Showing posts with label စိုင်းဝင်းမြင့်. Show all posts
Showing posts with label စိုင်းဝင်းမြင့်. Show all posts

လွမ်းခန်း

ထီးထီးငေါငေါ
ငေးငေးငိုင်ငိုင်
လွင့်လွင့်မျောမျော
လဲလဲပြိုပြို

လမ်းနဲ့မလွတ်လို့ အခုတ်ခံရတဲ့သစ်ပင်လို
လမ်းဖောက်ဖို့ အရှင်းခံရတဲ့ သစ်တောလို

မျက်ရည်ဟာ အားဖြစ်တယ် ဆေးဖက်ဝင်တယ်ဆိုလည်း
သူတစ်ပါးရဲ့မျက်ရည် မဖြစ်စေလို

တောင်လည်းဖြို သားလည်းမွေး
ဥဩ ဆွေးလို့
လ သွေးစို့လို့

ညတိုင်း ပျက်ကျနေတဲ့ အိပ်မက်တွေ
နေ့တိုင်းဝဲနေတဲ့ စွန်တွေ

ငါးဆိုတာ ရေထဲမှာပဲ လှတယ်ဆိုတာ
ဒီနေ့မှာ ငါသိလိုက်ရတဲ့ ကဗျာ

လူနာနဲ့လူနာတင်ကား
မီးနဲ့ မီးသတ်ကားလို
အသက်မှီသွားမှ အရာရာ တိုးတိုက်မိခဲ့တာ
ပုံပြင်တစ်ရာ

ခေတ်ပျက်ရာကနေ
ခေတ်မရှိ ၊
ခေတ်မရှိတော့မှ လူလာလုပ်နေတယ် ။ ။

စိုင်းဝင်းမြင့်
၂၅ ဖေဖော်ဝါရီ ၂၀၂၃

ဒဏ်ရာလ

လဟာ အထီးကျန်လေ
ပိုပြည့်လေ ။
တိုက်အစွန်အဖျားမှာ တစ်လ
သစ်ပင်ကြားမှာ တစ်လ
မြစ်ထဲ မျောနေတဲ့ တစ်လ  ဟင်းလင်းပြင်ထဲ တစ်လ
အမေ့ရင်ထဲ တစ်လ
လှတယ် ။
လှတယ်လို့
ငါရယူနေတုန်းမှာပဲ
ရိုက်နှက်ဖမ်းစီးခံရတဲ့ တစ်လ
သေနတ်နဲ့ အပစ်ခံရတဲ့ တစ်လ
​နေ့ချင်းပြီး မြေချလိုက်ရတဲ့ တစ်လ
ငါဟာ
အစွဲရော အစွန်းရော ကျွတ်ပါ့မလား ။
ကမ္ဘာလည်း မမြင်ကွယ်ရာ ဖယ်ခွါ
လမျက်နှာ သေရာပါတယ် ။ ။

စိုင်းဝင်းမြင့်
၂၈ ၃ ၂၀၂၁

နေရာတိုင်းမှာ ချစ်

နေရာတိုင်းမှာ ပစ်နေတယ်
နေရာတိုင်းမှာ စစ်နေတယ်
တံတားကစောင့်ပစ်တယ်
လမ်းက စောင့်ဖမ်းတယ်
နေရာတိုင်းမှာပစ်ပြီး
နေရာတိုင်းမှာ မချစ်ရ
ကိုယ်တို့က မချစ်ရဘူးတဲ့လား
ဘယ်သူမှ မလွမ်းတတ်တော့ဘူးလား ။ ။

စိုင်းဝင်းမြင့်
၁၈ ၄ ၂၀၂၁

သူငယ်ချင်း

နည်းနည်း လိမ္မာလိုက်ရုံနဲ့
အရာရာရပြီ
အရာရာ ဘာလုပ်ရမှာလဲ

ငါမတော်တော့လို့ ဝတ်မရတဲ့အင်္ကျီဟာ
မင်းနဲ့လည်းမတော်
ချောင်နေတာနဲ့ ကျပ်နေတာကြား
တစ်ယောက်ထားရမလိုဖြစ်နေ

