ဘတ်စ်ကားပေါ်မှာ
ဒါကို ကျွန်မသိတယ်
လိုအပ်လို့
တယောက်အရိပ် တယောက်နင်းထားရ။
ဒါပေမယ့်
ကမ္ဘာကြီးက မငြိမ်ဘူး
ဘတ်စ်ကားတစီးက မငြိမ်ဘူး။
ရှင်နည်းနည်း ခွာရပ်ပေးပါ
အခွင့်အရေးများ
မတော်တဆများ
မတရားမှုများ
မငြိမ်ဘူး
ရှင်နည်းနည်း ခွာရပ်ပေးပါ
မျက်လုံးနဲ့
ကျွန်မ
လူတယောက်ကို လည်လိမ်ချိုးမလို့
စိတ်ကူးနဲ့
ကျွန်မ
လူတယောက်ကို
ကားဘီးတွေအောက် ပစ်ထည့်မလို့။
ကျွန်မဟာ
ကျွန်မ ဝါယာတွေထဲ
ရှုပ်ထွေးစွာ တိုးဝင်လို့
ကျွန်မ သွားနေတယ်
ဘယ်သူမဆို အသေးအမွှား
ကျွန်မဟာ
ပြန်လာမယ့် ပြန်အမ်းမယ့်
၁၀ တန်တရွက် ပြန်စောင့်မယ့်သူမဟုတ်ဘူး။
အိမ်မှာ
ကျွန်မဟာ
ပြတင်းပေါက်တပေါက်
ကျွန်မဟာ
၄ ပေ မီးချောင်း တချောင်းပဲ။
ရှင့်ရာဂ
ရှင့်ကြွက်သား
ရှင့်အလကားတွေ ကျွန်မစိတ်မဝင်စား
သတ္တိရှိရင်
တလွှာချင်းချွတ်ကြည့်
အရိုးဟာ
မြည့်အောင်သွေးထားတဲ့ဓားလို
ခုန်တက်လာလိမ့်မယ်
သွေးဟာ
အက်ဆစ်လို ရေနံစိမ်းလို သဘာဝဓာတ်ငွေ့လို
အမှောင်မှာ
ကျွန်မကို မီးပုံရှို့ကြည့်
ကမ္ဘာကြီး ထိန်လင်းသွားလိမ့်မယ်
ဒါကို ရှင်
ငရဲပြည်က ကောင်းကောင်းလှမ်းမြင်နိုင်လိမ့်မယ်။ ။
ခရမ်းပြာထက်လူ
Labels: ခရမ်းပြာထက်လူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home