02 March, 2020

ပြီးပြည့်စုံသော ဘဝ

ဖျားနာခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းက
ချိန်ခါသင့် မိုးပမာ
ဆာလောင်ခြင်းနှင့် ငိုကြွေးခြင်းက
လဆန်းရက်များအတွင်းက လပမာ။
အဖေရှိခဲ့တယ်
အဖေ သေဆုံးသွားခဲ့တယ်
လူနာကုတင်ပေါ်က အဖေ့ ဘေးနားမှာ မုန့်ထုပ်တွေ
အဖေ့ပုံရိပ်အချို့သာ မျက်ဝန်းထဲမှာ
ကိုယ့်အဖို့တော့ အဖေဆိုတာ အသံတိတ်ရုပ်ရှင်
အဖေ့အကြောင်း သူများတကာ ပြောသလောက်ပဲ သိခဲ့ရဲ့
ခွဲခွာခြင်းတွေ ရှိခဲ့တယ်။
ဆည်းဆာနေရီချိန်ဆို
ရွှေအိုရောင် ဖုန်လုံးကြီးဟာ
ရွာကလေးရဲ့အပေါ်မှာ ခမ်းခမ်းနားနား
မသိခြင်းရဲ့ လှပမှုတွေ ရှိခဲ့တယ်။
တောက်ပလွန်းတဲ့ မှန်တစ်ချပ်ကို
အဝတ်နက်တစ်စနဲ့ လွှမ်းထားရသလို
ဖြူစင်တဲ့ လူငယ်ဘဝကို
အမှားအချို့နဲ့ ဖျော်ဖြေလို့
လွမ်းမောစရာ တွေ့ဆုံမှုတွေ
မိုက်မှားခွင့်တွေ ရှိခဲ့တယ်။
ဆာလောင်ခြင်းကို ဇိမ်ခံ
အသည်းကွဲဝေဒနာကို ဇိမ်ခံ
ကန့်လန့်တိုက် အတွေးတွေကို ဇိမ်ခံ
လမ်းတွေကို ဇိမ်ခံ
သင်္ခန်းစာတွေ မကြေညက်မချင်း
အမှားအယွင်းတွေကို ဇိမ်ခံ
ကြွယ်ဝလှတဲ့ ဘဝပါပဲ
အဓိပ္ပါယ်မဲ့မှုကိုလည်း
ဇိမ်ခံလိုရင် ကျေကျေနပ်နပ် ဇိမ်ခံလို့ ရလေရဲ့။

ညီမွန်
၁၀. ၁၀. ၂၀၁၉

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home