ဘာလို့တစ်ယောက်ယောက်ထားရမှာလဲ
မင်းလည်း ကိုယ်နဲ့မတော်တဲ့
အင်္ကျီကြီးဝတ်လို့
ငါလည်း ငါနဲ့မတော်မှန်းသိသိနဲ့
ကမ္ဘာကြီးကို လှလို့ဝယ်လို့

ဆယ်နှစ်
ဆယ့်ငါးနှစ်
အနှစ် နှစ်ဆယ်
အချစ်များစွာက ငါရေးဖူးပါတယ်
"တော်ဖို့မလိုဘူး ပျော်ဖို့ပဲ လိုတယ်"

စိုင်းဝင်းမြင့်
၁၈၊ ၈ ၊ ၂၀၁၆
( ချစ်ခြင်း - စိုင်းဝင်းမြင့်...စာအုပ်မှ)

နွေဘွဲ့

မွန်းတည့်နေ အောက်မှာ ရိုးတံနဲ့ ရွက်ခြောက်
အရိပ်ပျောက်လို့

အေးလည်းတစ်ခေါက်
ပူလည်းတစ်ခေါက်
ကိုယ့်လိပ်ပြာနဲ့ကိုယ် အခေါက်ခေါက်

ခါးသက်သော
အရသာအဆက်ဆက်
တပ်မက်သော

ဒီမြေမှာ ရွက်နုဝေဖူး
ဘယ်လိုရူးလဲ

အငွေ့အဖြစ်နဲ့တောင် ဘယ်အရာမှ မတည်နိုင်
လေထဲလောင်ကျွမ်းတော့မည့်သဏ္ဌာန်
ဆိတ်ကျောင်းသမား အိမ်အပြန်

သစ်ခြောက်တို့ ကျွပ်ဆတ်သံသာကြား
ကားတစ်စီးဖြတ်သွားတိုင်း လမ်းပေါ်လွင့်ဝဲ ကျန်ခဲ့တဲ့ ကိုယ်လိုရွက်ကြွေများ

မည်သူမဆို ရေအေးအေးတစ်ခွက်
ရပါစေကြောင်း
မည်သူမဆို
တစ်ယောက်ယောက်အတွက် တစ်နေရာရာတော့ ရှိပါစေကြောင်း

မည်သူမဆို
ကိုယ့်အကြောင်းတရား
နွေဟာ
သက်ဝင်လှပ အသားကျတယ်
ဒီလမ်းကို ဘယ်လိုလူတွေ တစ်လှမ်းချင်းရခဲ့တယ် ။ ။

စိုင်းဝင်းမြင့်
၁၁ ၄ ၂၀၁၇
မင်းဘူး

အဖေ ၉

အဖေက ကျွန်တော့ကို ခေါင်းသုံးဖို့ အမြဲပြောတယ်
ကျွန်တော်က အသည်းနှလုံးပဲ အမြဲသုံးတယ် ။ ။

စိုင်းဝင်းမြင့်
၂၀၁၉

အဖေ ၈

ဖုန်းတွေ ပိုကောင်းလာလေလေ
လက်ကထဲ လွတ်ကျလေလေ ၊

Hellboy ရဲ့ဖုန်းလိုပဲ
ဖုန်းကိုင်လိုက်တိုင်း မှန်အက်အက်သွား
အဖေ့အကြောင်းပြောနေရင်း
အဖေ့ဖုန်းတွေဝင်ဝင်လာတော့
ဝင်လာတဲ့ဖုန်း ပြန်ဆွဲဆွဲချခဲ့မိလို့
အခု
ကျွန်တော်လေ
ပိုလို့တောင်အက်ကွဲကြေမွသွားသေးတယ် ။ ။

စိုင်းဝင်းမြင့်
၂၀၁၉ ၂၀၂၀

အဖေ ၇

လူယဉ်ကျေးတွေ
မိုးမျှော်တိုက်တွေ
ဘေဘီလုံဥယာဉ်ပျံတွေ
စက်လှေခါးတွေ
ပုံနှိပ်စက်တွေ ၊

ကျမ်းစာတွေဆီက
ဒီစကားကြားရမယ် မထင်ပါဘူး ။

အာဖရိကရဲ့ စကားပုံတစ်ခုထဲမှာတော့
'လူတစ်ယောက်ကို သတိရနေသမျှ ကာလပတ်လုံး
အဲဒီလူ မသေ'
အဖေ ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

