ကဏန်းချဉ်စပ်

စားဖိုမှူးက နှာခေါင်းစည်းအုပ်ထားတယ်
ကန့်လန့်တိုက်
အော်ဟစ်ကြမ်းတမ်း
ဒေါသတကြီး
တဇွတ်ထိုး
လူပါးဝ
ချက်ပြုတ်ပုံ ဆန်းကြယ်

အစိတ်သားဟာ အရသာမဲ့
ကိုယ်ထည်ထွားထွား ဉာဏ်ရည်သေးသေး
အညွှန်းအတိုင်း ချက်ပြုတ်လာပုံ
စာအုပ်ကြီး တကိုင်ကိုင်

ကဏန်းဟာ စိတ်ကြီးဝင်ပီ
သည်စားပွဲမှာ မရှိမဖြစ်ဟင်းလျာဟာ သူပါဆိုပဲ
သူဟာ အရသာကို အချိန်မီထိမ်းသိမ်းခဲ့သူလည်းဖြစ်ပါသတဲ့

ကဏန်းဟာ တကျပ်သားမှ မလျော့ချင်ဘူး
လာရာလမ်းကိုလည်း မပြန်ချင်တော့ဘူး
တိုးတိုးပြီး အဆီတဝင်းဝင်း
မျက်နှာပြောင်တိုက်လို့

ကဏန်းဟာ တခုခုဆို
စားပွဲကိုပဲ ကောက်လှန်ပစ်မှာလိုလို
မီးဖိုချောင်တခုလုံး ပြန်သိမ်းလိုက်မှာလိုလို ခြိမ်းခြောက်စကားဆိုလို့

ကဏန်းဟာ ရယ်ရတယ်
သည်သောင်ပြင်ကို ဆောက်ခဲ့တာ ဘယ်သူလို့ထင်ပါသလဲတဲ့
ပင်လယ်ဆီ မေးခွန်းတရွယ်ရွယ်

ကဏန်းဟာ ကဏန်းပီပီ ဘေးတိုက်
ကဏန်းဟာ ကဏန်းပီပီ နောက်ကြောင်းပြန်ခိုင်းမှာ ကြောက်ရွံ့
ကဏန်းဟာ ကဏန်းပီပီ သူ့ချက်ပြုတ်စားရိတ်က ကြီးလွန်း
ကဏန်းဟာ ကဏန်းပီပီ လက်ကိုပဲ အားကိုး

ခက်ပီ
ငါတို့မှာလည်း
နှစ်ခြောက်ဆယ်ကျော် သွေးတိုးရောဂါကြီးနဲ့
ကဏန်း နဲ့ မဖြစ်ဘူး
တယောက်ယောက် ကဏန်းချဉ်စပ်လို့ မှာလိုက်ရင်ကို
ကဏန်းချဉ်ဖတ် ရယ်လို့
ကြားကြားပြီး အလန့်တကြား ငြင်းမိတယ် ။ ။

မိုးရင့်ကြယ်
၅ မတ် ၂၀၂၀

No comments:

Post a Comment