ငယ်ဘဝကို ဆင်ယင်ကျင်းပခြင်း
လိပ်ပြာတွေဆွဲတဲ့
လှည်းတစ်စီးဖြစ်ဖို့
လေကတောင် ဆန္ဒရှိ။
စိတ်ရဲ့ခေါင်းအုံးပေါ်
မမှီစဖူးမှီနေတဲ့
ရူးသွပ်မှုကို ငါအမှတ်ရမိ၊
ဒီတုန်းက ငါ့ခန္ဒာကို ငါစကားတွေပြောလို့
ငါ့ခန္ဒာဟာလည်း အနီရောင်နဲ့ ငါရေးခဲ့တဲ့
အတွေးတစ်ခု။
အနီရောင်ဟာ နေမင်းရဲ့ အလှဆုံးပလ္လင်၊
တခြားအရောင်အားလုံးကလည်း
အနီရောင် ကော်ဇောတွေထက် ဝတ်ပြုကြရဲ့။
ညဆိုတာ ဖယောင်းတိုင်နောက်တမျိုး၊
အကိုင်းအလက်တိုင်းမှာ လက်မောင်းတဖက်
အာကာပြင်မှာ သယ်ဆောင်လာတဲ့ စာတိုတစ်စောင်
လေရဲ့ခန္ဒာနဲ့ ပဲ့တင်ခဲ့။
နေမင်းဟာ သူ့ကိုယ်သူ မြူဝတ်ရုံ ခြုံမယ် တကဲကဲ
သူနဲ့ငါ ဆုံတော့..
အလင်းရောင်က တို့ကို ငြိငြင်နေတော့မှာပဲနော် .. တဲ့။
အို..ငါ့ရဲ့အတိတ်နေ့ရက်တွေ..
သူတို့ အိပ်ပျော်ရင်း လမ်းထလျှောက်လေ့ရှိခဲ့၊
ငါကလည်း သူတို့ကို မှီလိုက်ပါလေ့ရှိခဲ့။
အချစ်နဲ့ အိပ်မက်တွေက လက်သည်းကွင်းနှစ်ခု၊
သူတို့ကြားမှာ ငါ့ခန္ဒာကို ထားလိုက်မှ
ကမ္ဘာလောကကို ငါတွေ့လိုက်ရ။
အကြိမ်ကြိမ်
မြက်ခြေထောက်နှစ်ချောင်းနဲ့ ပျံဝဲသွားတဲ့လေကို ငါမြင်ခဲ့၊
ပြီးတော့ .. လေလုပ်ခြေတွေနဲ့ ကခုန်နေတဲ့ လမ်းမကိုလည်း ငါမြင်ခဲ့။
ငါ့ဆန္ဒတွေက ပန်းပွင့်တွေပေါ့
ငါ့နေ့ရက်တွေကို အရောင်တင်ပေးလို့။
စောစီးစွာ ငါဒဏ်ရာရခဲ့
စောစီးစွာပဲ ငါသိရှိခဲ့
ငါ့ကို ဖန်တီးခဲ့တာ ဒဏ်ရာတွေပေါ့။
ဒီကလေးနောက်ကို ငါဆက်လိုက်နေမိဆဲ
သူ့ကလည်း ငါ့ရင်ထဲမှာ ဆက်လျှောက်နေဆဲ။
အခု .. သူ အလင်းနဲ့လုပ်တဲ့ လှေကားထစ်ခုံမှာရပ်နေတယ်
ခိုနားစရာ ထောင့်ချိုးတစ်ခုကို ဖွေရှာလို့၊
ည မျက်နှာကို နောက်တခါ ဖတ်ဖို့။
လမင်းသာ အိမ်တစ်လုံးဖြစ်ခဲ့ရင်
ငါ့ခြေထောက်တွေက သူ့တံခါးဝကို ခြေချဖို့ ငြင်းဆန်ကြလိမ့်။
ခြေထောက်တွေက ဖုန်အထပ်ထပ်ထူ
ငါ့ကို ရာသီတို့ရဲ့ လေထုရှိရာ ဆောင်ပို့ယူလို့
ငါလမ်းလျှောက်တယ်
လက်တစ်ဖက်က လေထဲမှာ
အခြားတစ်ဖက်က ငါ စိတ်ကူးယဉ်မိနေတဲ့
