ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ
ငါဟာ အဲဒီ သေးပြီး အလျင်လိုနေတဲ့ ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ လှုပ်ရှားနေတဲ့ အရာ။ သစ်ခွကုန်းမြင့်ဆီ ငါ စက်ဘီးစီးတက်တယ်။
ကုန်းမြင့်မှာ ငါသွားအိပ်တယ်။ ငါ နိုးလာတယ်။ ငါဟာ အဲဒီ ကြီးမားပြီး
မမြင်ရတဲ့ လေ ဖြစ်တယ်။ ငါ တဖက်ကို လှည့်တယ်။ ငါ အရမ်းပူအိုက်နေတယ်။ ငါ လမ်းလျှောက်တယ်။ ငါဟာ တောတွင်း လမ်းကလေး ဖြစ်တယ်။ ကုန်းမြင့်က ဆင်းပြီး ရေကန်ကလေးနဲ့ စိုက်ခင်းရှိရာဆီ ငါ
လျှောက်လာတယ်။ နွားတကောင်မှ ငါ မမြင်မိ။ နေလှန်းထားတဲ့
ငါ့ ဦးထုပ်နဲ့ ဂျက်ကက်ရှိရာ ကုန်းထိပ်ဆီ ငါ ပြန်လျှောက်လာတယ်။ ငါဟာ နေလှန်းထားတဲ့ ငါ့ ဂျက်ကက်နဲ့ ဦးထုပ် ဖြစ်တယ်။ ငါ့မက်မွန်သီးကို ငါ စားတယ်။ ငါဟာ ဟိုးအဝေးကြီးက ငါ့မက်မွန်သီး လာရာ ဖြစ်တယ်။
ငါဟာ ငါ အချိန်ပေးမိသမျှအရာအားလုံးဖြစ်ပြီး ငါ့အဖြစ်ဟာ
ဆက်ပြီးဆုပ်ကိုင်ထားရလောက်အောင် အရေးမပါတော့။ ငါ့ ရှပ်အင်္ကျီကို ငါ ချွတ်လိုက်တယ်။ ငါဟာ နေရောင်ထဲက ငါ့ခန္ဒာ ဖြစ်တယ်။ ရေကူးတာကို ငါ စိတ်ကူးမိတယ်။ ငါဟာ ရေကူးနေတဲ့ စိတ်ကူး ဖြစ်တယ်။
In the Mind of a Dragonfly by Lesle Lewis
မင်းရဲအိမ် (ပြန်ဆိုသူ)
လက်စ်လေ လူးဝစ် (Lesle Lewis)
အမေရိကန်ကဗျာဆရာမကြီးလည်းဖြစ်၊ အင်္ဂလိပ်စာ ပါမောက္ခတဦးလည်းဖြစ်တဲ့
လက်စ်လေ လူးဝစ် ဟာ ကဗျာစာအုပ် (၄) အုပ်ထွက်ရှိထားပြီး (၂၀၁၄) ခုနှစ်က နောက်ဆုံးထွက်ရှိထားတဲ့ “A Boot’s a Boot” အမည်ရ ကဗျာစာအုပ်နဲ့ (၂၀၁၃) ခုနှစ်အတွက်၊ ကလိဗ်လန်းဒ် စတိတ် တက္ကသိုလ် (Cleveland State University )၊ ကဗျာစာပေဌာနရဲ့ ကဗျာစာအုပ် ဆု ကို ရရှိခဲ့ပါတယ်။ ဒီကဗျာစာအုပ်အရင်(၂၀၁၁) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ (Lie Down Too) ကဗျာစာအုပ်ဟာလည်း (Alice James Books, 2011) စာအုပ်တိုက်က ပေးအပ်ချီးမြင့်တဲ့ (၂၀၁၀) ခုနှစ်ရဲ့ ဘိထရစ် ဟောလေး (Beatrice Hawley Award) ဆုကို ရရှိထားတဲ့ ဆုရ ကဗျာစာအုပ်တအုပ် ဖြစ်ပါတယ်။ ဒီကဗျာစာအုပ်နဲ့ပတ်သက်ပြီး အပတ်စဉ်ထုတ်၊ ထုတ်ဝေသူများ စာစောင်က ခုလို ရေးသားခဲ့ပါတယ်။
