01 March, 2020

ကက်ဒါနက်သ်ဆင်း ရဲ့ အချစ်ကဗျာတပုဒ်ကိုဖတ်ရှုခံစားခြင်း



အဲဒီ အချစ်ကဗျာရှည်ကြီးကို ဖတ်အပြီးမှာ
စာအုပ်ကိုပိတ်ပြီး ငါမေးမိ
ဘဲတွေ ဘယ်ရောက်သွားတာလဲ

ငါအံ့သြမိ၊ သူတို့ ဘယ်မှာမှ မရှိပါလား
ဟိုးအဝေးဆီမှာတောင် မတွေ့မိ


ကဗျာရဲ့ သုံးကြောင်းမြောက်မှာလား
ဒါမှမဟုတ် ငါးကြောင်းမြောက်လားပဲ
ငါ စ ခံစားမိတာ
ဒီနားတဝိုက်မှာ ဘဲတွေရှိနေမလားလို့

သူတို့ အတောင်တွေ တဖျတ်ဖျတ်ခတ်နေတာ ငါကြားလိုက်တာပဲ
အို .. ဒါဟာ ငါ ထင်ယောင်ထင်မှားဖြစ်မိတာလည်း ဖြစ်နိုင်ရဲ့

ဘယ်လောက်ကြာသွားပြီလဲမသိ
အဲဒီအမျိုးသမီး
ဆယ့်နှစ်ကြောင်းမြောက်မှာဘတ်စ်ကား
ရပ်စောင့်နေတာ

ကဗျာက လုံးဝတိတ်ဆိတ်နေလိုက်တာ
ဒီအမျိုးသမီးသွားချင်တဲ့ နေရာအကြောင်းပြောဖို့အရေး
နေခြည်တန်းကလေးတတန်းပဲ
ဆယ့်ခုနှစ်ကြောင်းမြောက်ကနေတိုးထွက်လာပြီး
အမျိုးသမီးရဲ့ ပုခုံးပေါ်ကို ကျရောက်နေရဲ့

အမျိုးသမီးဟာ ပျော်ရွှင်နေတယ်
ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်နှာအရိပ်အကဲမှာ နည်းနည်းမှ မတွေ့ရ
နှစ်ဆယ့်တကြောင်းမြောက် သူရောက်တဲ့အခါ
အခြားအမျိုးသမီးတိုင်းလိုပဲ သူလည်း
ပျောက်ခြင်းမလှ ပျောက်သွားမှာကို

အင်ကြင်းပင်တွေ က
နောက်ပါဒ စတင်ရာမှာ မားမားရပ်လို့
ဒီအပင်တွေက ဆန်းပြားတဲ့ ထိတ်လန့်မှုတမျိုးကို
ကဗျာအနှံ့ တလျှောက်လုံး ဖြန့်ကျဲလို့နေကြ

နောက်လာတဲ့ ပါဒတိုင်းဟာ
နောက်ဆက်တွဲ ပါဒတိုင်းကို နက်နက်ရှိုင်းရှိုင်း
အထိတ်တလန့် စိုးရွံ့သံသယဖြစ်မှုတွေချည်း

ငါသာ အမှတ်မမှားဘူးဆိုရင်
ဆယ့်ကိုးကြောင်းမြောက်မှာ
အမျိုးသမီးဟာ အာလူးလှီးနေတာပဲ

သူလှီးနေတာ
ညိုညို လုံးလုံးအာလူးကြီးတွေပဲ
ကဗျာထဲမှာ လှီးနေတာ
ကဗျာကလည်း ကြာလေ
ပိုပို တိတ်ဆိတ်လာ
ပိုပြီး ကျစ်လျစ်လာ

ငါ့အထင် လတ်လတ်ဆတ်ဆတ်
စဉ်းခုတ်ထားတဲ့ အသီးအရွက်အနံ့အသက်တွေကပဲ
အမျိုးသမီးကို ဆက်ရှင်သန်နေစေတာ
နောက်ထပ် ပါဒတော်တော်များများစာ