ဆံနွယ်ရှည်ရှည်တွေကို တယုတယပွတ်သပ်ပေးလို့။
ကြယ်တာယာ ဆိုသဟာကလည်း
အာကာကွင်းပြင်ထဲက ကျောက်စရစ်ခဲတစ်လုံးပေပဲ။
သူတစ်ယောက်သာ
မိုးကုပ်စက်ဝိုင်းထိ ရောက်ရှိနေသူဖြစ်မယ်
သူကသာ လမ်းသစ်တွေကို ဖောက်ခင်းနိုင်မယ်။
လတစ်စင်း၊ အဖိုးအိုတစ်ဦး
ညဟာ သူ ထိုင်တဲ့နေရာ၊
အလင်းဟာ သူ့ တောင်ဝှေး။
ငါမွေးဖွားခဲ့ရာ
အိမ်အပျက်အစီးတွေထဲ
ငါ စွန့်ပစ်ခဲ့တဲ့ ခန္ဒာကို ငါဘာပြောရပါ့။
ဘယ်သူမှ ငါ့ရဲ့ ငယ်ဘဝကို ပြန်မပြောပြနိုင်။
သူ့အထက်မှာ တလက်လက်နဲ့
ညနေခင်းရဲ့ လမ်းကလေးထက်
ခြေရာတွေ ချန်ထားတတ်တဲ့
အဲဒီ ကြယ်တာရာတွေက လွဲလို့ပေါ့။
ငါ့ ငယ် ဘ ဝ က
အလင်းရောင်ရဲ့ လက်ဖဝါးနှစ်ဖက်မှာ မွေးဖွားလက်စ
အလင်းရဲ့ အမည်ကို ငါမသိ
သူကပဲ ငါ့ကို အမည်ပေးရဲ့။
မြစ်ပြင်ဆီကနေ မှန်တစ်ချပ်ကို သူ ဖန်တီးပြီး
သူ့ဝမ်းနည်းမှုအကြောင်း မှန်ကို သူ မေးခွန်းထုတ်ခဲ့၊
သူ့ ပူဆွေးမှုတွေဆီကနေ မိုးကို ဖန်တီးပြီး
မိုးတိမ်တွေကို သူ အတုခိုးခဲ့။
မင်းရဲ့ ငယ်ဘဝဟာ ရွာတစ်ရွာပဲ၊
အဝေးကို မင်း ဘယ်လောက်ပဲရောက်အောင်သွားသွား
မင်း ဘယ်တော့မှ ရွာ့အပြင်ဘက်ကို ရောက်ဖို့မရှိ။
သူ့ နေ့ရက်တွေက ရေကန်တွေ၊
သူ့ မှတ်ဥာဏ်တွေက ပေါလောပေါ်နေတဲ့ ကိုယ်ခန္ဒာတွေ။
အတိတ်ရဲ့တောင်ကုန်းတွေဆီကနေ
ဆင်းသက်လာနေတဲ့ မင်းက
တောင်ကုန်းတွေကို ဘယ်လို ပြန်တက်နိုင်မှာလဲ၊
ဒါ ..ဘာကြောင့်လဲ။
အချိန်ဟာ ငါဖွင့်မရတဲ့
တံခါးတစ်ချပ်။
ငါ့ရဲ့ မှော်အစွမ်းက နွမ်းပျက်ခဲ့ပြီ၊
ငါ့မန္တာန်တွေက အိပ်ပျော်ကုန်ပြီ။
ငါ့ကို ရွာတစ်ရွာမှာ မွေးဖွားခဲ့၊
ဝမ်းဗိုက်တစ်ဗိုက်လို လျှို့ဝှက်တဲ့ ရွာငယ်ကလေး၊
ရွာငယ်လေးကို ငါ ဘယ်တုန်းကမှ မစွန့်ခွာခဲ့။
ငါချစ်တာက ပင်လယ်လေ၊ ကမ်းခြေတွေမှ မဟုတ်တာ။ ။
မင်းရဲအိမ် (ပြန်ဆိုသူ)
ဆီးရီးယားကဗျာဆရာ Adonis ရဲ့ "Celebrating Childhood" ကို ပြန်ဆိုပါတယ်။
Beauty Magazine
Labels: Adonis, မင်းရဲအိမ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home