အဖေ ၆

တစ်ခါက မိန်းမတစ်ယောက်က
ကျွန်တော့်ကို ဒီလို ပြောသွားတယ်
ရှင် ၊ အဖေ မရှိတော့တာ ကံကောင်းတယ်တဲ့
ကျွန်တော့် အဖေသာ ရှိနေသေးရင်
ကျွန်တော့် အဖေကို ရအောင်ယူပြီး
ကျွန်တော့် အသည်းကို သူ ပြန်ခွဲမှာတဲ့လေ ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

အဖေ ၅ (ကွယ်လွန်ခြင်း၁၇နှစ်ပြည့် မနက်ဖြန်သို့)

တစ်ချို့နေရာတွေမှာ
အချိုးမပြေတာတွေမြင်ရ
စိတ်အလိုမကျတာတွေ့ရတော့
ရိုက်လည်း အသားနာရုံပဲရှိမယ်
အရိုးကြေသွားလည်း
ကိုယ့်အဖေကိုတော့ ကိုယ်ဘယ်တော့မှ အချစ်မပြယ်
အဲဒါ အဖေ့သမီး
အဖေ့သမီးလေ
အဖေ့သမီးဆိုတော့ အဖေ့စိတ်လိုပဲပေါ့
ငါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မလို့လား
ကိုယ့်အဖေကိုယ် ပြန်သတ်မလို့လား ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

အဖေ ၂

လမ်းပေါ်က ဂျက်လန်ဒန်လို စာတွေအများကြီးဖတ်ပြီး စာရေးဆရာ မဖြစ်ခင်က ဂျက်လန်ဒန်လို ပင်လယ်ကူးသင်္ဘောတစ်စီးပေါ် ခုန်တက်လိုက်ပါသွားချင်တဲ့ နှစ်တစ်နှစ် ကျွန်တော့်မှာ ရှိခဲ့ဖူးတယ် ။ အဲဒီတုန်းက ငါးဖမ်းသင်္ဘောတွေမှာ တကယ့်သင်္ဘောသားအပြင် ဘော်ဒါလိုက်တယ်ဆိုတာ ရှိတယ် ၊ ဘော်ဒါလိုက်တယ်ဆိုတာကို ကျွန်တော်ဘာမှန်းမသိပဲ လမ်းကလည်းကုန်နေ ကမ်းကလည်းခွာချင်တာနဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘောတစ်စီးစီးပေါ် ခုန်တက်လိုက်ပါသွားဖို့ ကျွန်တော်အရူးထသေးတယ် ။ အဖေက ဘော်ဒါလိုက်တယ်ဆိုတာကိုသိလားတဲ့ ။ မသိဘူးဆိုတော့မှ သင်္ဘောသားရဲ့ အကူတဲ့ ။ ကျွန်တော်နားလည်လွယ်အောင် အကူဆိုတာလောက်ပဲ ပြောတယ် ၊ စစဉ်းစားတည်းက စောက်သုံးမကျတဲ့နေရာကနေ စစဉ်းစားတယ်တဲ့ ။ ငါးဖမ်းသင်္ဘောသားဆိုလည်းတော်သေးတယ်တဲ့ ၊ ပြီးတော့ ဒီလိုအလုပ်မျိုးက မင်းနဲ့လည်းမဖြစ်ဘူးတဲ့ ။ အဲဒါနဲ့ ကျွန်တော်လည်း ကဗျာပဲရေးတော့တယ် ။
အဖေဟာ ကျွန်တော့်ကို တစ်သက်လုံး လွမ်းဆွေးစေခဲ့တယ် ။