နှစ်ဆယ့်နှစ်ပါဒမြောက်ကို ငါရောက်ချိန်မှာ
ကဗျာဟာ သူ့တည်နေရာကိုပြောင်းလဲနေသလိုပဲ
အရှိန်ပြင်းတဲ့ ကျည်ဆံတတောင့် လိုမျိုး
ကဗျာဟာ အမျိုးသမီးရဲ့ ပုခုံးအထက်ကနေ
အင်ကြင်းပင်တွေဆီကို ဝှီးကနဲ

အဲဒီနောက်မှာတော့ ပါဒတွေ မရှိတော့
ကဗျာထဲမှာနောက်ထပ် စကားလုံးတွေမရှိတော့
အမျိုးသမီးပဲရှိတော့တယ်
ရှိတော့ရဲ့
သူ့ပုခုံးလေး၊ သူ့နောက်ကျောလေး
သူ့အသံလေး
ဒီအမျိုးသမီးလေးပဲရှိတော့တယ်
အခုဆို သူဟာ ကဗျာ့အပြင်ဘက်ကို လုံးလုံးလျားလျား ထွက်ရပ်နေပြီး
ကဗျာကို တစစီ အပိုင်းပိုင်း ဖြစ်အောင်လုပ်နေပြီ။

translated from Hindi into English by VinayDharwadker
ကက်ဒါနက်သ်ဆင်း (Kedarnath Singh _ A.1934 _)




ကက်ဒါနက်သ် ဆင်း ကို ( ၁၉၃၄ ) ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့ကို မျက်မှောက်ခေတ် ဟင်ဒီ ကဗျာစာပေရဲ့ သက်ရှိထင်ရှား အထင်ကရ ကဗျာဆရာကြီး တစ်ဦးအဖြစ် လူသိများကြပါတယ်။ သိမ်သိမ်မွေ့မွေ့၊ မိမိရရ၊ ကျစ်ကျစ်လျစ်လျစ် ရှိပြီး မထိတထိ အရိပ်အမွက်ကလေးတွေနဲ့ သူ့ရဲ့ ကဗျာတွေဟာ ကဗျာစာပေသစ်၊ ဟင်ဒီ ရှေ့ပြေးစာရေးဆရာတွေရဲ့ စာပေလှုပ်ရှားမှုတွေနဲ့ နှီးနွယ်ပတ်သက်လို့နေပါတယ်။ သူ့လက်ရာဟာ "(ကဗျာထဲကပြောသူအသံကို တစ်သံတည်းမဟုတ်ဘဲ) အသံစုံသုံးတယ်" (polyvocal) ၊ "ပြောဟန်သုံးတယ်" (dialogic)၊ ရှေးရိုးရာ နဲ့ ဒဏ္ဍာရီ သိစိတ်ကို ထပ်ဆောင်းထားပြီး နေ့တဓူဝ အဖြစ်အပျက်တွေရဲ့ ဆိတ်ငြိမ်နေတဲ့ အသိရခက်မှု၊ မှော်ဆန်ဆန်ဖြစ်ရှိနေမှုကို ကိုင်လှုပ်ပေးနိုင်စွမ်းရှိတယ် လို့ ဆိုပါတယ်။

သူဟာ အိန္ဒိယမြောက်ပိုင်း၊ ဥတာရ် ပရာဒက်ရှ် ပြည်နယ် (Uttar Pradesh)၊ ဘယ်လီယာ (Bellia District) ခရိုင်တွင်းက ချက်ကီယာ (Chakia) ကောင်စီမြို့ရွာကလေးမှာ မွေးဖွားခဲ့ပြီး ဘင်နာရာ ဟိန္ဒူ တက္ကသိုလ် (Benaras Hindu University) မှာ ပညာဆည်းပူးခဲ့ပါတယ်။ ဒီတက္ကသိုလ်ကနေ ( ၁၉၅၆ ) ခုနှစ်မှာ မာစတာဘွဲ့ (MA) နဲ့ ( ၁၉၆၄ ) ခုနှစ်မှာ ပါရဂူဘွဲ့ (Doctorate) ကို ရရှိခဲ့ပါတယ်။ ဘင်နာရာ၊ ဂေါ်ရခက်ပါရ် (Gorakhpur) နဲ့ ပန်ဒြာယူနာ ( Pandrauna ) အစရှိတဲ့ ကောလိပ်ကျောင်းတွေမှာ ပညာဖြန့်ဝေပေးခဲ့ပြီး (၁၉၇၈) ခုနှစ်မှာ ဟင်ဒီ ပါမောက္ခအဖြစ်နဲ့ နယူးဒေလီမြို့ က ဂျဝါဟာလာလ် နေရူး တက္ကသိုလ် ( Jawaharlal Nehru University ) ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

