06 March, 2020

လူဝီ ၁၃


ပြတင်းပေါက် နှစ်ရာကျော်ရှိတဲ့ နွေရာသီစံအိမ်ရဲ့
မြေအောက်ခန်းထဲက ဝိုင်တစ်ပုလင်းဟာ
ပိုးမျှင်တွေအထပ်ထပ်

စမ်းချောင်းကလေးဟာ
ကျောက်ဆူးချထားတယ်

ဝီစကီတွေ ငါအကုန်သောက်ပြီးပြီ
အသားကင်တွေ ငါအကုန်စားပြီးပြီ

ဆေးရုံတွေ အကြိမ်ကြိမ်
အနီကဒ်တွေ အခါခါ

ရွှေတံဆိပ်တွေ အကြိမ်ကြိမ်
လက်ချည်းဗလာ အခါခါ

သွေးသားဟာ
အပြာကားတစ်ကားလို လူကြိုက်များတယ်
နိုင်ငံတော်အလံလို လူကြိုက်နည်းတယ်

ခွေးသားစားဖူးရုံ
မသာအိမ်မှာ ဖဲလိမ်ရိုက်ဖူးရုံလာက်နဲ့တော့
လူမိုက်ဘွဲ့မခံချင်ပါနဲ့လေ

ငါ့သတ္ထုတွင်းထဲမှာ
အလုပ်သမားတွေ နေ့စဉ်သေနေကြတယ်

ပြောချင်တာက
"မင်းသူ့ကိုချစ်နေမိပြီလားနှင့် အခြားသောကဗျာများ"
ဖတ်ပြီးပြီလား

ဒီထက်ပိုနက်တဲ့
မိုက်တွင်း
ရှိသေးလို့လား ။

ကြည်ဇော်အေး
29  feb  2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home