02 March, 2020

မိစ္ဆာကျွန်း

ငါ ငယ်ငယ်က
ဒဏ္ဍာရီထဲက သတိုးသမီးတစ်ယောက်အကြောင်း ကြားဖူးတယ်။

သူ့ခြေလှမ်းတိုင်း ပန်းတွေ ပွင့်သတဲ့
သူ့အကြည့်မှာ လရောင်ဖြာသတဲ့
သူ့ခံတွင်းက ကြာညိုနံ့သင်းလို့
သူ့ အပြုံးမှာ လိပ်ပြာတွေ နားသတဲ့
သူ့ လှုပ်ရှားပုံက လေညင်းလိုပဲတဲ့
သူ့ရယ်သံက စောင်းကြိုးခတ်သံလိုပဲတဲ့။

သူ့ကို အခု ငါ တွေ့ရတော့
သူ့ ခြေလှမ်းတိုင်း ပန်းတွေ အလန့်တကြား ပွင့်ကုန်တာ
သူ့အကြည့်က အန္တရာယ်မကင်းတဲ့ လေဆာရောင်ခြည်တွေ လွှတ်တာ
သူ့ခံတွင်းက လူသေအနံ့ရ
သူ့အပြုံးမှာ လိပ်ပြာတွေ သေ မြေပေါ် တဖွဲဖွဲ
သူ လက်အလှုပ်မှာ တိမ်တွေ အသော့နှင်လို့
သူ့ရယ်သံဟာ လျှပ်စစ်ဂစ်တာကို ခမ်းကြမ်းကြမ်း တစ်ချက်ချင်း ခတ်နေသလို
သူမဟာ မိစ္ဆာဘုရင်မပဲလား
ညှို့ငင်စွမ်းနိုင်တယ်။

ညီမွန်
၇.၁၂.၂၀၁၉

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home