သေသူတွေ အကြောင်းမပြောနဲ့
“သင်းတို့က ကျုပ်တို့တွေကို မြေမြုပ်ပစ်ဖို့ ကြိုးစားကြသတဲ့လေ။
ကျုပ်တို့က သစ်စေ့တွေဆိုတာ သင်းတို့မှ မသိကြပဲ “
- မက်ဆီကန် စကားပုံ
အလောင်းတွေကြားထဲကနေ ကျွန်မကို မွေးလာတယ်။ အမြန်အဆန်
ရှေ့တွန်းပို့ပစ်ပြီး ကျွန်မအတွက် အသက်ဓာတ်ပါးပါးလေးနဲ့ ချိတ်ပိတ်လိုက်ကြတယ်။
ကျွန်မနာမည်ကို တို ပစ်လိုက်ပြီးတော့ ထော့ကျိုးထော့ကျိုးနဲ့
လမ်းလျှောက်လာတယ်။ နို့ရည်ထဲကို ခဲလုံးတွေ ထည့်ပြီး
ကျွန်မကလေးတွေကို တိုက်တယ်။ တခြားဘာမှ မရှိတဲ့ အချိန်တွေ
မှာပေါ့။ အေးစက်နေတဲ့ သွေးတွေကိုချည်းပဲ မှီတင်းမနေနိုင်ဘူးလေ။
အိပ်မက်ထဲမှာ ကျွန်မဟာ (ယောက်ျား၊မိန်းမ)လိင်အမျိုးအစား ကင်းမဲ့နေပြီး လမင်း
က လည်း သူ့အကြောင်းသူတွေးနေတဲ့ လ ပါပဲ။
ကျွန်မက ဝံပုလွေမျက်နှာဖုံးစွပ်ထားတဲ့ သူ့သားကောင်အနံ့အသက်နဲ့ တစ်ယောက်
ပြီးတော့ အရာဝတ္ထုတွေရဲ့ နက်မှောင်တဲ့ အလည်ဗဟိုထဲ စွန်ရဲတစ်ကောင်လို
ခြောက်လှန့်မောင်းထုတ်ခံနေရတယ်။ ကျွန်မရဲ့ ထက်သန်ပြင်းပြတဲ့
နှလုံးသားကို ကျွန်မလက်သည်းတွေနဲ့ ကျစ်ကျစ်ဆုပ်ထားတယ်။ ကျွန်မကို မီးနဲ့ ပြုလုပ်ထား
ပြီး မီးတွေအားလုံး ကျွန်မကို ဖြတ်သန်းသွားတယ်။ ကျွန်မကို မီးခိုးနဲ့ ပြုလုပ်
ထားပြီး မီးခိုးအားလုံး ကျွန်မကို ဖြတ်သန်းသွားတယ်။
အခု အလောင်းကောင်တွေဟာ နှစ်များအတွင်း ဖြစ်တည်ခဲ့ ပြိုကွဲခဲ့တဲ့
ထုံးကျောက်ဖြစ်နေတဲ့ မြေဆွဲအားသာ ဖြစ်တယ်။
တစ်နေရာရာမှာတော့ သူတို့အသုဘကို ထပ်တလဲလဲ ကျင်းပနေတဲ့
နာနာဘာဝတွေ ရှိတယ်။ ရာစုနှစ်များ ကြာသည်အထိ
မြင်ကွင်းက ဒီအတိုင်း။ဒီ ကောင်းကင်တစ်ခုတည်း ရဲ့ ရေတံလျှောက်ထဲ
လိမ့်ဆင်းနေတဲ့ လမင်းကလည်း ဒီတစ်စင်းတည်း။ တစ်နေရာရာမှာ
ကွင်းပြင်တစ်ခုရဲ့ အစပ်ကို တံခါးရွက် တပ်ပေးပြီး
ပိုင်နက်မြေလို့ ခေါ်ကြတယ်။ တစ်နေရာရာမှာ ပင်ပန်းနေတဲ့ လူတစ်ယောက်
သေသွားတဲ့ သူ့ဇနီးလက်ကို မလွှတ်တမ်း ကိုင်ထားတယ်။ ဘုရားသခင်ဟာ
အလင်းရောင်နဲ့ ကျောက်တုံးကိုသာ အသုံးပြုတဲ့
သရုပ်ဖော် အနုပညာရှင် တစ်ယောက်ပဲ။ သေခြင်းတရားဟာ ကျွန်မတို့ကို လက်ဆွဲပြီး
အသာအယာခေါ်ငင်သွားဖို့ ရောက်လာတဲ့ ကလေးငယ် တစ်ယောက်ပဲ။
ကြောက်စိတ်ဟာ ကျွန်မတို့ကို ထုံကျင်အကြောဆိုင်းစေသူ ၊ ကျွန်မတို့ကို
အကောင်လိုက် အရှင်လတ်လတ်မြိုချတဲ့ မြွေပွေး။ ပြီးတော့ မာရ်နတ်ဟာ
ကောက်ကွေးနေတဲ့ တံဆိပ်တစ်ခုတပ်ထားပြီး အရာခပ်သိမ်းကို သုံးနဲ့
မြှောက်ပစ်တယ်။ ရှင် — ကျွန်မရဲ့ မှုန်မှိုင်းလျှို့ဝှက် တဲ့ သူငယ်ချင်း။ ပြီးတော့ ကျွန်မ ။
- စီစီလီယာ လွန်း(မ်)ပါတ်
ဘာသာပြန် - ဏေသစ်
ကဗျာအကြောင်းနဲ့ ပတ်သက်ပြီး ကဗျာဆရာမက အခုလို ပြောပြခဲ့ပါတယ်
စာအုပ်တစ်အုပ်ဖတ်နေရင်းနဲ့ ဒီကဗျာကို စရေးဖြစ်ခဲ့တာလေ။ အဲဒီစာအုပ်ထဲမှာက စုန်းမတွေကို ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်စီရင်ခဲ့သလဲဆိုတဲ့ သမိုင်းအဖြစ်အပျက်တွေကို ရေးထားတာ။ စုန်းမလို့ ပြောပေမယ့် တကယ်တမ်းကျ သာမန် မိန်းမသားတွေပါပဲ။