( ၁၉၉၉ ) ခုနှစ်မှာ ဌာနမှုးအဖြစ်နဲ့ အငြိမ်းစားယူခဲ့ပြီး တက္ကသိုလ်ရဲ့ (အငြိမ်းစား) ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ချီးမြှင့်ခံရခဲ့ပါတယ်။ ကဗျာစာအုပ် (၇) အုပ်၊ စကားပြေ၊ ကဗျာဘာသာပြန် နဲ့ ဝေဖန်ရေး စာအုပ် (၇) အုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ ( ၁၉၈၀ ) ခုနှစ်မှာ အာသံ ကဗျာဆု ( Asan Poetry Prize ) ၊ ( ၁၉၈၉ ) ခုနှစ်မှာ ဗဟို သဟိတယ အကယ်ဒမီဆု ( Central Sahitya Akademi Prize ) နဲ့ (၂၀၁၃) ခုနှစ်မှာ ဂျနန်ပီးသ် ( Jnanpith award in 2013) ဆု ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ စာပေလက်ရာတွေဟာလည်း အမြောက်အများ ဘာသာပြန်ဆိုခံခဲ့ရပါတယ်။


ဆင်း ရဲ့ အိန္ဒိယ ကျေးလက်ဒေသပိုင်းမှာ နေထိုင်ခဲ့ရတဲ့ အစောပိုင်းနှစ်ကာလတွေဟာ သူ့ကဗျာတွေကို မရိုးနိုင်တဲ့ ရှေးရိုးရာ ပုံဆောင်စကားတွေ၊ ပုံရိပ်တွေနဲ့ ကြွယ်ဝနေစေခဲ့ပါတယ်။ ဒီအချက်နဲ့ပဲ သူ့ကဗျာတွေဟာ လူသိများအောင်မြင်လာခဲ့တာပါ။ ဘင်နာရာ ယဉ်ကျေးမှုအသိုင်းအဝန်းမှာ သူဟာ ရှေ့ပြေးရှေ့ဆောင် စာရေးဆရာတွေရဲ့ စာပေလှုပ်ရှားမှုနဲ့ ထိတွေ့ဆက်ဆံခဲ့ရပြီး အဲဒီနှစ်ကာလတွေဟာ သူ့အပေါ် ဟဇာရိပရာဆက်ဒ် ဒွီဝဒီ (Hazariprasad Dwivedi)၊ ပါမောက္ခ နမ္မဝါ ဆင်း (Prof Namawar Singh) နဲ့ ထရီလိုချန်း ရှာစတြီ (Trilochan Shastri) တို့လို့ စာရေးဆရာကြီးတွေရဲ့ ပုံသွင်းလွှမ်းမိုးမှုကို အမှတ်အသားပြုတဲ့ နှစ်ကာလတွေဖြစ်ခဲ့ပါတယ်။ ကဗျာအတတ်ပညာသိစိတ်နဲ့ စမ်းသပ်တီထွင်တတ်တဲ့ လူသားဝါဒီ ကဗျာဆရာတယောက်အဖြစ် သူ့ရဲ့ ဖွံ့ဖြိုးရင့်ကျက်လာမှုမှာ ပေါလ် အယ်လုယာ့ဒ် (Paul Eluard)၊ နေရူဒါ (Neruda) နဲ့ ဘရက်ခ်ျထ် (Brecht) တို့ဟာလည်း အရေးပါတဲ့ တွန်းအားတွေအဖြစ် သူက ထည့်သွင်းပြောကြားလေ့ရှိပါတယ်။ "မြို့ပြ ကဗျာစာပေသစ်အစဉ်အလာနဲ့ အပြိုင် ဆင်းဟာ မြို့ပြနဲ့ကျေးလက် အာရုံခံစားမှုသိစိတ်နှစ်မျိုးစလုံးကို လှလှပပ ရောစပ်ထားတဲ့ ကဗျာနည်းနာရပ် (poetic structure) တမျိုးကို ထူထောင်ခဲ့တာဖြစ်တယ်။" လို့ ကဗျာဆရာ အန္နမီကာ (Anamika) က ဆိုပါတယ်။

