29 February, 2020

မျှော်သူ



စွယ်တော်ရွက်က
မခွာချင်ဘူး
စွယ်တော်ပွင့်ကတော့ ညှိုးရှာတယ် ။

စိန်ပန်းကတော့ နီတာပေ့ါ
စိန်ပန်းရွက်က စိမ်းပါတယ် ။

ခုံပြာတန်းက ဟောင်းပါပြီ
ထိုင်သူတွေက အသစ်တွေချည်း ။ ။

ဝင်းမြင့်
၂၆ ၂ ၂၀၁၉

Labels:

သဲ

အခုဖွင့်ကြည့်တော့ တံခါးဟာချက်ချင်းမပွင့်ဘူး
ကြပ်နေပြီ
သတိမရတော့တာ ကြာပြီ
လှိုင်းတွေက သူ့ နေရာ သူ ရောက်အောင်လာတယ်
ကမ်းခြေမှာ လူသူမရှိ ။ ။

ဝင်းမြင့်
၂၆ ၂ ၂၀၂

Labels:

28 February, 2020

သဟဇာတ

ဒီမှာ ရပ်နေတဲ့ရထားက
ဘာအကြောင်းပြချက်များလဲမေးမိတော့
လူတယောက်ပျောက်နေလို့တဲ့
အဲဒါနဲ့ပဲ ချွေးခံထဲမှာ ပုရပိုက်ထဲမှာ
ခပ်ချွဲချွဲ ကိုယ်တိုက်ဆပ်ပြာတုံးထဲမှာ
မင်းတို့ထံ ငါလိုက်လာခဲ့ပါပြီ တဲ့။
မရှိပါဘူးဆိုမှ
သူတို့မှာတော့ နှစ်ခါပြန် နေရာရတယ်
ဟာလာဟင်းလင်းထဲ
ပြတင်းပေါက်ကို တက်နင်းထားကြပြန်ပါပြီ
အဟွတ် အဟွတ်
နေ့တိုင်း ဒီအတိုင်းပဲ။
ထားလိုက်ပါတယ်
ငေါင်စင်းစင်း အချစ်မဲ့ဒဏ်ရာဗလပွနဲ့
ဖန်ခွက်
မင်းနှုတ်ခမ်းပေါ်မှာ
ငါ့ရဲ့အတောင်ကျိုးတဲ့အနမ်း
ဆိုင်ဝန်ထမ်းတွေ ဆေးကြောပေးပါလိမ့်မယ် ။ ။

ဝင်းမြင့်
၂၈ ၂ ၂၀၂၀

Labels:

မော်ဒန်ကဗျာ

ကျွန်တော့်ဖုန်းနံပတ် ကျွန်တော် မသိပါ
ကျေးဇူးပြု၍
သင့်ဖုန်းနံပတ်ကို ပြောပြပါ
ကျွန်တော် ဆက်ပါ့မယ်
အဲဒီအခါကျမှ
ကျွန်တော့်ဖုန်းနံပတ်ကို သိမှာပေါ့။

အောင်ချိမ့်

Labels:

ပန်းခြင်းအရောင်းဆိုင်

ပြိုင်ကား ၊ ဇိမ်ခံကား
မီးသတ်ကား ၊ ဘတ်စ်ကား

မီးလောင်နေတာကို
ဇိမ်ခံကားစီးပြီးသွားကြည့်ုကြတယ်

ဘန်ကောက်မှာရှော့ပင်းထွက်ပြီးပြန်လာတဲ့
ချစ်သူကိုပြိုင်ကားလှလှလေးနဲ့ လေဆိပ်သွားကြိုတယ်

မီးက ဝါယာရှော့ဖြစ်တာ
ရှော့ပန်းမောလ်ကြီးတစ်ခုလုံး ပြာကျသွားတယ်
မီးသတ်ကားဟာ ရေပါမလာဘူး

လေယဉ်ပျက်ကျတာက
ငှက်တစ်ကောင်ကြောင့်ပျက်ကျတာ
တစ်ယောက်မှအသက်မရှင်ဘူး

ဇိမ်ခံကားဟာ
စီးရတာ အရသာရှိတယ်

လေယာဉ်စီးရတာက
ကိုယ့်အသက်ကိုယ်မပိုင်ဘူး

ပြိုင်ကားဟာ
ပန်းတိုင်မရောက်ဘဲ ပက်လက်လန်သွားတယ်

ဇိမ်ခံကားကို
ဘတ်စ်ကားကကျော်တက်တာ
လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိသွားတယ်

ရေဝေးလမ်းကြားထဲမှာ
ကလေးတွေက ပျော်ရွှင်စွာ

သေတာဟာ ဂိမ်းအိုဗာပဲ
နောက်တစ်ပွဲ ထပ်ကစားကြမယ်။

ကြည်ဇော်အေး
23 feb 2020

Labels:

အရေးပေါ်အခြေအနေ

မုန်တိုင်းရှိလို့
ခရီးစဉ်အားလုံးဖျက်သိမ်း

ဝင်သက်က အထွက်
ထွက်သက်က အဝင်

တံခါးအဖွင့်အပိတ်မှာ စေ့စေ့တွေးမိတော့
အမှားအယွင်းစိတ်မှာ ရေးရေးပေါ်လာတယ်

နေနဲ့အနီးဆုံးအရပ်ဒေသမှာ
ရေခဲတောင်များအရည်ပျော်ကျ
အေးခဲစွာ ပိတ်မိ

လူကိုခွေးနဲ့ အနံ့ခံ
ခွေးနံ့ကို လူက မရ

အိတ်စ်ဇရေးမှာ
စိတ်ထဲရှိတာတွေမမြင်ရတော့
အကြမ်းဖက်သမားဟာ လွယ်လွယ်လေးဝင်လာတယ်

စီးကရက်သောက်ခန်းထဲမှာ
အသေခံဗုံးဟာ
အခြေခံ ကျမ်းကြေတယ်

ရဲတွေက
ရှာဖွေမှုကို ရပ်လိုက်ပြီ

ငါ့အော်သံက
ဂက်စ်ကုန်ကာ မပြာလဲ့တော့

ယောကျာ်းပဲ
ကျောက်သားကို မီးတောက်အောင် မွှေးရတယ် ။

ကြည်ဇော်အေး
24 feb 2020

Labels:

ပုလင်းခွံအလွတ်များ

ပုလင်းခွံအလွတ်များ

ဆောင်းရာသီကုန်ဆုံးတဲ့အခါ
ဖန်ခွက်ချင်းတိုက်ပြီး
သစ်ပင်များဟာ ခွဲခွာခြင်းကို စတင်ခဲ့တယ်

မင်းနဲ့အတူအိပ်ဖို့
စကားတွေအများကြီးမလိုအပ်ပါ

တစ်ယောက်အသားအရေကို
တစ်ယောက်က အရသာခံတတ်ကြဖို့
တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်က မီးညှိပေးကြဖို့
ဝိုင်ကောင်းကောင်း တစ်ပုလင်းသာလိုပါတယ်

ရေကူးပါ
နေပူလှန်းပါ
အဝတ်အစားတွေချွတ်ပစ်ပါ
သစ်ရွက်တွေကြွေကျနေဆဲ သစ်ပင်လို
မင်းပိုပြီး လှပလာပါလိမယ်

သဲပွင့်တွေနဲ့ဆားနံ့မွှေးမွှေး လေက
အသက်ရှူမှုကို အထောက်အကူပြုပေးပါလိမ့်မယ်

ရှုမျှော်ခင်းများအတွက်
လတ်လတ်ဆတ်ဆတ်မီးဖုတ်ထားတဲ့ ပုစွန်တစ်ကောင်လိုပါတယ်
အကြေးမလှန်ရသေးတဲ့ ငါးတစ်ကောင်လိုပါတယ်