“ဝါကျဖွဲ့သိုပုံနဲ့ အသံစီးဆင်းပုံကို သူမ ကိုင်တွယ်သလို ကိုင်တွယ်တတ်တဲ့ ကဗျာဆရာဆိုတာ မရှိသလောက်ပါပဲ။ အရွယ်ရောက်ပြီး ရင့်ကျက်သူတယောက်ရဲ့ သာမန်အတွေ့အကြုံနဲ့ သာမန်အသိကို တချိန်တည်းမှာ လက်ခံရင်း ဆန့်ကျင်မှုပြုရာမှာရော သူမလို ကိုင်တွယ် ကစားတတ်တဲ့ ကဗျာဆရာဟာ မရှိသလောက်ပါပဲ။ ”
"ခြေဆင်းလို့သာပဲ" (Lie Down Too) ကဗျာစာအုပ် ခေါင်းစဉ်ရွေးပေးခဲ့ပုံကို မေးမြန်းရာမှာတော့ လူးဝစ်က ခုလို ဖြေကြားသွားခဲ့ပါတယ်။
“ဒီလို ရူသွပ်မှုတွေကြားမှာ ရှင်ဟာလည်း အေးအေးသက်သာ လဲလျောင်းနေနိုင်တာပဲ၊ ကျမက အဲဒီ "အသံ"ကို သဘောကျလို့ပါ။”
(၂၀၀၆) ခုနှစ်မှာတော့ သူမရဲ့ ဒုတိယမြောက် ကဗျာစာစုဖြစ်တဲ့ (Landscapes I & II) အမည်ရ (Prose Poems) ကဗျာစာအုပ် ထွက်ရှိခဲ့ပါတယ်။ “စိတ်ကူးအတွေးနဲ့ ရွေးနှုတ်ဖော်ထုတ်ခြင်း(Abstraction) အတတ်ဟာ သူမရဲ့ ကောင်းဘွိုင် ဘွတ်ဖိနပ်ကြီးတွေကို ဝတ်ဆင်ပြီး မရောက်ဖူးသေးတဲ့ နယ်မြေသစ်ထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ ဝင်ရောက်သွားတဲ့” ကဗျာစာအုပ်ဖြစ်ပြီး သူမရဲ့ ဖန်တီးမှုကြောင့် သက်ဝင်လှုပ်ရှားလာတဲ့ ပုံရိပ်တွေနဲ့ အဲဒီပုံရိပ်တွေရဲ့ တကယ့်အရှိတရားတို့ စကားစမြည်ဆိုကြပုံကို ခံစားကြားယောင်လာစေမယ့် ကဗျာစာအုပ်အဖြစ် ညွှန်းဆိုထားပါတယ်။
(၂၀၀၃) ခုနှစ်၊ (University of Iowa Press) က ထုတ်ဝေတဲ့ သူမရဲ့ “Small Boat” အမည်ရ ကဗျာစာအုပ်ကတော့ (၂၀၀၂) ခုနှစ်အတွက် ပေးအပ်တဲ့ အိုင်အိုးဝါး(Iowa Poetry Prize) ကဗျာစာပေဆု ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီကဗျာစာအုပ်ဟာ သူမရဲ့ ဗွေဆော်ဦး ကဗျာစာအုပ်လည်း ဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေဟာ (American Letters and Commentary, Green Mountains Review, Barrow Street, Pool, The Hollins Critic, The Massachusetts Review, and Jubilat) အစရှိတဲ့ စာပေ ဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေမှာ အမြောက်အများ ဖော်ပြခံခဲ့ရပြီး ဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေကို (Academy of American Poets) website ကလည်း အထူးအသားပေး ဖော်ပြခဲ့ပါတယ်။