သူ့ရဲ့ ဘိုဂျပူရီ (Bhojpuri) ဒေသိယ ဘာသာစကားအသုံးအနှုန်းတွေနဲ့ အသံအသွားအလာတွေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဆင်း ဟာ ကျင့်ဝတ်ဆိုင်ရာအမြင်တခုကို သိသိသာသာပညာပေးဆရာလုပ်တာမျိုး (သူ့အဆိုအရ "အာရုံခံစားသိမှတ်မှုကနေ ခြုံငုံကောက်ယူသိမှတ်မှုဆီဆက်သွားတာမျိုးမလုပ်ဘဲ") မပါဘဲ ဖော်ဆောင်ပေးတဲ့ ထူးကဲ ခြားနားတဲ့ ကဗျာစာပေတမျိုးကို ဖန်တီးပုံဖော်ခဲ့ပါတယ်။ ဒီပုံစံက ဥပစာတင်စားမှု (Metaphor) တခုရဲ့ ပိတ်လှောင်မှုအောက်ကို အရောက်မခံဘဲ တင်စားမှုဆိုင်ရာ ရင်းမြစ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ယူငင်သုံးစွဲတတ်ပါတယ်။ ("ဒီလို နမိတ်ပုံတွေ အရူးအမူးဖက်တွယ်သုံးစွဲကျူးလွန်တာမျိုးကို ကျုပ်က နို့စို့နို့ခံ မလုပ်လိုပါဘူး။") သူက လွယ်လင့်တကူသဘောမျိုးမထားဘဲ ချဉ်းကပ်ရင် ရနိုင်တာမျိုးပါ။ ပြည်နယ်ရပ်ဝန်းသဘောမျိုးမဟုတ်ဘဲ နက်ရှိုင်းတဲ့သီးသန့်ဒေသတွင်းဆန်ရတာမျိုးပါ။ ( “မြေပုံပေါ်က မြို့ကလေးတစ်မြို့ကို ပြည်နယ်စည်းအကန့်တခုအတွင်းမှာ သတ်မှတ်ပေးထားလို့ရပေမယ့် ကျုပ်ရဲ့ ဘတ်စတီ (Basti) ကိုတော့ အဲဒီလိုမျိုး လာကန့်သတ်လို့မရပါဘူး။”)

သူ့ကဗျာတွေဟာ သူ့ရဲ့ ဘာသာဗေဒဇာစ်မြစ်တွေကို နက်ရှိုင်းတဲ့သိမှုနဲ့ အိန္ဒိယ ရှုထောင့် အမြင် (dimension) တမျိုးကိုေ ဖာ်ဆောင်ပေးနေတယ်လို့ ဆင်းက ယုံကြည်ပါတယ်။ "ဟင်ဒီ ကဗျာစာပေရဲ့ ခေတ်ဆန်မှု (Modernity in Hindi Poetry)" အမည်ရ အက်ဆေး တပုဒ်မှာ သူက "ဟင်ဒီ ခေတ်ဆန်မှု (မော်ဒန်ဖြစ်မှု) " ဟာ (ဒီအသုံးအနှုန်းကို မော်ဒန်ဝါဒ နဲ့
မတူကွဲပြားတဲ့သဘောကို ထင်ရှားစေဖို့ သူက သုံးစွဲပါတယ်) ဘာသာစကားနဲ့ အာရုံခံစားမှု သစ်လွင်ခေတ်ဆန်တာမျိုးကို ဆိုလိုရင်းဖြစ်ပြီး၊ အနောက်တိုင်းစာပေ ပုံစံအရွေ့တွေကို ရေသာခိုအတုခိုး လိုက်ပါနေတာမျိုး (without a passive imitation of western literary paradigms) မဟုတ်ဘူး လို့ ဆိုပါတယ်။



