ရန်ကုန်မှာ နားရွက်ကြီးတွေဖြန့်ခင်းပြီးမောနေရသည်မှာ တစ်မျိုးပြီးတစ်မျိုး
ရန်ကုန်မှာ သွားတွေဖြုတ်လဲထား။ မသွားရတော့ဘူးတွေနဲ့လား။
ရန်ကုန်မှာ မြစ်ရေကြီးခြင်းသတိပေးချက်နဲ့ မျောပါလာသော
ဆင်များ ခြင်္သေ့များနဲ့စောစောက
စွပ်ကနဲခုန်ချခဲ့တဲ့ ရိုင်းသောမြင်း/စစ်များ သစ္စာဖေါက်များ
သမိုင်းကိုခိုးချရင်း စာမေးပွဲကျနေသော လူထုကမ္ဘာမကြေသားများ
ဘာပဲဖြစ်ဖြစ် ရန်ကုန်ကိုချစ်တယ် ရှုပ်ထွေးနေတဲ့ကြားက
ကန်သွင်းလိုက်လိုက်တဲ့ အလှဆုံးဂိုးတွေ ဒီမှာပဲရှိတယ်
ရန်ကုန်ဟာ ငါ့မြို့တော် ရန်ကုန်ဟာငါ့ဘူမိနက်သန် ရန်ကုန်ဟာ ငါ့နိုင်ငံတော်
ရန်ကုန်ဟာ ရန်ကုန်သွားရင်တောင် ဒီလောက်မလှမှာစိုးရမ်နေရသမို့
ငါကြိုးရှည်ရှည်နဲ့လွတ်ထားလိုက်ရတယ်
အိုဘယ့် ငါ့ ရန်သူတော်တွေနဲ့ပြည့်ကျပ်နေတဲ့ ငါ့ မဟာရန်ကုန်တော်။ ။
ခရမ်းပြာထက်လူ
ဇူလိုင် ၊ ၂ ၀ ၁ ၄
အမှတ် ၃၅၊မတ်လ ၊၂၀၁၅ ရယ်စရာမဂ္ဂဇင်း
(တစ်ကိုယ်တော်ကဗျာလေးပုဒ်မှ)
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home