06 March, 2020

အဖေ ၂

လမ်းပေါ်က ဂျက်လန်ဒန်လို စာတွေအများကြီးဖတ်ပြီး စာရေးဆရာ မဖြစ်ခင်က ဂျက်လန်ဒန်လို ပင်လယ်ကူးသင်္ဘောတစ်စီးပေါ် ခုန်တက်လိုက်ပါသွားချင်တဲ့ နှစ်တစ်နှစ် ကျွန်တော့်မှာ ရှိခဲ့ဖူးတယ် ။ အဲဒီတုန်းက ငါးဖမ်းသင်္ဘောတွေမှာ တကယ့်သင်္ဘောသားအပြင် ဘော်ဒါလိုက်တယ်ဆိုတာ ရှိတယ် ၊ ဘော်ဒါလိုက်တယ်ဆိုတာကို ကျွန်တော်ဘာမှန်းမသိပဲ လမ်းကလည်းကုန်နေ ကမ်းကလည်းခွာချင်တာနဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘောတစ်စီးစီးပေါ် ခုန်တက်လိုက်ပါသွားဖို့ ကျွန်တော်အရူးထသေးတယ် ။ အဖေက ဘော်ဒါလိုက်တယ်ဆိုတာကိုသိလားတဲ့ ။ မသိဘူးဆိုတော့မှ သင်္ဘောသားရဲ့ အကူတဲ့ ။ ကျွန်တော်နားလည်လွယ်အောင် အကူဆိုတာလောက်ပဲ ပြောတယ် ၊ စစဉ်းစားတည်းက စောက်သုံးမကျတဲ့နေရာကနေ စစဉ်းစားတယ်တဲ့ ။ ငါးဖမ်းသင်္ဘောသားဆိုလည်းတော်သေးတယ်တဲ့ ၊ ပြီးတော့ ဒီလိုအလုပ်မျိုးက မင်းနဲ့လည်းမဖြစ်ဘူးတဲ့ ။ အဲဒါနဲ့ ကျွန်တော်လည်း ကဗျာပဲရေးတော့တယ် ။
အဖေဟာ ကျွန်တော့်ကို တစ်သက်လုံး လွမ်းဆွေးစေခဲ့တယ် ။



အဖေ တစ်ညနေမှာ ဒဏ်ရာအနည်းငယ်နဲ့ပြန်လာတယ် ။ ကြည့်မြင်တိုင် ညစျေးမှာ ဓားနဲ့ဝိုင်းခုတ်ကြလို့တဲ့ ။ အဖေ့သတင်းကိုကြားပြီး ကိုစိုးမြတ် အိမ်ရောက်လာတယ် ။ ဘယ်ကဘယ်လိုစဖြစ်တာလဲ ဘယ်သူတွေလဲသိလားတဲ့ ။ အဖေက မသိဘူးတဲ့ ။ လူမှားတာဖြစ်မယ်တဲ့ ။ ကိုစိုးမြတ်က အဲဒီလိုလုပ်လို့မရဘူးတဲ့ ။ ခနစောင့်တဲ့ ဒီကောင်တွေအကုန် ကျွန်တော်ခေါ်ခဲ့မယ်တဲ့ ။ ခနနေတော့ ရောက်လာကြတယ် ။ ဒီကောင်တွေထဲက ဘယ်သူတွေလဲ ကျွန်တော့ကိုပြတဲ့ ။ အဖေက ဝိုင်းခုတ်နေ ရှောင်နေ ခုခံနေရလို့ မမှတ်မိဘူးတဲ့ ။ တစ်ယောက်ချင်းမျက်နှာတွေကို ကြည့်ပြီးမှ ဒီထဲမပါဘူးထင်တယ်တဲ့ ။ ရန်ကိုငြိမ်းစေခဲ့တယ် ။ ကျွန်တော် အဲဒါကို အဖေ့ဆီက သင်ယူရရှိခဲ့တယ် ။ ။



တက်တူးကို အင်္ကျီလက်ရှည်နဲ့လည်းမကွယ်
ဘယ်တော့မှလည်း မမှေးမှိန်စေခဲ့ဘူး ။

ဒါကြောင့်ပဲ
လူ့အဖြစ်ဟာ အရောင်တောက်လာခဲ့တယ် ။

ဒါကြောင့်ပဲ
ကျွန်တော်လည်းရောက်လာ
မနှစ်က လမ်းပေါ်တရွေ့ရွေ့သွားနေတဲ့
အဖေ့လက်ကျန်သူငယ်ချင်းက
လမ်းဖြတ်အကူးမှာ ကျွန်တော့ငယ်ရုပ်ကိုဖမ်းမိတော့
မင်းအဖေမတွေ့တာကြာပြီတဲ့
ကျွန်တော်လည်း မဆွံ့အတော့ပြီ
ကျွန်တော်လည်း သတိရရနေသေးသည် ။ ။

စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
၄ ၃ ၂၀၀၃ တုန်းက ကွယ်လွန်ခဲ့သော အဖေသို့

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home