ကျန်းမာရေးအတွက်
သတင်းစာမဖတ်ပါနဲ့
လက်ကိုင်ဖုန်းကို ပိတ်ထားပါ

ဖြစ်နိုင်ရင် ဒီနေ့ဘာနေ့လည်းဆိုတာတောင်
မသိတာအကောင်းဆုံးပါပဲ

ဒီစိတ်ကူးကို ပုလင်းခွံထဲထည့်
ပင်လယ်ထဲမျှောလိုက်ပါ

ရေနစ်နေတဲ့သဘောၤတစ်စင်းက
ဖတ်မိပါလိမ့်မယ် ။

ကြည်ဇော်အေး
25 frb 2020

Labels:

အမျိုးသားဝတ်အတွင်းခံဘောင်းဘီ



အိပ်ရာထနောက်ကျ
အေးစက်စက် သန်သန်မာမာ

ရေချိုးပြီပြီလား ၊ ရှင်ဟာလေတော်တော်ရှုပ်ထွေး
မကောင်းမှုအပြည့်နဲ့နေထွက်
ဘလိတ်ဓားရှရာ တဝင်းဝင်း
မှန်ထဲမှာ ငါ့မျက်နှာတစ်ဝက်ပဲမြင်ရတယ်

မေးလ်တွေပြန်စစ်ရင်း ငါတွေးမိ
ကျောင်းသားတစ်ယောက်လို အိမ်စာမလုပ်ဘဲ
ကျောင်းသားတစ်ယောက်လို သပိတ်မှောက်ချင်

ရေနွေးနွေးနဲ့မျက်နှာသစ်
ခြေအိတ်က ဘယ်ညာလွဲ

ပြီးတော့လည်းပြီးသွားတာပဲ
မပြီးတော့လည်း ရှေ့ဆက်နေရတာပဲ
ပျော်သလားဆိုတော့
ဆီးရွှင်သလို ရွှင်နေတယ်

ဆေးသောက်
အမှိုက်ပုံးထဲက တစ်ရှုးစတွေ စီးကရက်ဘူးခွံတွေ ဘဝပျက်
အမှိုက်သိမ်းကားမလာသေးခင်
ဖယ်ရီကားရောက်လာတယ်

ဘဝကခွင့်ပြုသလောက်သာ
လမ်းဖြတ်ကူးကြရတယ်

ဓာတ်လှေကားထဲရောက်တော့မှ
လူပီသအောင်နှုတ်ဆက်ကြ
မင်္ဂလာမနက်ခင်းပါခင်ဗျာ ။

ကြည်ဇော်အေး
26 feb 2020

Labels:

ပေါ့ဆမီး

တီရှပ်အဟောင်းဝတ်ပြီး
ဂျင်းဘောင်းဘီအဟောင်းဝတ်ပြီး
ပျော်အောင်နေတတ်လာတယ်

"ခံစားမှုဟာ အန္တရာယ်ရှိတယ်
သတ္တိရှိရတယ်"

စွဲတယ်
ပြန်ဆွဲချတယ်
ကိုယ့်ဘက်ပြန်ပါလာတယ်

ထို့ကြောင့်
သံချောင်းလာ၍ ခေါက်ပါကြောင်း

ဆေးရုံမှာ
စီးကရက်ခိုးသောက်ခဲ့ပါတယ် ။

ကြည်ဇော်အေး
26 feb 2020

Labels:

စတုဂတ်

မက်ဆေ့တစ်ခုဟာ ငါ့အသက်ကိုကယ်တင်ခဲ့တယ်
ကားတစ်စီးဟာ အရေးပေါ်လူနာဌာနကိုရောက်လာတယ်

သွေးသားဟာ
ဆေးပြားတွေနဲ့ ယဉ်ပါး

တခြားမရှိ
တရားအသိ

"စစ်ပွဲတစ်ခုအတွင်းမှာ
ကျည်ဆန်တစ်တောင့်ဟာ ဘယ်တော့မှမလိမ်ဘူး"

တည့်တည့်ပဲ
ငါ့ဦးခေါင်းဆီ။

ကြည်ဇော်အေး
28 feb 2020

Labels:

တစ်ရှုး

တစ်ရှုးစကိုလုံးချေပြီး အမှိုက်ခြင်းထဲပစ်ထည့်
နောင်တရမိသလားပြန်တွေး
မရရေးချမရ

အချိန်က နေ့လည်စာစားဖို့
အခါက စဉ်းစားဖို့

သွားကြားညှပ်တော့မှ
ဘာဟင်း

လည်ချောင်းထဲရောက်တော့မှ ပြန်ထုတ်မရ
အသားကလည်း တစ်ရှုးပြန်ဖြစ်သွားမှာပါ

ငါလည်း သူ့အမှိုက်ခြင်းထဲရောက်
သူလည်း ငါ့အစာအိမ်ထဲရောက်

အချိန်မကိုက်ရင်
ပြန်တိုက်ကြည့်

အလုပ်ကအပြန်
သွားဆေးခန်းဝင်ရဦးမယ်

သွားဆရာဝန်က
ဘာဟင်းနဲ့စားခဲ့သလဲမေးရင်ဖြေဖို့
အသားအမျိုးအစား တစ်ခုခု ။

ကြည်ဇော်အေး
28 feb 2020

Labels:

23 February, 2020

အိမ်ပြန်ခြင်းများ

ရန်ကုန်ရဲ့အဲဒီအမှောင်ထဲမှာပဲ
ငါဟာ အမြဲတမ်းအိမ်ပြန်ခဲ့ရတယ်
လူတစ်ယောက်ဟာ ဘာအတွက်များ
မဖြစ်မနေအိမ်ပြန်ရမှာလဲ ဆိုတဲ့
သမိုင်းဝင်မေးခွန်းကို မဖြေမချင်း
ငါ့အရိပ်ဟာငါ့ကိုအိမ်ဆီဆွဲခေါ်သွား
ကိုယ့်အပေါ်သစ္စာရှိလွန်းတဲ့ခွေးပေါ့

စီးတီးမတ်ထဲကနောက်ဆုံးဈေးဝယ်သူဟာ
ရပ်သွားပြီဖြစ်တဲ့ စက်လှေကားပေါ်က
နွမ်းနယ်စွာ တစ်လှမ်းဆင်းလာတယ်
ခဲနေတဲ့ ငြိမ်သက်ရေတံခွန်ကြီးတစ်ခုရဲ့
တဝေါဝေါ အတိတ်ပဋိပက္ခထဲ
အလိုမတူစွာဖြတ်သန်းရသလိုမျ ိုး

သားအတွက် မိုင်လိုနဲ့ခရိုဆွန်တွေ
ကိုယ်တို့လင်မယားအတွက်တော့
ထုံးစံအတိုင်း အဆီထုတ်ထားတဲ့ နွားနို့
ပြီးတော့ တားမြစ်ထားတဲ့ပန်းသီးတွေ
ကွန်ဒွန်တချ ို့ နဲ့ ibuprofen ဆေးပြားတချ ို့
ကိုယ့်ဈေးဝယ်လှည်းထဲမှာ တလျှောက်လုံး
မာ့က်စ်ရဲ့ဆဲရေးသံတွေထွက်နေတယ်

မျက်စိမှိတ်ပြီးမောင်းလို့ရတဲ့လမ်းတွေ
ပြန်စရာအိမ်မရှိတဲ့လူအနည်းအကျဉ်း
ကားတစ်စီးကလမ်းတွေကိုရေနဲ့ဆေးလို့
မအောင်မြင်တဲ့တော်လှန်ရေးရဲ့မြင်ကွင်းပဲ
ဝံပုလွေတွေရဲ့မျက်လုံးလိုလမ်းမီးတွေ
ငါဟာကားမောင်းရင်း အူလိုက်မိတဲ့အထိ
ရန်ကုန်ရဲ့အမှောင်ဟာ မှားယွင်းစေတယ်
မီးကိုတွေ့ရှိဖို့လည်း သိပ်စောနေသေးရဲ့

အောင်ခင်မြင့်

Labels:

ကွီးနိုင်

ဟိုကောင်တော့
အထဲရောက်သွားပြီ ထင်တယ်
မဟုတ်ဘူးဗျ
ရှုပ်လို့အပေါ်တင်ထားတာ
အစ်ကိုကြီး
ဟိုမှာထိုင်လေ
ဟေ့ကောင် ငါအစပ်မစားဘူး
မြစ်ရေတွေ ဒီနေ့မစီးဘူးဗျ
ပန်းပွင့်တစ်ပွဲ
ကဗျာမထွက်တာ တစ်ပွဲ
ကြက်တူရွေးက တောက်ခေါက်တယ်
good တဲ့
မင်းအတော်သိုးတဲ့ကောင်ကွာ
အသစ်ကလေးရှာနေတာလားအစ်ကို
မနေ့ကမှ ကမ္ဘာလှည့်လာတာ ယူသွားလေ
မိုးတွေသည်းလွန်းတယ်ကွာ
ငါ့အမည်သာ ပြောလိုက်
ပြီးရင် ရေရောပြီးသောက် ။ ။

ဝင်းမြင့်
၂၁ ၁ ၂၀၂၀

Labels:

love

ဘဝကိုရင်းနှီးမြုပ်နှံလိုက်ချင်လည်း
အစွဲအလန်းတွေရဲ့အောက်မှာ ကွင်းဆင်းမရတဲ့လေယာဉ်။

မီးလေးတတို့ လှမ်းတောင်းတာ
ပန်းသီးတလုံးပစ်ပေးတဲ့
သြော် ကမ္ဘာဦးလိုပဲ။

မနေ့က မန္တလေးရောက်တယ်
ဒီနေ့ ရန်ကုန်ရောက်တယ်
ပန်းဆိုးတန်းက တစ္ဆေဖြူ
အူလို့။

ခူတကောင်
သစ်ရွက်ကိုချစ်နေတာ။ ။

ဝင်းမြင့်
၂၄ ၁ ၂၀၂၀

Labels:

လွတ်မြောက်ရေး သို့

ခြံစည်းရိုးထဲက
ဘယ်မှမထွက်ဖို့
မိုးတိမ်တိုက်တစ်ခုအတွက်
မြင်းလေးတစ်ကောင်
ခြံထဲသွင်းပြီး
ပရဝဏ်ခတ်ထားခဲ့တယ်။
လိုအပ်ရင်လည်း
ခြံထဲမြင်းစီးကျင့်ဖို့
မလိုအပ်တော့မှ
မြင်းစီးပြီး ခြံကိုကျော်
လောကီကိုလမ်းပြစို့ ။ ။

ဝင်းမြင့်
၂၇ ၁ ၂၀၁၉

Labels:

မြန်မာကား

ဇာတ်လမ်းလို
ဇာတ်လိုက်တွေ လမ်းဘေးဈေးရောင်းရင်း
ကြီးပွားသွားချင်တယ် ။

ပြီးတော့ ဒီကောင်တွေက
မ သေ ဘူး
ကျနော်တို့က ခဏ ခဏ သေတယ် ။ ။

ဝင်းမြင့်
၂၇ ၁ ၂၀၂၀

Labels:

ဇာတ်ကြောင်းပြောသူ

ကမ္ဘာပေါ်မှာ
ကြက်ခြေခတ်ရောင်စုံရှိတယ် ။

လာမယ်ဆိုရင်
မြစ်ကိုအလျားလိုက်ပဲ ကူးလာပါ။ ။

ဝင်းမြင့်
၂၇ ၁ ၂၀၂၀

Labels:

ရှုမဝ

ပြောပြီးသားစကားတွေပဲပြန်ပြောကြတယ်
ကျနော်က တက်ဟေ့ဆို သိပ်မတက်ချင်ဘူး
စက်ဘီးတစီးနဲ့မြို့ကိုလည်ဖူးတယ်
မြစ်က ကျနော်လိုပဲ သွေးအေးအေး
ခင်ဗျားရဲ့အနက်အဓိပ္ပါယ်ထဲမှာ
ကျနော်ဟာ အဖြူရောင်ပါ
ပေစွန်းလွယ်တယ်
တုန့်ပြန်တတ်တယ်
လူတိုင်းနဲ့မတည့်ဘူး
ဘတ်စ်ကားက မလာသေး
လှည်းဘီးက ကျွံနေဆဲ
စွန့်ပစ်သွားတဲ့ရေသန့်ဗူးခွံတလုံးကို
ဆယ်နေတာပါ
စိန်ပန်းပင်က ကမ်းစပ်မှာ
ပဲပေးနေတယ် ။ ။

ဝင်းမြင့်
၂၉ ၁ ၂၀၂၀

Labels:

မြေနံ့

ကမ္ဘာမြေပြင်ပေါ်
ပြန်ကျဦးမယ်ဆိုတဲ့ ခြင်းလုံးလေးရေ။

လေပေါ်ဝဲနေတဲ့နေ့တွေများလာတဲ့အခါ
အပျော်တွေ ပြန်ရသွားပြီလို့ တွေးလိုက်ပါသေးတယ်။

ပြီးတော့ တိတ်ဆိတ်သော
လက်ခုပ်သြဘာလည်း ပေးလိုက်ပါသေးတယ်။ ။

ဝင်းမြင့်
၃၀ ၁ ၂၀၁၉

Labels:

အခွံ

တိမ်တွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ကောင်းကင်ဟာ ကောင်းကင်ပဲ
နံရံတွေအောက်မှာ
တယောက်တည်း စစ်မီးတွေမတောက်လောင်ပါနဲ့
ဒီကခွဲသွားရင်
နောက်ထပ်လည်း လမ်းခွဲပဲ
လမ်းဆုံဆိုပေမယ့်
လမ်းခွဲပဲ။ ။

ဝင်းမြင့်
၃၁ ၁ ၂၀၂၀

Labels:

လျှပ်စီး

မြို့လည်လမ်းမမှာ
လူတွေတဖွဲဖွဲ ရွာနေတယ် ။

အခန်းကိုမီးပိတ်ပြီး
အပြင်ကို ငေးရော်ရီနေခဲ့။

စက္ကူစလေးတွေ ဆုတ်ဖြဲပြီး
လမ်းတွေပေါ်ကို ခုန်အုပ်ကြဲဖြန့်လို့ပေါ့ ။

ဆက်လွှတ်မချလိုက်ပါနဲ့
တိမ်တွေ
ဒိုင်ယာရီတစ်အုပ်လုံးထစ်ချုန်းနေဆဲမို့ ။ ။

ဝင်းမြင့်
၁ ၂ ၂၀၁၈

Labels:

ကြိုး

မင်းနေရာမှာ
ငါသာဆို
ငါလည်း ကြိုးပဲ
ကြိုးဆိုတာ
သံယောဇဉ်
မမြင်ရတဲ့အမြင်
မင်း နောက်ထပ်ဆင်ခြင်ပြီး
လမ်းတွေကို နောက်ပြန်မလျှောက်ပါနဲ့ ။ ။

ဝင်းမြင့်
၁ ၂ ၂၀၂၀

Labels:

ကြိုးတွေနဲ့

အိပ်မက်ကိုအိပ်ဖို့
ကိုယ်ထပြောလိုက်တယ် ။

အပြင်မှာ
အတွင်းမီးလောင်နေတဲ့အခိုက်
အထဲမှာ နံရံမရှိဘူး ။

ဖိနပ်ကိုဆက်မသွားဖို့
ချည်ထားတဲ့သော့များ
ကျနော်က လူလည်
မွှတ်နေအောင် ဂျင်ပေါက်ခံရတယ် ။ ။

ဝင်းမြင့်
၂ ၂ ၂၀၁၈

Labels:

ပြည်နယ်လမ်း

လမ်းကလေးက
ချစ်စရာကောင်းလို့
တောင်ကုန်း တစ်တောင်ပြီးတစ်တောင်
ဝယ်သိမ်းထားချင်တယ် ။
တောတောင်ပြေပြေ
အစိမ်းရောင်လည်းလွင့်မျောလိုက်ပါလို့
အကွေ့အဝိုက်လမ်းကလည်း တက်ဆင်းလု့်
မြို့များကလည်း မေးတင်ငေးမောရင်း
သူ့ရနံ့ သူနင်းသိပ်ထားတာတောင်
ကျနော့်မှာ မွှေးနေတယ် ။ ။