ကဗျာရွတ်ဆိုမှုတွေပြုလုပ်တတ်သူ လူးဝစ်ဟာ ကဗျာရွတ်ပွဲတပွဲမှာ သူမရဲ့ ကဗျာချဉ်းကပ်နည်းကို ခုလို ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။
“ကျမရဲ့ ကဗျာစာပေကို ချဉ်းကပ်နည်းက ကဗျာရေးသားမှုနဲ့ သူ့အနက်ဖွင့်ဆိုမှုရဲ့ တင်ကြိုမသိနိုင်တဲ့ သဘောသဘာဝကို အသားပေးအလေးအနက်ပြုထားတဲ့ အာရုံသစ်တမျိုးပါပဲ။ ကျမတို့ ကျင်လည်နေရတဲ့ လောကဆိုတာတွေက ရူးသွပ်မှုတွေအပြည့်နဲ့၊ ကျမတို့ ကိုင်တွယ်နိုင်စွမ်းရှိတာတွေထက် ပိုမိုများပြားတဲ့ ရူးသွပ်စရာတွေအပြည့်နဲ့ပါ။ ကျမ ကဗျာရေးတယ်ဆိုတာ ကမ္ဘာလောကကို နားလည်ဖို့ နည်းလမ်းတခုအနေနဲ့ ရေးတာ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ အပိုင်းပိုင်းအစစကလေးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီအပိုင်းအစကလေးတွေကို ပေါင်းစည်းကြည့်ရင် ကျမတို့ ရလိုက်မှာက အာရုံသစ်တမျိုးပါ။ အဲဒီ အာရုံသစ်ကလေးဆိုတာ အဲဒီ အပိုင်းအစတွေကို ကိုယ်တိုင်ကိုယ်ကျ ပေါင်းစည်းမကြည့်မိမချင်း ကျမတို့ ခံစားရရှိနိုင်မှာ မဟုတ်တဲ့ အသစ်တစုံတရာကလေး ဖြစ်ပါတယ်။ ”
ကဗျာစာပေ ဖတ်ရှုသူတွေအနေနဲ့ ကဗျာတွေကို ကြိမ်ဖန်များစွာ အသံထွက်ဖတ်သင့်ကြောင်း၊ သို့ပေမယ့် ကဗျာတပုဒ်ကို အလွန်အကျွံ ခွဲခြမ်းစိတ်ဖြာမှုမျိုးတွေ မလုပ်သင့်ကြောင်းကိုလည်း သူမက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
“ကဗျာအမျိုးအစားအလိုက် နားလည်မှုကို အနည်းငယ်လွှတ်ပေးပြီး ကဗျာက ကိုယ့်အပေါ် စီးကျလာတာမျိုးကိုပဲ ခံယူပေးရပါမယ်။”
