မိသားစု ခံတပ်ရှေ့က ဒိုင်းမြားလား
ရန်သူ့မျက်လုံးထဲ ခုန်ဝင်မယ့် သဲတစ်ပွင့်လား။
ငါ့အတွေးမှာ သစ်ပင်နံ့ရသလို
ကြယ်ကြွေနံ့လည်းရတယ်။
စိတ်ကိုလှုပ်ချနေတဲ့ စီးကရက်ကလည်း
ပြာမကြွေခင် ပြေလည်မှုကို ပြောမသွားနိုင်ဘူး။
ငါ့အခန်းက လျှံထွက်သွားတဲ့ ဥတုရာသီ
ဘယ်တောကို မီမလဲ။
အခန်းကတော့
မြွေတစ်ကောင် မြွေမျိုခံရသလို ကျန်ခဲ့။
မင်းလည်း ငါ့လို
မနက်မိုးလင်းရင် တစ်ကိုယ်လုံး နံစော်နေတဲ့အချစ်နဲ့
မျက်နှာကြောတင်းတင်း လ္ဘက်ရည်တစ်ခွက်နဲ့
အဆင်မပြေမှုကို စက်ဘီးပေါ်တင်လို့
အလိုဆန္ဒကို ကားတိုက်ခံဖို့ ထွက်လာဦးမယ် ။
အလိုဆန္ဒက
ဘယ်တော့မှ လိပ်ပတ်မလည်ဘူး မဟုတ်လား။
မန္တလေးမှ ရန်ကုန်သို့
အာရှမှ ဥရောပသို့
ခုဘဝမှ နောက်တစ်ဘဝသို့
အဲ့သလို ဈေးကြီးနေသယောင်နဲ့
ငါတို့က အင်မတန်ဈေးပေါတဲ့ ရွက်သင်္ဘောတွေလား။
တနင်္ဂနွေတောင် လေအေးစက်နဲ့
ကျွန်ပျူတာ ဒစ်ထဲ ရောက်ပြီ။
ငါတို့မှာ အဆောင်အဖွဲ့တွေနဲ့
အနှောင်အဖွဲ့တွေနဲ့
ဂူဝ လှည့်ပြန်နေရသလို လေးလံမှုတွေနဲ့
ငါတို့ ဆိုတာက
ပင်လယ်ဆီ ပျံသန်းမယ့် မီးပြတိုက်
မြို့က မေ့ကျန်ခဲ့တဲ့နာရီများလည်း ဆိုကြပါစို့။ ။
ခရမ်းပြာထက်လူ
( ငါတို့လူငယ်ဘဝ ကဗျာစာအုပ် နှင့်
SORRY ကဗျာ ပေါင်းချုပ်မှ.....)
No comments:
Post a Comment