ဝင်းမြင့်
၃ ၂ ၂၀၁၉

Labels:

နီနီ

မြည်းချင်စရာတွေခြောက်ကပ်အက်ကွဲလာတဲ့
စားပွဲမှာ
ဆွတ်ကြင်လာတဲ့အစလေးတစပဲဖြစ်ဖြစ်
စိုပြေမက်မောရပါတယ် နေဝန်းနီနီရယ် ။

ခွဲထွက်တော့မလား
သစ်ရွက်တွေကိုလှမ်းမေးတော့
မဖြေဘူး
အလိုလိုကြွေကြတယ်။

မနေ့က
မင်းအကြောင်းတရားလေးမေးမိတာနဲ့
ငါ့မှာရှတယ်
ခဏ ခဏပဲ ။

မင်းပေးတဲ့ဒဏ်ရာဆိုတာ
ငါ့မှာက ရေထဲရေးတဲ့အရုပ်ပါကွယ် ။

ရထားကခုတ်မောင်းနေဆဲ
ဘူတာကို
မင်းကရွှေ့ထားတယ် ။ ။

ဝင်းမြင့်
၃ ၂ ၂၀၂၀

Labels:

တိုက်ပွဲ

သူ့ကိုတိုက်ရမယ်ဆိုတဲ့နေ့က
ကျနော်က မအားဘူး
သူကလာစောင့်ပေးတယ်
ဒါနဲ့ တိုက်ဖြစ်သွားတယ်
အေးအေးချမ်းချမ်းပဲ ။ ။

ဝင်းမြင့်
၃ ၂ ၂၀၂

Labels:

ရေအသက်

ခင်ဗျားရဲ့
တွန်းလှည်းလေးရေ။

နွေဦးရာသီရောက်ပြီဆိုကတည်းက
သစ်ရွက်ခြောက်တွေဟာ
လှည်းနောက်က တကောက်ကောက်လိုက်နေတော့တာ။

ခင်ဗျားရဲ့တွန်းလှည်းလေးပေါ ်မှာ
ရေငတ်ပြေစရာ
ရေစည်တစ်စည်အမြဲပါနေတော့တာကိုး။ ။

ဝင်းမြင့်
၄ ၂ ၂၀၁၈

Labels:

အဖြူရင့်ရင့်

မျှော်ရပါကြောင်းများကလည်း
မီးခိုးတောင်မထွက်နိုင်တော့တဲ့ တောတောင်ရေမြေ
လူကြုံများလည်းမရှိ
မရှိတဲ့အရပ်ကို နောက်ထပ်မရှိခြင်းများ
ဒီစကားတွေမှန်ပါတယ် ကိုယ့်ရင်ကို
မြူနှင်းတို့ ငိုပါစေ
မြေအက်ကြောင်းတွေထဲက မြေဇာဥတွေရဲ့
ချိုမြ ကောက်ရိုးနွယ်
စေတနာမှန်ကောင်းပါရဲ့
ဆုတွေပဲ ပေးလိုက်ချင်တော့တာ
ဆုမတောင်းတော့ပါဘူး
ရည်စူးပြီး ခူးထားတဲ့စပယ်ရုံ။ ။

ဝင်းမြင့်
၃ ၂ ၂၀၂၀
တပို့တွဲလဆန်း ၁၀ ရက်

Labels:

သိမ်းထားမှုများ

အားလုံးကတော့ ပြောနေကြတာပဲ
ကိုယ်မှ မကြားချင်တာ
အိမ်ရှေ့မှာ ဆည်းလည်းသံရှိတယ်
နောက်ဖေးမှာ အမှုန့်ကြိတ်စက်ရှိတယ်
မမြင်ရတာကိုပဲ အကျယ်ရှင်းလင်းတဲ့
ပဉ္စမ လမ်းသွယ်လေးရှိတယ်
ဘဝဆိုတာ ကားကြပ်တာကို
ရှောင်နေလို့မရဘူး
မုန့်ဗူးဆိုပြီး စောက်ဆံတွေ လာဘ်ထိုးတဲ့
ဟိုတခေတ်ကိုတောင် သတိရမိသေးတယ်
မျှော်လင့်ချက်ဆိုတာ
လမ်းမကူးခင် ကားကြည့်ရသလိုပဲ
ဓါးကလည်း မသွေးပဲ ထားတာတောင် ထက်တုန်း
သင့်အပြုံးလေးကို လှီးဖြတ်ခွင့်ပြုပါ ။ ။

ဝင်းမြင့်
၅ ၂ ၂၀၂၀

Labels:

သံဝေဂလိပ်ပြာများ

ညနေက ခုန်မထွက်တော့ဘူး
ငုပ်ပြီး လျှိုထွက်သွားတယ်။

ပြတင်းပေါက်တွေလိုက်ပိတ်နေရတာလည်း
အတိတ်ဆိုတာစေ့ထားတဲ့ သွားပဲ။

ကြိတ်သွားတဲ့အရိပ်က ပြန်ထလာတယ်
လာပါ သူငယ်ချင်းရယ်
စွဲတာဟာ မလန်းတော့ပါဘူး။

မျက်မှောင်ကိုအိမ်တံစက်မြိတ်လိုကုပ်လို့
ဦးထုပ်ကိုစိုက်ဆောင်းထားစမ်းပါ
အိတ်ထဲမှာ တို့မိသားစုတွေရှိတယ်။ ။

ဝင်းမြင့်
၆ ၂ ၂၀၁၈

Labels:

ရှိခြင်း မရှိခြင်း

တစ် ယောက် မီး
တယောက်မြင်ရုံနဲ့
အားရှိပါတယ်။
တစ် ယောက် မီး
တယောက်မညှိမ်းနိုင်ပေမယ့်
အားဆိုတာ ရှိပါတယ်။
မီးဆိုတာ ရှိခြင်းတမျိုးပဲ
အားဆိုတာ ရှိခြင်းတမျိုးပဲ။ ။

ဝင်းမြင့်
တပို့တွဲ လပြည့်

Labels:

ရင်မှာလှိုင်းဝတ္ထု

တဒင်္ဂချစ်စိတ်နဲ့
သူ့အိတ်ကလေး ကိုယ်လှပ်ကြည့်တော့
ကားခ ချန်ထားတာပါတယ်တဲ့ ။

ဟုတ်ပါတယ်
ကျနော်တို့တချိန်
အိမ်ကိုပြန်ဖို့ လိုအပ်လာပါလိမ့်မယ်။

ငြိမ်နေတဲ့ကန်ရေပြင်ပေါ်
ကမ်းစပ်ကို လှိုင်းကြက်ခွပ်တွေ ပြေးကပ်လာကြပေါ့
ကျနော် ခဲတစ်လုံးနဲ့လှမ်းပစ်ပြီး ဇွတ်မတားတော့ပါဘူး။ ။

ဝင်းမြင့်
၉ ၂ ၂၀၁၈

Labels:

လေယူရာ

ရေငုပ်ရသလိုပဲ
ရေဖိအားနဲ့
အသက်ရှုမှုကို သည်းခံနိင်စွမ်းပေါ်မှာ
မူတည်တယ်။
တကယ်လို့ လွဲသွားရင်
ရေပေါ်တော့ ပြန်ရောက်လာမှာပဲ။
သေသည်ဖြစ်စေ
ရှင်သည်ဖြစ်စေ
ဇာတ်လမ်းမဟုတ်တော့ဘူး
သမိုင်းမှာပြန်ဆုံကြတယ် ။ ။

ဝင်းမြင့်

Labels:

လိမ္မော်ရောင်အရသာ

ကိုယ်ခင်တွယ်တဲ့လိမ္မော်သီးလေးကို
အလှထားမိတာပါပဲ ။

ဓါတ်ပုံကိုမှန်ဘောင်ထဲ
အလေးထားပြုံးကြည့်နေတဲ့အရသာမျိုး ။

လိမ္မော်ရောင်နေ့များရဲ့ ရှည်လျားသောဝင်္ကဘာမှာ
ချိုသော အေးသော မွှေးသော။

ပြီးတော့ ရေခဲမုန့်လို
အရည်ပျော်ကျနေတဲ့တွယ်တာမှုမှာ ထပျံ
အကိုင်းဖျားတုန်ခါသွားသောအသံများ
ရေစက်တွေလွင့်စင်ကျကျန်ရစ်ပါတော့တယ် ။

အဲဒီ့ရေစက်တွေကိုပဲ
မဆုံဆုံအောင် လေ့ကျင့်ပျိုးထောင်နေရပါတော့တယ်
သို့မဟုတ် တမင်မဆုံအောင်နွမ်းရော်ပိန်လှီပစ်ပါတော့တယ်။ ။

ဝင်းမြင့်
၁၀ ၂ ၂၀၁၈

Labels:

ဆောင်းနှောင်းရွက်ကြွေ

သူကလေးရဲ့ရှေ့မှာ
အစားထိုးထားတဲ့
မှန်အသစ်နဲ့ မှန်ဘောင်။

တင့်တောင်းတင့်တယ် နှစ်ပရိစ္ဆေဒတွေရဲ့
ကာလပုပ်သိုးမှုအောက်က
ထမြောက်ရှင်သန်နေတဲ့ငယ်ဘဝပုံရိပ်ယောင်တခု။

ငှက်တွေပြန်တော့
ကျန်ခဲ့တဲ့ရာသီဟာ
နွေလို့မည်တယ်။ ။

ဝင်းမြင့်
၁၁ ၂ ၂၀၂၀

Labels:

ရီစရာများ

ကြယ်ကြွေကောက်ဖို့
အဝေးကြီးကို ညွှန်တယ် ။

ကျနော်က ငါးပွက်ရာငါးစာချတာလောက်နဲ့
ပျော်တယ်။

သူ့ရယ်သံတွေက အနှစ်မပါဘူး
အခွံတွေမှန်း သိသိနဲ့ကောက်သီထားတာ
ခလောက်တစ်ခု ကျနော်ရတယ်။

သူမက ''ဟဲ့ ကျား'' ဆိုပြီး
ဆိုင်ကယ်တစ်စီးလိုမောင်းထွက်သွားဖို့ပဲ။

ထိုအခါ
ကျနော်က သော့ခလောက်တစ်ခုပြန်ဖြစ်နေပြန်တယ်။ ။

ဝင်းမြင့်
၁၁ ၂ ၂၀၁၈

Labels:

လေလံကား

တနင့်တပိုးထုပ်ထားတဲ့
ချုပ်ရိုးပြုတ် အိပ်မက်တွေလည်း
ပွင့်ကျလို့
ဇစ်တခုလိုဟနေတဲ့ ရယ်သံစိပ်စိပ်တွေက
ဖိနပ်ပါးပေါ်မှာ နောက်ထပ်သံဝေဂအကြေတွေ
တနွေပြီးတနွေ
နွေပြီးတော့လည်း နောက်ထပ်နွေတွေ
ရင့်ရော်ပိန်လှီလို့
မီးသတ်ကားတွေ ချည်းကပ်လာကြတယ် ။
သက်သေပြစရာက
မျက်ရည်နဲ့မျက်ခွက်
ပေါ ်လစ်တင်ထားတဲ့ချိုင့်ခွက်
ရယ်သံဟဟပေးတဲ့ ဆော့ဝဲ
နံရိုးပေါ်မှာ တက်ထိုင်လို့
ကျနော်ကိုင်ကြည့်မိတော့
ထ၍အော်တဲ့ အေးခဲမှုရယ်ပဲ
ဆွဲနှစ်သွားကြတယ် ။
သွားတွေ
ရေလိုကျိုချက်သောက်သုံးရအုံးမယ့်အလင်းတွေ
နေ့ထဲမှာ ခါရမ်းနေဆဲ
အကျီၤပဲ လဲဝတ်လာကြ။
မှောင်တော့မှ
ပြည်လမ်းမက ပိုလှသတဲ့လား
စကားပဲ ချစ်သူရယ်
ကားချင်ကားမှာပေါ့
သို့သော်ဘဝင်မကျမိတာက
လေလံကား
တအား ဖြတ်မောင်းသွားတယ်ကွယ် ။ ။

ဝင်းမြင့်
၁၁ ၂ ၂၀၂၀

Labels:

စက္ကူပန်း

အနီးတဝိုက်လွင့်လာတဲ့ပြာက
အမည်မေးမရတဲ့ဆင်ခြင်တုံတရားရဲ့အကြွင်းအကျန်နဲ့ ။

အတိတ်ကအကျီၤပြောင်းပြန်လှန်ဝတ်လာတော့
အခု ဘာတတ်နိုင်မှာလဲ ။

အရေပြားလို့ပြောပေမယ့်အသွေးအသားက
နှစ်တွေကို ဆွဲခါတယ် ။

ဇော်ကပဲ ကနေတော့မလား
မြူတွေကြားထဲကြိုးတွေချထားတာ အများကြီးပဲ ။ ။


ဝင်းမြင့်
၁၂ ၂ ၂၀၁၈

Labels:

ဒုတိယ



ငါ ထမင်းမစားရသေးဘူး
အရှေ့မှာတော့ ခေါက်ဆွဲကြော်ပန်းကန်ကြီးရှိတယ် ။

မင်းကို သတိရလိုက်တာ
မေ့နေလို့။ ။

ဝင်းမြင့်
၁၄ ၂ ၂၀၂၀

Labels:

စတုတ္ထရာသီ

ငယ်စဉ်တောင်ကျေး
သားချော့တေးရဲ့တစ်ဝက်တစ်ပျက်မှ
အငိုတိတ်စ
ပန်းပွင့်များရဲ့ဝတ်ရည်ထဲသို့
မိုးကစဲတယ်လို့ကို မရှိတော့ပါဘူး။

မျက်လုံးကိုစုံမှိတ်ပြီး
လွှတ်ချခဲ့တဲ့ကော်ဇောပျံများရဲ့အိပ်မက်
နံရံဆိုတာ မပိတ်မိခဲ့သူများရဲ့တံခါး
အဓိပ္ပါယ်တွေကိုရှာရခက်မှန်း သိတတ်တဲ့အရွယ်မှ
လောကကိုမိတ်ဆက်ပေးခဲ့ ။

သြော် ခုများတော့ တောကြောင်တစ်ကောင်မွေးချင်တယ်
ငါ့အဘိုးအဘွားတွေကိုတွေ့ချင်တယ်
ငါ့သွားကြီးကြီးတွေရဲ့အမိုးအကာရိပ်မှ
ရွှင်လန်းသောစကားကိုငါဆိုချင်တယ် ။

မစိုက်မပျိုးဘဲစားရတဲ့အခါ
စိုက်ရပျိုးရသူများကိုဦးညွှတ်သတိရခြင်းရဲ့ခြံစည်းရိုးပါပဲ
ပိုက်ဆံငွေကြေးတွေကတော့
အမှတ်မရှိခြင်းရဲ့ခြံကိုခုန်ကျော်တတ်ပါပေရဲ့ ။

နေရောင်နဲ့နေခြည်က
စကားအထားအသိုနဲ့ ကျောပြင်များပေါ ်
မူတည်ပါတယ် ။ ။

ဝင်းမြင့်
၁၄ ၂ ၂၀၁၈

Labels:

Red Wine

သို့
ဝိုင်နီ
သတိရကြောင်းများနဲ့ ကျေးဇူးတင်ကြောင်း ပုစ္စာကို
အစ်ကို ဖြေရှင်းနေမိတယ်
မင်းပေးခဲ့တဲ့အရောင်အဝါက လင်းလက်ပြီး
မင်းမှာ သိမ်ငယ်ကျန်ရစ်နေမလားလို့
အချိန်မတော် အခုလို ၁၂ နာရီကျော် အမည်တပ်ထားတဲ့
နေ့အသစ်ကိုရောက်စမှာ ငါ ဖြေရင်း ရှင်းရင်းပဲ
ရန်ကုန်မှာ မင်းတစ်ယောက်တည်းပဲလို့
ငါမတွေးခင် မင်းဖြေရှင်းပြခဲ့တာ
အခန်းဆိုတော့ အခန်းလိုပေါ့ အစ်ကိုရာတဲ့
သို့
ဝိုင်နီ
မင်းတတ်ထားတဲ့ပညာက သံရည်ကြိုတာထက်
ဈေးမြင့်ပြီး
မင်းကိုပြန်ရေးနေတဲ့ကဗျာက
ငါ့ရင်ထဲ အမြဲရှိလို့ပါပဲ
မင်း အခန်းထဲ မင်းပင်ပန်းလဲလျောင်းနေတဲ့အချိန်
ငါလည်းမင်းလို နှစ်ဆပိုပြီး
နာကျင်မောဟိုက်နေရပါတယ်
ငါကမင်းထက် တစ်ဆပို
အသက်ကြီးခဲ့တာကိုး
သို့
ဝိုင်နီ
အဆင်ပြေလား
ရန်ကုန်ထဲ လာရင် အဖော်မရှိဘူး အစ်ကိုတဲ့
မင်းတေးကို ငါလည်းညည်းဆိုဖြစ်ခဲ့တယ်
ငါလည်း မင်းပေးတဲ့ယောအဆင်နဲ့
ပြေလည်ဖို့ ကြိုးစားနေရတာပါပဲ
သို့
ဝိုင်နီ
တို့တွေကြာကြာနေဖို့ ကြိုးစားရမယ်
ဒါဆို ပိုချို ပိုပြင်းတဲ့နေ့တွေ
တို့အိပ်မက်ချော်ရည်ပူတွေ
တို့မျှော်လင့်ချက် သံမဏိရေတွေ
မပျော်ဘူးလား ဆိုတော့ ပျော်တာပေါ့
ပျော်တာမှ
မီးတရဲရဲ ပျော်ကျမှုမျိုး
သို့
ဝိုင်နီ
မပျော်ဘူး မဟုတ်လား
ဒို့စိတ်တွေ မာခဲနေတဲ့ညများ ။ ။

ဝင်းမြင့်
၁၅ ၂ ၂၀၁၉

Labels:

မနက်ဖြန်ဝယ်မယ့်ပန်းများ

ချစ်ချစ် မချစ်ချစ်
ကမ္ဘာကြီးကတော့ အဆစ်ပေးပါတယ် အချစ်ရယ် ။

ကန်ထုတ်လိုက်တဲ့ကျောက်ခဲ
ထွေးထုတ်လိုက်တဲ့တံတွေး
ပြန်လာလိမ့်မယ် အချစ်ရယ်။

မတရားဘူး
မတရားဘူး
လူတစ်ဦးဦးကများ အကောက်ကြံထားလေသလား
မဖြောင့်ဖြူးဘူးအချစ်ရယ်။

ဆူးစူးတယ်
ဆူးစူးတယ်
နှင်းဆီပန်းကိုပန်ပြခဲ့သူ အချစ်ရယ်။

သစ္စာပန်းများဟာ သစ္စာသမားရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကို
လေးနက်စွာနဲ့ နီရဲနေတယ်
အကိုင်းမချိုးနဲ့ အချစ်ရယ်
သူ့ရိုးတံဟာ သူ့ရိုးဂုဏ်ပဲ အချစ်ရယ်။ ။

ဝင်းမြင့်
၁၇ ၂ ၂၀၁၈

Labels:

စိတ်ကူးများကိုကြည့်ခြင်း

၁၉၄၇ ဇန်နဝါရီ
နံနက်ခင်း နှင်းတွေအရမ်းကျနေချိန်မှာ
ဂျက်ဆင်ပူးလော့တို့ နှစ်ယောက် အိပ်ရာကနိုးလာတယ်။
ကျနော်ကတော့
ဒီဘဝကိုမရောက်သေးဘူးပေါ့။
သူတို့နှစ်ယောက်မှာ
တယောက်က ခလေးမယူချင်ဘူး
ရှင့်ကိုတောင် မနည်းထိမ်းနေရတာ တဲ့။
ဒါပေမယ့် ကျနော်ကတော့ မွေးဖွားလာတယ်
၁၉၆၈။ ။

ဝင်းမြင့်
၁၇ ၂ ၂၀၂၀

Labels:

ပိန်ချိုင့်သွားခြင်းများ

အိပ်ရေးပျက်နေတဲ့နှလုံးသားတစ်ခုလို
ပြတင်းပေါက်တွေ မောတယ်။

ခလုတ်တစ်ခုမှ မနှိပ်ရဘဲ ညမှောင်ခဲ့
ငါ့မှာကြောင်တစ်ကောင်သာရှိခဲ့ရင်
ကြောင်နဲ့အတူတူ ကြွက်ချောင်းရင်း ကြောင်မိမှာပဲ။

ငါကြိုက်တဲ့ငါးက အရိုးများတယ်
ငါခုန်အုပ်မိတဲ့အရိပ်က ပလပ်စတစ်အစုတ်တွေ။

နည်းနည်းလွဲတယ်
တစ်သက်လုံး ဒဏ်ရာရတယ်။ ။

ဝင်းမြင့်
၁၉ ၂ ၂၀၁၈

Labels:

ငှက်ဖျား


အိမ်ပြန်ချင်တယ်
လမ်းရဲ့ထောင့်မှာ စက္ကူပန်းရုံ
မြေမှာ ပျဉ်းမရွက်ကြွေ
ပြီးတော့မှ အသံလာပေးတဲ့တိတ်တိတ်ဆိတ်ဆိတ်
အတိတ်များ။
တံခါးမှာညှပ်ထားခဲ့တဲ့စာအိတ်
အတိတ်ကိုပြန်မောင်းနေတဲ့ရထားသံလမ်းဟောင်း
အခုတော့ ကုန်ရောင်းကုန်ဝယ်သမား ။
တဘဝလုံး ငှက် ခါး
နားလည်းမနား
သွားလည်းမသွား။ ။

ဝင်းမြင့်
၁၉ ၂ ၂၀၂၀

Labels:

LED

လမ်းလွဲှမှာ
ငါတစ်ယောက်တည်းလိုလိုပဲ
ကျန်တာတွေက ပုံမှန်အတိုင်း လမ်းဖြောင့်လို့ ။

ငအရဲ့ဖြောင့်မတ်သော စိတ်ကူးယဉ်ပုံတွေ
နွားတစ်ကောင်ရဲ့ဆင်ခြေဆင်လက်လိုပဲ
ယုတ္တိနည်းနည်း မြက်များများ ။

လောကကိုမပြောဝံ့ပုံက
ခြုံထဲကကောက်ရတဲ့တရာခံဓါးလိုလေ
အံမယ် သင်ကဘာများပြောချင်သေးလို့တုန်းဆိုတာမျိုး။

ဖိုးမူရယ်
ကရင်မလေးရယ်
တိုင်တစ်ရာကျောင်းကြီးရယ်
အဲ့ဒီက ပစ်ပစ်ကျနေတဲ့ငှက်တွေလို့ပြန်ပြောင်းပြောပြတတ်တဲ့
ဘဘကြီးဦးလေးသောင်းရဲ့အပေါင်ဆုံးမော်တာဆိုင်ကယ်ရယ်

တရပ်တကျေးမှာ
စပ်ဆေးလေးနဲ့ပြီးရမယ့်
အံ့သြဖွယ် မြို့ပြတိုက်ဖွိုက်လိုပေါ့လေ ။

နည်းနည်းများ ရှေ့တိုးလို့ရရင်
ကျန်းမာပျော်ရွှင်သော ငှက်ပျောတောမင်းသာလည်း
ဖြစ်ချင်ချင်ပါပဲ။