လူးဝစ်ဟာ အထက်တန်းကျောင်းသူဘဝမှာ ကဗျာကို စတင်ရေးသားခဲ့သူဖြစ်ပြီး ကျောင်းသူဘဝမှာကတည်းက စာဖတ်နာခဲ့သူလည်း ဖြစ်ပါတယ်။ သူမအလိုအရ ပီဘိ စာရေးဆရာတဦးဖြစ်ဖို့ အဓိကသော့ချက်ဟာ စာဖတ်နာဖို့နဲ့ နေ့တဓူဝ စာအရေးအသား အလေ့အကျင့်ရှိဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူးဝစ်ရဲ့ ကဗျာအများစုဟာ သဘာဝ၊ တောင်ယာဘဝ နဲ့ ဥတုရာသီ အကြောင်းချင်းရာတွေကို စူးစမ်းမှုတွေဖြစ်ကြပါတယ်။ သူမရဲ့ ကဗျာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှုတခုမှာ သူမက ခုလို ပြောသွားခဲ့ပါတယ်။
“ ကမ္ဘာလောကရဲ့ မည်းနက် ခက်ထန်တဲ့ အရာတွေနဲ့ လှပတဲ့အရာတွေကြားမှာ ဟန်ချက်ညီမှုတခု ရှိနေသလို ကျမ မျှော်လင့်ခံစားမိတယ်။ လူမှု ဒုက္ခ နဲ့ သဘာဝ အလှတွေဟာ ကျမအတွက် တကယ်ပဲ အရေးပါလှပါတယ်။ ဒီနှစ်ခုဟာ တချိန်တည်း တပြိုင်တည်းမှာ တည်ရှိနေတယ်ဆိုတဲ့ အချက်က မယုံနိုင်ချင်စရာပါပဲ။ သဘာဝအလှကို ဖွဲ့တဲ့ ကဗျာတွေကို လူမှု ဒုက္ခတွေအကြောင်း မတွေးမိဘဲ ကျမ မရေးနိုင်သလို လူမှုဒုက္ခတွေအကြောင်းကိုလည်း သဘာဝအလှတွေအကြောင်း မတွေးဘဲ ကျမ ရေးနိုင်စွမ်းမရှိပါဘူး။ ”
လူးဝစ် ဟာ နယူးယောက် တက္ကသိုလ်မှ ပညာရေး သိပ္ပံဘွဲ့၊ ကီးန် စတိတ် ကောလိပ်မှ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ (M.A.L.S) မာစတာဘွဲ့ နဲ့ မက်ဆက်ချုးဆက်စ် ပြည်နယ် အမ်းဟ့စ်ထ် တက္ကသိုလ်မှ ကဗျာစာပေဆိုင်ရာ (M.F.A) မာစတာဘွဲ့ ကို ရရှိထားသူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ (Landmark College) ကျောင်းမှာ စာပေသင်ကြားပေးနေပြီး
နယူး ဟမ်းစဖီးယားပြည်နယ် အောစတက်မြို့မှာ နေထိုင်လျက်ရှိပါတယ်။
လူးဝစ်ရဲ့ ကဗျာတွေကတဆင့် ၂၁ ရာစု အမေရိကန်ကဗျာစာပေရဲ့သဘောသဘာဝကို ခံစားကြည့်နိုင်ဖို့ သူမရဲ့ အိုင်အိုးဝါး ကဗျာစာပေဆုရစာအုပ်ထဲက ကဗျာအချို့ကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
စိုက်ကွင်းထဲက အလင်းရောင် (Light in the Field)
နေ့ အလင်းဟာ သေနတ်ဖောက်သံတွေလို သက်ဆင်းလာ
အပြိုင်းအရိုင်းထမှုနဲ့ ထရပ်ကားလမ်းကြောင်းတွေ၊ ပဲရိုင်းပင်၊အက်စတာပင်တွေရဲ့ အရောင် အနုအရင့် အမျိုးမျိုးကို နှုတ်အစာကြွေးဖို့
ငါတို့ အားထုတ်ကြ