သူ့ကိုယ်ပိုင် "သစ်လွင်ခေတ်ဆန်မှု (မော်ဒန်ဖြစ်မှု)" ဟာ သူ့ခေတ်ရဲ့ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုတွေမှာ သွားပြီးအမြစ်တွယ်နေတာကိုလည်း သူက ဝန်ခံအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သူ့ရွာက လယ်မိုဟား ဆိုတဲ့ ရွာသားနဲ့ သူရင်ဆိုင်တိုးရတာမျိုးတွေလည်းရှိပါတယ်။ ("ဒီလူက စာမတတ်ပေမတတ် ဗဟုသုတ ခေါင်းပါးလွန်းလေတော့ ကျုပ်ရဲ့
သစ်လွင်ခေတ်ဆန်မှု တခုလုံး ဟာ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ရတော့တာပါပဲ" တဲ့) သူ့ရဲ့ သစ်လွင်ခေတ်ဆန်မှုဟာ မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံကြီးရဲ့ စိတ်ညစ်ညူးဖွယ် ဖီလာဆန့်ကျင်မှုမျိုးတွေဖြစ်တဲ့ .. တဖက်က လူသားဝါဒနဲ့ ခန္တီတရား အစဉ်အလာကြီးမားခဲ့မှု၊ တဖက်က စိတ်ညစ်ညူးစရာ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတတ်တဲ့ဓလေ့ကို အမွေဆက်ခံထားရမှု၊ ဒေသတွင်း တင်းမာမှု၊ ဘာသာရေးအစွန်းရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးနှိမ့်ကျမှုတွေနဲ့ မချင့်မရဲ ထိတွေ့ ဆက်ဆံနေရပြန်ပါတယ်။ နောက်ဆုံးအဖြစ်ကတော့ သူ့ရဲ့ သစ်လွင်ခေတ်ဆန်မှု (မော်ဒန်ဖြစ်မှု) ဟာ သူဖြတ်သန်းရတဲ့ မြို့ပြ ဘဝနဲ့ ကျေးလက် ဘဝ အမှတ်အသားနှစ်ခု (rural and urban Identities) ကြားက အတွင်းအဇ္ဖျတ္တ တင်းမာမှုတမျိုးကို ရင်ကြားစေ့ပေးနေရတဲ့ဖြစ်ရပ်ပါပဲ။


"ဒီလို တင်းမာမှုမျိုးက ကျုပ်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကြုံတွေ့နေရတော့ လူသိများတဲ့ တကယ့် အမှန်တရားတခုပါပဲ။
ဒါပေမယ့် ဒါကို အရေးထားပြီး ဂရုဓမ္မပြုသူက ရှားတယ်။ ကျုပ်အတွက်ကတော့ ဒီအတွေ့အကြုံက အနုပညာရသအမြင်ပါတဲ့ မှတ်သိစိတ်ကို ဖြစ်စေတာပေါ့။ ဒီထက်ပိုနက်ရှိုင်းတဲ့ အဆင့်ကျတော့ ဒါဟာ ကျုပ်ရဲ့ ကျင့်ဝတ်ဆိုင်ရာသိစိတ်မှာ ခွဲထုတ်မရနိုင်တဲ့ အစိတ်အပိုင်းတခုဖြစ်နေတော့တာပေါ့။"

ဆင်း က (သူ့ရဲ့) သစ်လွင်ခေတ်ဆန်မှု (မော်ဒန်ဖြစ်မှု) ဆိုတာ ဟာ "သူ့နေရာဌာနကနေ သူ့ခေတ်ကာလအတွင်းကို ဝင်ရောက်ခြင်း" ဖြစ်တယ်လို့ အခိုင်အမာဆုပ်ကိုင်ထားပါတယ်။ ဒါဟာ ဒေသအပိုင်းအခြားဆိုင်ရာ သရုပ်သကန်အစစ်အမှန်ဖြစ်မှု တစုံတရာကိုပေးတဲ့ အရည်အသွေးတခုပေါ့။

"ကျုပ်ရဲ့ အမှတ်သညာအတွင်းကျကျထဲအထိ ငုပ်ဆင်းကြည့်တော့ အဲဒီမှာ ရည်ညွှန်းဘောင်တစ်ခုက ရှိနှင့်နေပြီးသားဆိုတာကို ကျုပ်တွေ့လိုက်ရတယ်။"