၃

အဖေ တစ်ညနေမှာ ဒဏ်ရာအနည်းငယ်နဲ့ပြန်လာတယ် ။ ကြည့်မြင်တိုင် ညစျေးမှာ ဓားနဲ့ဝိုင်းခုတ်ကြလို့တဲ့ ။ အဖေ့သတင်းကိုကြားပြီး ကိုစိုးမြတ် အိမ်ရောက်လာတယ် ။ ဘယ်ကဘယ်လိုစဖြစ်တာလဲ ဘယ်သူတွေလဲသိလားတဲ့ ။ အဖေက မသိဘူးတဲ့ ။ လူမှားတာဖြစ်မယ်တဲ့ ။ ကိုစိုးမြတ်က အဲဒီလိုလုပ်လို့မရဘူးတဲ့ ။ ခနစောင့်တဲ့ ဒီကောင်တွေအကုန် ကျွန်တော်ခေါ်ခဲ့မယ်တဲ့ ။ ခနနေတော့ ရောက်လာကြတယ် ။ ဒီကောင်တွေထဲက ဘယ်သူတွေလဲ ကျွန်တော့ကိုပြတဲ့ ။ အဖေက ဝိုင်းခုတ်နေ ရှောင်နေ ခုခံနေရလို့ မမှတ်မိဘူးတဲ့ ။ တစ်ယောက်ချင်းမျက်နှာတွေကို ကြည့်ပြီးမှ ဒီထဲမပါဘူးထင်တယ်တဲ့ ။ ရန်ကိုငြိမ်းစေခဲ့တယ် ။ ကျွန်တော် အဲဒါကို အဖေ့ဆီက သင်ယူရရှိခဲ့တယ် ။ ။

၄

တက်တူးကို အင်္ကျီလက်ရှည်နဲ့လည်းမကွယ်
ဘယ်တော့မှလည်း မမှေးမှိန်စေခဲ့ဘူး ။

ဒါကြောင့်ပဲ
လူ့အဖြစ်ဟာ အရောင်တောက်လာခဲ့တယ် ။

ဒါကြောင့်ပဲ
ကျွန်တော်လည်းရောက်လာ
မနှစ်က လမ်းပေါ်တရွေ့ရွေ့သွားနေတဲ့
အဖေ့လက်ကျန်သူငယ်ချင်းက
လမ်းဖြတ်အကူးမှာ ကျွန်တော့ငယ်ရုပ်ကိုဖမ်းမိတော့
မင်းအဖေမတွေ့တာကြာပြီတဲ့
ကျွန်တော်လည်း မဆွံ့အတော့ပြီ
ကျွန်တော်လည်း သတိရရနေသေးသည် ။ ။

စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
၄ ၃ ၂၀၀၃ တုန်းက ကွယ်လွန်ခဲ့သော အဖေသို့

အဖေ

ကျွန်တော် တော်တော်ငယ်ငယ်က
အဖေတစ်ခါထောင်ကျသေးတယ်
အမေထောင်ဝင်စာသွားတွေ့တော့
ငါ့သားလေးကို ခေါ်မလာခဲ့နဲ့တဲ့ ။

ကျွန်တော်နည်းနည်းအရွယ်ရောက်လာတော့
အဖေ အဘိုးနဲ့ဘာဖြစ်တယ်မသိဘူး
ထောင်ထဲတစ်ခါရောက်ပြန်ရော
ကျွန်တော်အဘိုးဘက်ကနေပြီး
အဖေ့ဆီထောင်ဝင်စာသွားမတွေ့
အဖေတော်တော်ကြေကွဲသွားတယ် ။

အဖေငယ်ငယ်က သရက်ထောင်လည်းကျခဲ့ဖူးသေးတယ်တဲ့
ဒီတစ်ခါတော့ သူ့မျက်ရည် ကျွန်တော်ကျရတယ်
အဖေဟာ ကြီးတဲ့အမှုကို ငယ်စေပြီး
ငယ်တဲ့အမှုကို ပပျောက်စေခဲ့
ကျွန်တော့်ကိုလည်း နည်းအမျိုးမျိုးနဲ့ အရွယ်ရောက်စေခဲ့ ။ ။

စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
ရန်ကုန်

သင်၏ သစ္စာရှိသော ကျောက်သမားနဲ့ တစ်ညနေ

တစ်ယောက်ချင်း ဦးခေါင်းများပွင့် နှလုံးသားများ ပွင့်နေတာပဲ အညံ့ပန်း တစ်ပွင့်နဲ့ စ ၊ တနင်္လာမှာ မလွဲသောမိုး ခိုရင်း ၊ ချက်ကြိုးထဲ ခိုသွေးထဲ ခိုဝင်နေတဲ့ကျောက် လက်ထဲမှာ ကဗျာကိုင်ထားရင်း ကျောက်အောင်ရင်း ညနေထဲ အောင်နေတဲ့ မှော်မှာ မိုးမှောင်ကျ ၊ ဘယ်သူမှ ပြန်မရ အမြင့်ပျံမရ ၊ ကျောက်မီးသွေး လုပ်သမားများ ကျောက်မီးသွေးတွင်း ပြိုအကျမှာ အာလူးစားသူများ သေသွား ၊ မီးအိမ်နဲ့သာ ကွယ်လွန်ပြီးနောက် တောက်ပ အာလူးများ မဟူရာကျောက် ဖြစ်သွား ၊ ကမ္ဘာကျော် အာလူးများမှ ကမ္ဘာကျော် ကျောက်စိမ်းများ ၊ တူးရင်းသာ တွင်းပြိုသွားမယ် ကိုယ့်သေတွင်း ကိုယ် တူးသလို အဖြစ်များ ၊ အချစ်များ ၊ ဒီမှာလည်း ဒီ့ထက်မက ကံမပါတော့တာ သိပြီးသားမှာ ၊ ကျောက်တူးသမားမှ ကျောက်သွေးသမား အကွက်ဖော် ပန်းစကြာ အဆင်အသွေးများ ဆွေးသွား ၊ ဘုရားကျောင်း ပြတင်းပေါက် တစ်ခုမှာ သွေးစက် သရဖူ သွေးရင်းပျက်သွား ၊ ပျက်သွားလည်း သွေးမပျက် ကျောက်ပျက်သွားလည်း ချစ်ရက် ချစ်ရက်ရှည်ရှည် ကျောက်စိမ်းမြေမှာ ကဗျာအလှ ချောက်ကမ်းပါး ပစ်စာအကျမှာ လက်နဲ့ဖမ်း ခြေနဲ့ကာ ဦးခေါင်းနဲ့ ထိုးခံလာ ၊ အိမ်အပြန်လမ်းမှာ ရေမဆေးကျောက်ထဲ အနမ်းမိုးသည်းလာ ၊ ကျောက်သမား ညည်းဆိုလာ ‘ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းလဲ့ပြာပြာ ’ ကမ္ဘာကျော် အပယ်ရတနာ ။ ။