အားထုတ်မှုဟာ သူ့ဟာသူ ပင်လယ်ဆီပြေး၊ အမြှုပ်တစီစီထကာ သူ့ကိုယ်သူ အလွန်တရာကြီးမားမှုနဲ့ လွှမ်းခြုံသွားပြီး မရပ်နား၊ လုံးဝ လုံးဝ၊ မရပ်နားတော့
ခေါ်သံကို နားစိုက်မိရင်း ငါတို့ဟာ ငါတို့ဘဝတွေကို ထားခဲ့ပြီး
ရှေ့ဆက်ချင်မိကြ
ဒါဟာ နာဖျားမှုတမျိုးပဲ၊ ဒီလို ကာလမျိုးတွေအတွက် ငါတို့ကို အပြစ်ဆိုလို့မရ။
အိပ်မက်တခု အပြင်ထွက်သွားတယ် (A Dream Goes Out)
စာမျက်နှာ တရာကို လှန်လိုက်ပါ၊ လှန်နေစဉ် မင်းရဲ့လက်ကောက်ဝတ်က အောက်ကိုလျှောကျသွားပါစေ၊ လျှောကျရာမှာ မင်းကို ကြိုဆိုနေတဲ့ အောက်ခြေကြမ်းပြင်ထိ ကျသွားပါစေ..ကြင်နာနူးညံတဲ့ မိခင်တယောက်က ကလေးမကလေးတယောက်ကို နှုတ်ခွန်းဆက်၊ လက်ကိုဆွဲပြီး လိုက်ကာတွေချထားတဲ့ အိပ်ငိုက်ရာအခန်းတခုကို ခေါ်ဆောင်သွားသလိုမျိုးနဲ့ပေါ့
အိပ်မက်တခုဟာ အပြင်လောကထဲကို ထွက်သွားတယ်၊ သက်တောင့်သက်သာ ဝတ်ဆင်မှုနဲ့၊ ယုံကြည်မှု အပြည့်ရှိဟန်မျိုးနဲ့ ဦးဆုံးတွေ့တဲ့ ကဖေးဆိုင်ကို ဝင်ထိုင်တယ်။ ပရင်းမ်ရို့စ် ကုန်းမြင့်ထက် သူမြင်မိတဲ့ နေဟာ အဝတ်မပါတဲ့ လူတယောက်၊ ဒါပေမယ့် သူသောက်နေတဲ့ ကော်ဖီထဲက ရမ် ကြောင့် ဒါကိုသူ တပ်အပ်မပြောနိုင်။
ခုချိန် ငါတို့ဟာ ကမ္ဘာရဲ့ တဖက်ခြမ်းပဲ၊ အပူချိန်ဟာ မတ်ခွက်ထဲ ပုံရိပ်ထင်နေတဲ့ မျက်လုံးနှစ်လုံးနဲ့ ရေအိုးထဲက ဖားတကောင်လို ပြည့်ဝလို့နေ။ အိပ်ရာဖုံးပေါ်က အဖြူရောင်အိမ်ရဲ့ အပြာရောင် ပြတင်းပေါက်မှာ မြက်ပင်တွေဟာ အမြောက်အများ၊ ကျောက်စရစ်ခဲကလေးထက် သုံးရွက်ဆိုင်ပဲရိုင်းပင်ပေါ်မှာလည်း ပျားကလေးတကောင်။ ငါတို့ဟာ အလှမ်းကွာတဲ့ စိတ်တွေနဲ့ နားလည်တတ်ကြ၊ ဒါမျိုးက နွားတကောင်နဲ့ ပုရစ်တကောင်သာ ဖြစ်နေဦးတောင်မှ။ စဉ်းစားပေးရမယ့် ကလေးငယ်တွေရှိရဲ့။ သူတို့ ရေကူးကြမှာလား၊ သူတို့မှာ ဖြောင့်တန်းတဲ့သွားကလေးတွေ ရှိလာမှာလား။ တခါတခါကျ အတွေးတွေကိုယ်တိုင်က ပင်ပန်းလာတတ်ကြ၊ အတွေးတွေက သူတို့ရဲ့ စိတ်သောကကို အိပ်ငိုက်မှုမှန်း မသိကြလေတော့ ငါတို့ကပဲ သူတို့ ငိုယိုနေချိန်မှာ သူတို့ကို ချော့သိပ်ကြရ။ ငါတို့နှလုံးသားတွေက ပြည့်ဝလို့နေ။ သူတို့က