ဆင်းရဲ့ ကဗျာလက်ရာတွေကတဆင့် အိန္ဒိယကဗျာစာပေ အရသာကို ခံစားနိုင်ဖို့ သူ့ရဲ့ ကဗျာအချို့ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။



ဘုရားသခင်တောင် မလိုဘဲ (Even Without God)

အံသြစရာပဲ
မနက် ၁၀ နာရီမှာ
ကမ္ဘာလောကဟာ သူ့အလုပ်တွေနဲ့သူ လည်ပတ်ကောင်းဆဲ
ဘုရားသခင်တောင် မလိုဘဲ

ဘတ်စ်ကားတွေက လူသူအပြည့်နဲ့
အရင်လို အလျင်လိုဆဲ လူတွေနဲ့၊
လွယ်အိတ်ကို ပုခုံးထက်လွယ်ချိတ်လို့
စာပို့သမားဟာလည်း
အိမ်တကာကို ခါတိုင်းလို စာပတ်ပို့မြဲ
ဘုရားသခင်တောင် မလိုဘဲ

ဘဏ်တွေက အချိန်တန်တော့ အချိန်မှန်ဖွင့်၊
မြက်ပင်တွေက ထူထူထဲထဲ ပေါက်နေဆဲ၊
တွက်ချက်မှုမှန်သမျှ၊ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ
အဆုံးမှာတော့ တနည်းနည်းနဲ့ ပေါင်းရမြဲ
ရှင်ရမယ့်သူက
ရှင်
သေရမယ့်သူက
သေ
ဘုရားသခင်တောင် မလိုဘဲ

အံသြစရာပဲ
ရထားတွေက
အချိန်မှန်မှန် မမှန်မှန်
ထွက်ကြခွာကြ၊ ဆိုက်ရောက်ကြဆဲ
ဒီ ဘူတာ မဟုတ် ဟို ဘူတာပဲ၊
ရွေးကောက်ပွဲတွေ ကျင်းပမြဲ၊
လေယာဉ်တွေလည်း ကောင်းကင်ကြီးထဲ ပျံတက်မြဲ
ဘုရားသခင်တောင် မလိုဘဲ

ဘုရားသခင်တောင်မလိုဘဲ
မြင်းတွေက ဟီမြဲ၊
ပင်လယ်မှာ ဆားတွေ ချက်မြဲ၊
စာကလေးကလည်း
ဟိုဒီ ပျံမြဲ
တနေကုန် တနေကန်း မနားတမ်း
အချိန်တန်တော့ သူ့အိမ်အပြန်လမ်းကိုသူ
ပြန်တွေ့မြဲ
ဘုရားသခင်တောင် မလိုဘဲ

ဘုရားသခင်တောင်မလိုဘဲ
ငါ့ပူဆွေးမှုဟာ ဝမ်းနည်းပက်လက်ဖြစ်ရမြဲ၊
ဟိုး ဆယ်စုနှစ်ဆီက ငါချစ်ဖူးတဲ့
အမျိုးသမီးရဲ့ ဆံနွယ်တွေလည်း
မည်းနက် မှောင်နေမြဲ၊
အိမ်အပြင်ထွက်သွားပြီး
အိမ်ပြန်လာရတာဟာလည်း
မရိုးနိုင်တဲ့ အရသာပဲ

အံသြစရာပဲ
ရေစီးကလည်း စီးမြဲ
တံတားကလည်း တားမြဲ
စမ်းရေပြင်ရဲ့အလယ်
သူ့လက်တွေကို ခင်းဖြန့်ထားမြဲ
ဘုရားသခင်တောင် မလိုဘဲ။    ။




အမြင့်ဆုံးနေရာ (The Highest Place)

အဲဒီကို ငါရောက်တော့
ငါ ကြောက်လန့်ခဲ့ရ

ငါ့ရဲ့ တမြို့တည်းသားတို့ရေ
တွေ့ ရှိရတာ ထိတ်လန့်စရာပဲ
ဟောဒီ မြို့ပြရဲ့
လှေကားထစ်မှန်သမျှ
တက်ရောက်လာတဲ့
ဟောဒီနေရာ
လူသူ မဲ့ နေ တာ။       ။

မင်းရဲအိမ်
BeautyMagazine

Labels: , ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home