လမင်းကမနေ့ကပြည့်ပြီး
ဒီနေ့ဆုတ်သွားသတဲ့
ခပ်ကုပ်ကုပ်တံစက်မြိတ်အောက်မှ
ဝင်းပသောအချစ်ကိုမြင်ရရဲ့။

လင်းနေတဲ့
အာကာသဓါတ်ပါပဲ။ ။

ဝင်းမြင့်
၂၀ ၂ ၂၀၁၉

Labels:

လက်စွပ်

ပြန်ရမယ့်မြို့ကို
မြစ်ထဲကရေရိပ်မှာလှမ်းကြည့်တော့
မီးရောင်လိုလို မှုန်ပျပျ
သူမအပြုံးလိုမြင်တယ်။

ငါးခုံးမတစ်ကောင်အဖြစ်မခံဘူးဆိုပြီး
ရေတိမ်နစ်ခဲ့တဲ့
သူမအိပ်မက်ကိုလည်းမြင်တယ်။

အချစ်မှာနှစ်ခါအနစ်မခံဘူးဆိုတဲ့
တော်လှန်ရေးကိုလည်းမြင်တယ်။

သူမအထင်မကြီးဘူးဆိုတဲ့
ကျနော့်အပေါ် သတိရခြင်းကိုလည်းမြင်တယ် ။

ယိုယွင်းမှုတွေ ထပ်ခါ တလဲလဲပဲ
တိတ်တဆိတ်ပူပန်ခြင်းကိုလည်း ကျနော်မြင်တယ် ။

မြို့တစ်မြို့လိုလုပ်ကျွေးချင်ပါတယ်
မြို့တစ်မြို့လို စည်ကားခွင့်ပေးပါတော့ ။ ။

ဝင်းမြင့်
၂၁ ၂ ၂၀၁၉

Labels:

လမ်းထိပ်ကကုက္ကိုပင်ကြီးအကြောင်း

မပျော်ရွှင်မှုကိုပဲ ကဗျာရေးမရတာ အနှစ်၃၀
ပျောက်ဆုံးနေတဲ့မြို့တော်ဟာ သုခဘုံပါ။

အဆောင်ငှားရန်ရှိသည်
အဆောင်အယောင်ငှားရန်ရှိတယ်။

လက်ထဲမှာ တစက်စက်ယိုပေါက်နေတဲ့ဝမ်းစာရေးများနဲ့
ငါ့မမှီမကမ်းမှာ စာတမ်းထိုးတဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်များ

လွယ်လိုက်ကြတာ။ ။

ဝင်းမြင့်
၂၂ ၂ ၂၀၁၈

Labels:

အအေး



မပျော်ရွှင်တာကို
မျှော်စင်လို့ ခေါ်ပြီး
ကြေကွဲရတာတွေက
ရေခဲကစတယ်။

ဒါနဲ့ နွေရောက်ပြီလားဆိုတော့
ထွက်ပြေးနေတဲ့စမ်းချောင်းငယ်လေးက
သဲကိုလှန်ပြတယ်။

သစ်ရွက်ကြွေတွေ ရှက်မနေနိုင်တဲ့ကာလပဲ
တရားလည်းမြဲသလို
အချစ်လည်းမြဲရတော့မှာပဲ။ ။

ဝင်းမြင့်
၂၂ ၂ ၂၀၂၀

Labels:

ပေါက်ပင်ကိုင်းခြင်း

ဘဝရဲ့
အော်သံမှာ
နာကျင်ရယ်မောသောစပယ်များ
ဖြူဆွတ်ခဲ့လေသလား။
အနုပညာရဲ့သားကောင် တစ်ကောင်လေ
အတောင်မစုံပဲ ကောင်းကင် ပျံဝဲချင်သူ
ဖြူလည်းမည်းလိုက်ပါပဲ။
သင့်သွားသွေးနေသံကို
ကျနော်ကြေညက်နေပါဘိ။
ဒါထက် ဘာမှမရှိတော့တာ
ဘယ်လိုလုပ်ကြမလဲ။
အခုလို ပုံစံယူ
နမူနာဖြန့်ခင်း
မင်းဟိုဘက်နည်းနည်းတိုးနေ့များ။
မိန်းကလေး
မိန်းမလေးဆိုတော့ မင်းက
တဟာဟားမရယ်ပါနဲ့။
အလစ်ချောင်းနေသူများရဲ့
သြဇာလေးနက်ပုံမှာ
ကော်လာပြာတွေလိုပဲလား။
ဟိုလူက ခံစားမှုဆိုတာ
လူကလုပ်တာမဟုတ်ဘူး
စကားလုံးကဖြစ်တာလို့ပြောပြန်တယ်။
ငါတော့
မရယ် မရော လမ်းစဉ်ပဲ။
သူက
ငါ့ကို
နံရံမှာ
စွဲစွဲမြဲမြဲ ချည်ထားတယ်။
ဓါတ်ပုံ တဲ့ ။
ငါ့ဆီ တည့်တည့်မတ်မတ်လျှောက်လာတဲ့လမ်းဟာ
ချစ်ရည်ရွှန်းလဲ့နေပါတယ်လို့
မဆိုလိုပါဘူး။
သူ့အတွက်
ကျနော် ခူးပေးခဲ့တယ်။
ထမင်းဖြူဖြူ ။ ။

ဝင်းမြင့်
၂၃ ၂ ၂၀၁၉

Labels:

သင်၏ သစ္စာရှိသော ကျောက်သမားနဲ့ တစ်ညနေ

တစ်ယောက်ချင်း ဦးခေါင်းများပွင့် နှလုံးသားများ ပွင့်နေတာပဲ အညံ့ပန်း တစ်ပွင့်နဲ့ စ ၊ တနင်္လာမှာ မလွဲသောမိုး ခိုရင်း ၊ ချက်ကြိုးထဲ ခိုသွေးထဲ ခိုဝင်နေတဲ့ကျောက် လက်ထဲမှာ ကဗျာကိုင်ထားရင်း ကျောက်အောင်ရင်း ညနေထဲ အောင်နေတဲ့ မှော်မှာ မိုးမှောင်ကျ ၊ ဘယ်သူမှ ပြန်မရ အမြင့်ပျံမရ ၊ ကျောက်မီးသွေး လုပ်သမားများ ကျောက်မီးသွေးတွင်း ပြိုအကျမှာ အာလူးစားသူများ သေသွား ၊ မီးအိမ်နဲ့သာ ကွယ်လွန်ပြီးနောက် တောက်ပ အာလူးများ မဟူရာကျောက် ဖြစ်သွား ၊ ကမ္ဘာကျော် အာလူးများမှ ကမ္ဘာကျော် ကျောက်စိမ်းများ ၊ တူးရင်းသာ တွင်းပြိုသွားမယ် ကိုယ့်သေတွင်း ကိုယ် တူးသလို အဖြစ်များ ၊ အချစ်များ ၊ ဒီမှာလည်း ဒီ့ထက်မက ကံမပါတော့တာ သိပြီးသားမှာ ၊ ကျောက်တူးသမားမှ ကျောက်သွေးသမား အကွက်ဖော် ပန်းစကြာ အဆင်အသွေးများ ဆွေးသွား ၊ ဘုရားကျောင်း ပြတင်းပေါက် တစ်ခုမှာ သွေးစက် သရဖူ သွေးရင်းပျက်သွား ၊ ပျက်သွားလည်း သွေးမပျက် ကျောက်ပျက်သွားလည်း ချစ်ရက် ချစ်ရက်ရှည်ရှည် ကျောက်စိမ်းမြေမှာ ကဗျာအလှ ချောက်ကမ်းပါး ပစ်စာအကျမှာ လက်နဲ့ဖမ်း ခြေနဲ့ကာ ဦးခေါင်းနဲ့ ထိုးခံလာ ၊ အိမ်အပြန်လမ်းမှာ ရေမဆေးကျောက်ထဲ အနမ်းမိုးသည်းလာ ၊ ကျောက်သမား ညည်းဆိုလာ ‘ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းလဲ့ပြာပြာ ’ ကမ္ဘာကျော် အပယ်ရတနာ ။ ။