စိုင်းဝင်းမြင့်
၂၀ ၊ ၇ ၊ ၂၀၁၅

စက်ကဖြစ်သော အချစ်ထက်ဘဝထက် လူ့အဖြစ်ထက်ပိုသော

မြင်းတွေ မြစ်တွေ စက်တွေမှ သွားတာ မဟုတ်ဘူး
အသွေးအသားလည်း သွားတယ် ရောက်တယ်
အတောင်ပံတွေထက် စိတ်ကူးယာဉ် ပိုရောက်
သက်တံ့လိပ်ပြာထက် အရောင်အသွေးစုံ တောက်ပလို့
သစ်သီးထက် ပိုချို ရေတံခွန်ထက် ပိုလှ တောအုပ်ထက် အဓိပ္ပာယ် နက်ရှိုင်းလို့
လူထဲက လူပျောက်မှ မြင်နေလျက်နဲ့ မလှ နှလုံးခုန်သံ မကြားရ
လူ့သမိုင်း တစ်လျှောက်လုံး ဘာမှမမြင်ရ
ကွယ်နေတဲ့ ဉာဏ်ပညာထဲ နှလုံးလှသူတို့ အသက်ဝင်လာ
စိတ်ကူးကောင်းသူတို့ ကောင်းကင်ထဲ လင်းပွင့်လာ
သာမန် လူသားဘဝဟာ ရေစီးထဲ မျောပါ ဆွံ့အသီချင်းဖြစ် နေရာမှ
မင်းတို့ ရောက်လာ အောင်မြေနင်း သံပြိုင်သီချင်း ဖြစ်လာ
တီထွင်မှုဟာ တွဲလျက်ဖြစ်လာ မျက်မမြင်စာ
အနုပညာလက်ရာ လက်မှုပညာ
ကုန်းတစ်ပိုင်း ရေတစ်ပိုင်းကနေ ခြေလက်ရှိသွား
အမြင်အကြား လူသားအဆင့်မှာ
ရပ်သွား ထပ်အားစိုက်စရာ မလို ပြည့်စုံပြီးသားလိုလို ခန္ဓာသွေးသား
ကမ္ဘာကို ငေးနေတုန်းမှာပဲ
လက်တွန်းလှည်းလေးပေါ်ကနေ ကြယ်တွေကို ရေတွက်ရင်း
ကြယ်တွေနောက် လိုက်သွား ကြယ်တစ်ပွင့် ဖြစ်သွား ကြယ်တွင်း နက်သွား
အသက်ရှင်လျက် ပြန်ထွက်လာတဲ့အခါ အလံကို ကမ္ဘာကို လက်ဆင့်ကမ်း
သယ်ပြေးလာ မသန်ပေမဲ့ စွမ်းသူများ
ဓားနဲ့မသွား ဉာဏ်ပညာ ခွန်အားနဲ့ သံမှိုစွဲ ဇွဲနဲ့သာ သွားလို့ သွားလို့
ဝန်ပို မဖြစ်စေရ ဘယ်တော့မှ
လူပိုတွေ သွန်ချပစ်ရမယ့်အထဲ ဘယ်တော့မှ မပါ
အိုမင်းမစွမ်းလို့ နှင်းတောထဲ သွားပစ်ကြတော့မယ့် လူယဉ်ကျေးမှုထဲ
သတင်းစာ ဂျာနယ်လေး ရောင်းလို့
စံပယ်ပန်းလေး ရောင်းလို့
အိုမင်းမှုမှာ ကိုယ့်အသက် ကိုယ် မွေးလို့
သားက အဖေ ခြေရာတိုင်းလာတယ်
အရပ်တိုင်း ရိုင်းလာတယ် ကမ္ဘာထဲ
ခင်ဗျားကြီး သွားစမ်းပါဗျာ အားစမ်းလို့
မမြင်ရတာ မကြားရတာကမှ ငြိမ်းအေးဦးမယ် ပန်းတွေပွင့် စမ်းရေစီးဦးမယ်
ဘယ်သူလာလာ သမားတော်ဆေး လက်ထဲ
မမြင်ရလည်း လူတိုင်းအတွက် အပြုံးရှိရှိ ပေးနေတာ
တကယ်တော့လည်း ကမ္ဘာကြီးက ဒုက္ခိတနဲ့ မျက်မမြင်
တစ်ယောက်ကိုတစ်ယောက် အားပြုပြီး သွားရတဲ့
အရှည်လျားဆုံး ခွေးနေ့များ
နေကာမျက်မှန်နဲ့ ကွယ်ထားရတဲ့ မျက်လုံးအောက်က လူ့ယဉ်ကျေးမှုမှာ
သင်လည်း ခြေထောက်ပါမလာ
ကျွန်တော်လည်း ဖိနပ်အကြောင်း မပြောတော့ပါ
မြင်ခြင်း မမြင်ခြင်း ကြားခြင်း မကြားခြင်း တရားခြင်း မတရားခြင်း
စိတ်သွားတိုင်း ကိုယ်မပါခြင်းတွေထဲမှာ ဒီကဗျာ ကိုယ်သွားတိုင်း စိတ်မပါ
ဘဝများစွာ
ငါလည်း ကြီးနေတဲ့ ရေထဲ လောင်နေသော မီးမှာ ဖြစ်ခြင်း ပျက်ခြင်း ချစ်ခြင်း
မြင်နေလျက်နဲ့ အမှောင်ကျလေခြင်း ။ ။