အနီရောင် အပ်ချုပ်ကွက်တွေနဲ့ ဘောင်းဘီခွဆုံထက်က လျှာဆက်တို့ရဲ့ ကမ္ဘာလောကတွေပေါ့။ စိုက်ကွင်းတွေဟာ မွေးစားနွားတွေရဲ့ နှလုံးသားတွေပေါ့။ ဆရာဝန်ဆောင်တဲ့ နားကျပ်တွေမှာ ဂုဏ်သရေကြီးမြတ်မှုကို ငါတို့ကြားရ။ စားကျက်မြေဟာ တိမ်တွေပေါ်မှာ။ ချစ်ခြင်းဟာအတွင်းအင်္ဂါတို့ရဲ့အရာ။ မြက်ပင်တွေက ပေါက်ဖွားစအမှန်တရားလေးတွေအတွက် လမ်းဖယ်ပေးကြ။ ငါတို့သွားနေတဲ့လမ်းကြောင်းအမှန်ကအလုပ်နဲ့တည်တာမဟုတ်တဲ့၊ အပြောနဲ့တည်တဲ့ ကတိတလုံး၊ အလုပ်နဲ့ ဘာကြောင့် တည်နေမှာလဲ။ တနင်္လာဟာ ငါတို့ကို မြိုတဲ့ပြီး အင်္ဂါနေ့ထဲ ထွေးထုတ်လိုက်တယ်။ ငါတို့ရဲ့ အကန့်အသတ်တွေကို ငါတို့ ချဲ့ကားနိုင်တော့ ငါတို့က ရဲရဲကြီးကို ချဲ့ကြ ကားကြပေါ့။
ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ (In the Mind of a Dragonfly)
ငါဟာ အဲဒီ သေးပြီး အလျင်လိုနေတဲ့ ပုစဉ်းတကောင်ရဲ့ စိတ်အတွင်းမှာ လှုပ်ရှားနေတဲ့ အရာ။ သစ်ခွကုန်းမြင့်ဆီ ငါ စက်ဘီးစီးတက်တယ်။
ကုန်းမြင့်မှာ ငါသွားအိပ်တယ်။ ငါ နိုးလာတယ်။ ငါဟာ အဲဒီ ကြီးမားပြီး
မမြင်ရတဲ့ လေ ဖြစ်တယ်။ ငါ တဖက်ကို လှည့်တယ်။ ငါ အရမ်းပူအိုက်နေတယ်။ ငါ လမ်းလျှောက်တယ်။ ငါဟာ တောတွင်း လမ်းကလေး ဖြစ်တယ်။ ကုန်းမြင့်က ဆင်းပြီး ရေကန်ကလေးနဲ့ စိုက်ခင်းရှိရာဆီ ငါ
လျှောက်လာတယ်။ နွားတကောင်မှ ငါ မမြင်မိ။ နေလှန်းထားတဲ့
ငါ့ ဦးထုပ်နဲ့ ဂျက်ကက်ရှိရာ ကုန်းထိပ်ဆီ ငါ ပြန်လျှောက်လာတယ်။ ငါဟာ နေလှန်းထားတဲ့ ငါ့ ဂျက်ကက်နဲ့ ဦးထုပ် ဖြစ်တယ်။ ငါ့မက်မွန်သီးကို ငါ စားတယ်။ ငါဟာ ဟိုးအဝေးကြီးက ငါ့မက်မွန်သီး လာရာ ဖြစ်တယ်။
ငါဟာ .. ငါ အချိန်ပေးမိသမျှအရာအားလုံးဖြစ်ပြီး၊ ငါ့အဖြစ်ဟာ
ဆက်ပြီးဆုပ်ကိုင်ထားရလောက်အောင် အရေးမပါတော့။ ငါ့ ရှပ်အင်္ကျီကို ငါ ချွတ်လိုက်တယ်။ ငါဟာ နေရောင်ထဲက ငါ့ခန္ဒာ ဖြစ်တယ်။ ရေကူးတာကို ငါ စိတ်ကူးမိတယ်။ ငါဟာ ရေကူးနေတဲ့ စိတ်ကူး ဖြစ်တယ်။
မင်းရဲအိမ်
Labels: Lesle Lewis, မင်းရဲအိမ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home