ရန်ကုန်ဒေါ်ကွန်မက်ထရီ



ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ပလက်ဖောင်းအတိုင်း
ငါလမ်းလျှာက်လာ
ဆူးလေဘုရားလမ်းကိုဖြတ်
မဟာဗန္ဓုလပန်းခြံလမ်းအတိုင်းအောက်ကိုဆင်း
ကုန်သည်ကြီးများလမ်းပေါ်သို့အကူး

ချစ်သူစုံတွဲများ
ပျော်ရွှင်စွာတွေ့ရ

ခိုများ
ထပျံကြ

ပန်းဆိုးတန်းလမ်းကုန်းတံတားအောက်
သူငယ်ချင်း ဘော့မာလေကိုမတွေ့ရ

ကံကောင်းချင်တော့
ဒေါ်လာဈေးတက်နေတယ်
ကံဆိုးချင်တော့
မျဉ်းကျားက မကူးလို့အဖမ်းခံရတယ်

ရဲကိုငါပိုက်ဆံပေးလိုက်တယ်
ငါပညာပေးဇာတ်လမ်းကြည့်စရာမလိုတော့

ငါ့မှာ ပညာတတ်တွေတီထွင်ထားတဲ့
ပိုက်ဆံတွေ ပါပြီးသားလေ

ရန်ကုန်ဟာ
သွေးဆုံးနေတဲ့ နေရောင်ခြည်နဲ့
မိတ်ကပ်လိမ်းထားတယ်

ယာဉ်ကျောများပိတ်ဆို့
မြောင်းထဲမှ ကြွက်စုတ်ကြီးတစ်ကောင်
ငါ့ရှေ့ကဖြတ်သွားတယ်

ပလိပ်ရောဂါနဲ့
စိတ်ရောဂါ
ဘာကိုအရင် ဦးစားပေးရပါ့ ။

ကြည်ဇော်အေး
2 march 20

No comments:

Post a Comment