စိုင်းဝင်းမြင့်
၁ ၊ သြဂုတ် ၊ ၂၀၁၅ ။

မှန်နံရံများကြား ယခုနှစ်၏ နှစ်ဆတိုး ကွန်ကရစ်မေတ္တာ

ကုန်တိုက်ကြီးများအောက်
ဘာကြောင့်မှန်း မသိ ရောက်လာ
လူသုံးကုန် ပစ္စည်းများ ကြားမှာ ငါ ကိုယ်ဟန်ပြ ရပ်နေဟန်
ငါ အသုံးမတည့်ပုံများ လူဟူ၍ ထင်မှား
နောက်ဆုံးပေါ် အဝတ်အထည်များဖြင့်
လူအထက်မှာ တစ်ယောက်ချင်း ထင်ရှား
နေကာမျက်မှန် တပ်ထား ၊ ဦးထုပ်ငိုက်ငိုက် ဆောင်းထား
ရွှေရောင် ငွေရောင် ဖိနပ်တွေကြား လမ်းပျောက်သွား
ဘယ်မှမရောက် ခရီးဆောင် ကျောပိုးအိတ်များ
အိမ်အပြန်လမ်းမှာ တစ်သက်နဲ့တစ်ကိုယ် လောင်မီးကျ
ငြှိမ်းမရဖို့သာ တစ်ခဏ အေးသွား
တစ်ဖက်မှာ စက်လှေကား
အဆင်းမှာ မွေးပွပွ အရုပ်ကလေးများ ငေးသွား
ကုန်တိုက်အပြင် ပြန်မရောက်မီ လူအုပ်ထဲ မျောပါသွား
ကိုယ်နဲ့ မဆိုင်သော အလှတစ်ပါး ။ ။

စိုင်းဝင်းမြင့်
၁၄ ၊ ဇူလိုင် ၊ ၂၀၁၅ ။

ချစ်ခြင်း

ကိုယ့်အကြောင်းက
မသေကောင်း မပျောက်ကောင်း။

ကိုယ့်အဖြစ်က
မနှစ်ကနဲ့ မတူ။

ကိုယ့်ကိုကြည့်ရတာ
အသည်းကွဲနေသလားလို့ တဲ့။

ဘယ်လိုလဲဆိုလာတော့
ဒီလိုပါပဲပေါ့။

ဒီလိုပါပဲဆိုတော့လည်း
ဒီလိုပါပဲဆိုတာ ဘယ်လိုလဲ ဆိုလာပြန်ပေါ့။

ကိုယ်ဘာပြောတတ်မှာလဲ
အလျော့တွက်နဲ့ လက်ခက
ရွှေသားနှစ်ဆ
ပန်းတိမ်ငိုပန်းတွေ လှတယ်။

ဘယ်လိုဒဏ်ရာနဲ့မှ အရေးပေါ်ရောက်မလာ
မိုးသားများဆိုလည်း လေထဲ
ပျော်ရွှင်စွာ ပျံဝဲကြလေသတည်းမှာ။

ဘယ်လိုပင် အမြင်ကွယ်သော်လည်း
ပင်လယ်ကိုအကျယ်ချဲ့လို့မှ မရတော့တာ။ ။

စိုင်းဝင်းမြင့်
၁၈ ၆ ၂၀၁၇

အချစ်သီချင်း

ကန်ရေပြင်ကို ကြည့်ငေးရင်း
အရိပ်နဲ့ အိပ်မက်မှာ
တစ်သက်နဲ့တစ်ကိုယ် နွေထဲ ခွဲထွက် သွားတော့
ငရဲ နဲ့ ကြွေရွက် ။

မင်းမျက်နှာ အပြည့်
မျက်မှန် ကိုင်းကြီးကြီးသာ ဖြစ်လိုက်ချင်တော့တာ
အခုရော မဖြစ်ဘူး ထင်လို့လား
သူမရှိတော့ အရာရာမှုန်ဝါးဝါး
လမျက်နှာ တစ်ကိုယ်လုံးကို ဝါးနေတော့တာပဲ ။     ။

စိုင်းဝင်းမြင့်
၂၀၁၆

ကမ္ဘာမြေသို့ ပန်းပို့သူများ

တစ်ယောက်ယောက်တော့
နောက်မှာအမြဲရှိနေ
ကမ္ဘာမြေသို့ ချစ်ခြင်း လွမ်းခြင်း
ပန်းခင်းများပို့နေ

ပန်းလက်ဆောင်ဆိုတာ ယူသူက အပြုံး
ပေးသူက ဘေးလူက အရှုံးတွေ
အမုန်းတွေ ဆွေးမြည့်ဖွယ် သွေးနဲ့
အပြေး သွားကြရတယ် မတွေး
စမ်းချောင်းလေးရဲ့ အဖျား
အဖျားသွေးကပဲ စ
ပန်းစိုက်သူများ အစပြုလာ
ကမ္ဘာမြေကလည်း
ဘ၀တစ်ခုစာ စောင့်နေပါတယ်။