နောက်တော့ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ နောက်ခံအခြေအနေတွေကြောင့် အုံးအုံးကြွက်ကြွက် ဆန္ဒပြမှုတွေ ဖြစ်တယ်။ အဲဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး ကျွန်မ ကဗျာကို ဆက်ရေးတယ်။ သေခြင်းတရား ၊ အကူးအပြောင်းနဲ့ ကျွန်မတို့ဘဝတွေကို ဖျစ်ညှစ်ဆုပ်ကိုင်ထားတဲ့ ကြောက်စိတ်ကို ဘယ်လိုဖြေလျှော့ပစ်မလဲ ဆိုတာတွေအပေါ် အာရုံစိုက်ကြည့်တဲ့ သဘောလည်း ကဗျာထဲမှာ ပါတယ်။
ကဗျာရေးပြီးလို့ သုံးရက်အကြာမှာ* ကျွန်မအဘိုး ဆုံးသွားတယ်။ အဘိုး နောက်ဆုံး အသက်ငင်နေတဲ့ အချိန်မှာ ကလေးငယ်လေးတစ်ယောက်က အဘိုးရဲ့ လက်ကို ဆွဲပြီး ခေါ်သွားတဲ့ အာရုံမြင်ကွင်းမျိုး ကျွန်မအဘွားက မြင်လိုက်ရတယ်တဲ့။
Cecelia Llompart
(* "Three days after I finished the poem " လို့ ရေးထားတဲ့ အတိုင်း မပြောင်းမလဲ ဘာသာပြန်ပါတယ်။ ဒါပေမယ့် ကဗျာဆရာမရဲ့ အဘိုး မကွယ်လွန်ခင် ကဗျာထဲမှာ "သေခြင်းတရားဟာ … " ဆိုပြီး ရေးထားတာကြောင့် ဖတ်နေသူတွေ စိတ်ကသိကအောက် အနည်းအကျဉ်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီအပိုင်းကို အဘိုးဆုံးပြီးမှ ကဗျာဆရာမက ကဗျာထဲ ပြန်ထည့်သွင်းတည်းဖြတ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကဗျာထဲ ထည့်ရေးထားတဲ့ အကြောင်းအရာနဲ့ အဘွားဖြစ်သူ အမြင်နဲ့ အံကိုက်ဖြစ်သွားတာဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကျွန်တော်မတွေးမိတဲ့ တခြားအခြေအနေတစ်ခုခုလည်းဖြစ်နိုင်ခြေရှိပါတယ်။
- ဘာသာပြန်သူ
![]() |
photo - Sabine Dundure |
ကဗျာဆရာမ အကြောင်း
ဆီဆီလျာလွန်း(မ်)ပါတ်ရဲ့ ပထမဆုံး ကဗျာစုစည်းမှုဖြစ်တဲ့ "The Wingless " (အတောင်မဲ့ ) ကို ၂၀၁၄ခုနှစ်မှာ Carnegie Mellon တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေထားပါတယ်။ အမေရိကန်ကဗျာဆရာများ အကယ်ဒမီက ချီးမြင့်တဲ့ ဆု နှစ်ခုကို ရရှိထားသူလည်း ဖြစ်ပြီး တစ်ဖက်ကလည်း ဘာသာပြန်သူ အဖြစ်နဲ့ ကဗျာတွေကို အင်္ဂလိပ်ဘာသာ ကနေ စပိန်ဘာသာ ဒါမှမဟုတ် စပိန် ကနေ အင်္ဂလိပ်ဘာသာပြန်ဆိုတာတွေ လုပ်ပါတယ်။
အခုလက်ရှိမှာတော့ ဆီဆီလျာလွန်း(မ်)ပါတ် ဟာ K-12 ( အမေရိကန် ၊ ကနေဒါ နဲ့ သြစတြေးလျ မှာရှိတဲ့ အခြေခံနဲ့ အဆင့်မြင့် ပညာရေးစနစ် ) ကျောင်းသားတွေကို စာပေဖန်တီးရေးသားနည်း ပညာရပ် သင်ကြားပေးလျက်ရှိပါတယ်။ Puerto Rico နဲ့ တခြားဒေသတွေမှာ တလှည့်စီနေထိုင်လျက်ရှိပြီး အနုပညာသမားတစ်ယောက်အနေနဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးစွဲရတာ ဘယ်လောက်ထိ ခက်ခဲတဲ့အကြောင်း တခြားသူတွေ သိလာဖို့ "poet please help" ( "ကဗျာဆရာ ( ဖြစ်သည်) ကျေးဇူးပြု၍ ကူညီကြပါ " ) ဆိုတဲ့ ကတ်ထူဆိုင်းဘုတ်ပြား တစ်ခုနဲ့ အတူ ခရီးသွားလေ့ရှိပါတယ်။
[ကဗျာဆရာမရဲ့ ကိုယ်ပိုင် web-site ဖြစ်တဲ့ http://www.ceciliallompart.com မှာ ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါတယ်]
Labels: Cecilia Llompart, ဏေသစ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home