စိုက်ပျိုးသူ ခူးဆွတ်သူ
တစ်ပွင့်ကြွေ တစ်ပွင့်ကောက်
ကမ္ဘာထဲ ရောက်သူ
အလွမ်းများနှင့်သာ အလှဆင်ရာ
ရင်ခုန်နှုန်းမြှင့် ပွင့်မြဲပွင့်သူများသာ
ကဗျာ
ပန်းအတတ်နှင့်သာ ချစ်မေတ္တာ။

စိုက်ပြီး ပွင့်ပြီး ခူးဆွတ်ပြီးသား
ရထားမစိုက်ခင် ရူးမိုက်သူများ
သစ်တစ်ပင်ချင်း တစ်ကိုင်းချင်း
တစ်ပွင့်ချင်းမှာ
ခူးဆွတ်ရာ မရောက်
ပန်းလည်း မကောက်
ပွင့်ခြင်းများနဲ့ ကမ္ဘာမြေသို့ ရောက်နှင့်ပြီးသား
မီးရှုးမီးပန်း သံပန်းအလှ
ကြယ်ပန်းများ ။

စိုင်းဝင်းမြင့်

နား နား ပြီး ပြော

ဘာမှန်းမသိတဲ့ အရာတွေနဲ့
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော်ယူထားတဲ့ ယာဉ်ကြောက
ဘယ်တော့မှ မမောဘူး။

ဘယ်တော့မှ မကျေဘူးဆိုတဲ့အကြွေးကို
မသေမချင်းဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို
အညံ့ခံရေးလို့
အိမ်ပြန်ခဲ့တယ်ဆိုတာလည်း
အရာအားလုံးနဲ့ လွဲလို့။

တစ်ခုနဲ့တစ်ခု
ရှေ့ဆက်ဖို့ ဆက်သွယ်ထားတာလည်း
တေ့ဆက်
မီးနီက အနုတ်လက္ခဏာကို သုညအထိ ပြတယ်
လမ်းမှာတွေ့တာဆိုတော့
ခေါင်းထဲမရောက်ဘူး

ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက်ဝေးကွာနေရတာလည်း ငွေကြေးတစ်ခုတည်း
ဒီအကြောင်းကို စကားစမိတော့
ကောင်မလေးက "အဲဒါ ဘယ်နှစ်နှစ် ရှိပြီလဲ"
ကျွန်တော်က "အရင်ဘ၀က အဆက်တွေ" ။

စိုင်းဝင်းမြင့်
(၂၆-၆-၂၀၀၃)

TAKE A BREAK AS YOU TALK

The lane I've taken
Never gets tired
Of the things I don't knows,
And the roads lead to now here.

I pay back
the debt that would be settled
Till to my last breath;

I keep on witing in surrender
the poem that is immortal;
I return home
'Cos I've missed everything.

One is connected to another
head to head
To go forward
The Red Light signals Minus
Down to Zero
What I came across on the way
Doesn't enter my memory.

We tow are from apart
in the sunshine that finds no return,
It was the cash that split us.
When our conversation came to this topic,
My Sweetie said, "How many years has it been?"
"It's the Past Connection" I replied.

Sai Win Myint
(26-6-2003)
Translated By Zaw Tun

ယာဉ်ကြောများ အဆက်မပြတ်

၁၂ နာရီ ထိုးတော့မယ်
ဘာအရသာမှ မရှိသေးဘူး။

ကိုယ့်ဖိနပ်အောက်က လမ်းတောင်
ကိုယ့်အားကိုယ် ကိုးသွားပြီ

ပန်းခြံနဲ့ သစ်ရိပ်မှာလည်း
အငွေ့အသက်တွေ
ကိုယ့်မှာ
အဖြေမရှိဘူး

တစ်နေ့ခင်းလုံး
ကိုင်းဖျားကိုင်းနား
ငါစွဲနဲ့ ငါ့လမ်းများ အသွယ်သွယ်
ဘယ်အရပ်မှ မျက်နှာမူလို့ မရအောင် ဖြစ်ရတယ်။

စိုင်းဝင်းမြင့်