စိုင်းဝင်းမြင့်
၂၀ ၊ ၇ ၊ ၂၀၁၅

Labels:

စက်ကဖြစ်သော အချစ်ထက်ဘဝထက် လူ့အဖြစ်ထက်ပိုသော

မြင်းတွေ မြစ်တွေ စက်တွေမှ သွားတာ မဟုတ်ဘူး
အသွေးအသားလည်း သွားတယ် ရောက်တယ်
အတောင်ပံတွေထက် စိတ်ကူးယာဉ် ပိုရောက်
သက်တံ့လိပ်ပြာထက် အရောင်အသွေးစုံ တောက်ပလို့
သစ်သီးထက် ပိုချို ရေတံခွန်ထက် ပိုလှ တောအုပ်ထက် အဓိပ္ပာယ် နက်ရှိုင်းလို့
လူထဲက လူပျောက်မှ မြင်နေလျက်နဲ့ မလှ နှလုံးခုန်သံ မကြားရ
လူ့သမိုင်း တစ်လျှောက်လုံး ဘာမှမမြင်ရ
ကွယ်နေတဲ့ ဉာဏ်ပညာထဲ နှလုံးလှသူတို့ အသက်ဝင်လာ
စိတ်ကူးကောင်းသူတို့ ကောင်းကင်ထဲ လင်းပွင့်လာ
သာမန် လူသားဘဝဟာ ရေစီးထဲ မျောပါ ဆွံ့အသီချင်းဖြစ် နေရာမှ
မင်းတို့ ရောက်လာ အောင်မြေနင်း သံပြိုင်သီချင်း ဖြစ်လာ
တီထွင်မှုဟာ တွဲလျက်ဖြစ်လာ မျက်မမြင်စာ
အနုပညာလက်ရာ လက်မှုပညာ
ကုန်းတစ်ပိုင်း ရေတစ်ပိုင်းကနေ ခြေလက်ရှိသွား
အမြင်အကြား လူသားအဆင့်မှာ
ရပ်သွား ထပ်အားစိုက်စရာ မလို ပြည့်စုံပြီးသားလိုလို ခန္ဓာသွေးသား
ကမ္ဘာကို ငေးနေတုန်းမှာပဲ
လက်တွန်းလှည်းလေးပေါ်ကနေ ကြယ်တွေကို ရေတွက်ရင်း
ကြယ်တွေနောက် လိုက်သွား ကြယ်တစ်ပွင့် ဖြစ်သွား ကြယ်တွင်း နက်သွား
အသက်ရှင်လျက် ပြန်ထွက်လာတဲ့အခါ အလံကို ကမ္ဘာကို လက်ဆင့်ကမ်း
သယ်ပြေးလာ မသန်ပေမဲ့ စွမ်းသူများ
ဓားနဲ့မသွား ဉာဏ်ပညာ ခွန်အားနဲ့ သံမှိုစွဲ ဇွဲနဲ့သာ သွားလို့ သွားလို့
ဝန်ပို မဖြစ်စေရ ဘယ်တော့မှ
လူပိုတွေ သွန်ချပစ်ရမယ့်အထဲ ဘယ်တော့မှ မပါ
အိုမင်းမစွမ်းလို့ နှင်းတောထဲ သွားပစ်ကြတော့မယ့် လူယဉ်ကျေးမှုထဲ
သတင်းစာ ဂျာနယ်လေး ရောင်းလို့
စံပယ်ပန်းလေး ရောင်းလို့
အိုမင်းမှုမှာ ကိုယ့်အသက် ကိုယ် မွေးလို့
သားက အဖေ ခြေရာတိုင်းလာတယ်
အရပ်တိုင်း ရိုင်းလာတယ် ကမ္ဘာထဲ
ခင်ဗျားကြီး သွားစမ်းပါဗျာ အားစမ်းလို့
မမြင်ရတာ မကြားရတာကမှ ငြိမ်းအေးဦးမယ် ပန်းတွေပွင့် စမ်းရေစီးဦးမယ်
ဘယ်သူလာလာ သမားတော်ဆေး လက်ထဲ
မမြင်ရလည်း လူတိုင်းအတွက် အပြုံးရှိရှိ ပေးနေတာ
တကယ်တော့လည်း ကမ္ဘာကြီးက ဒုက္ခိတနဲ့ မျက်မမြင်
တစ်ယောက်ကိုတစ်ယောက် အားပြုပြီး သွားရတဲ့
အရှည်လျားဆုံး ခွေးနေ့များ
နေကာမျက်မှန်နဲ့ ကွယ်ထားရတဲ့ မျက်လုံးအောက်က လူ့ယဉ်ကျေးမှုမှာ
သင်လည်း ခြေထောက်ပါမလာ
ကျွန်တော်လည်း ဖိနပ်အကြောင်း မပြောတော့ပါ
မြင်ခြင်း မမြင်ခြင်း ကြားခြင်း မကြားခြင်း တရားခြင်း မတရားခြင်း
စိတ်သွားတိုင်း ကိုယ်မပါခြင်းတွေထဲမှာ ဒီကဗျာ ကိုယ်သွားတိုင်း စိတ်မပါ
ဘဝများစွာ
ငါလည်း ကြီးနေတဲ့ ရေထဲ လောင်နေသော မီးမှာ ဖြစ်ခြင်း ပျက်ခြင်း ချစ်ခြင်း
မြင်နေလျက်နဲ့ အမှောင်ကျလေခြင်း ။ ။

စိုင်းဝင်းမြင့်
၁ ၊ သြဂုတ် ၊ ၂၀၁၅ ။

Labels:

မှန်နံရံများကြား ယခုနှစ်၏ နှစ်ဆတိုး ကွန်ကရစ်မေတ္တာ

ကုန်တိုက်ကြီးများအောက်
ဘာကြောင့်မှန်း မသိ ရောက်လာ
လူသုံးကုန် ပစ္စည်းများ ကြားမှာ ငါ ကိုယ်ဟန်ပြ ရပ်နေဟန်
ငါ အသုံးမတည့်ပုံများ လူဟူ၍ ထင်မှား
နောက်ဆုံးပေါ် အဝတ်အထည်များဖြင့်
လူအထက်မှာ တစ်ယောက်ချင်း ထင်ရှား
နေကာမျက်မှန် တပ်ထား ၊ ဦးထုပ်ငိုက်ငိုက် ဆောင်းထား
ရွှေရောင် ငွေရောင် ဖိနပ်တွေကြား လမ်းပျောက်သွား
ဘယ်မှမရောက် ခရီးဆောင် ကျောပိုးအိတ်များ
အိမ်အပြန်လမ်းမှာ တစ်သက်နဲ့တစ်ကိုယ် လောင်မီးကျ
ငြှိမ်းမရဖို့သာ တစ်ခဏ အေးသွား
တစ်ဖက်မှာ စက်လှေကား
အဆင်းမှာ မွေးပွပွ အရုပ်ကလေးများ ငေးသွား
ကုန်တိုက်အပြင် ပြန်မရောက်မီ လူအုပ်ထဲ မျောပါသွား
ကိုယ်နဲ့ မဆိုင်သော အလှတစ်ပါး ။ ။

စိုင်းဝင်းမြင့်
၁၄ ၊ ဇူလိုင် ၊ ၂၀၁၅ ။

Labels:

ချစ်ခြင်း

ကိုယ့်အကြောင်းက
မသေကောင်း မပျောက်ကောင်း။

ကိုယ့်အဖြစ်က
မနှစ်ကနဲ့ မတူ။

ကိုယ့်ကိုကြည့်ရတာ
အသည်းကွဲနေသလားလို့ တဲ့။

ဘယ်လိုလဲဆိုလာတော့
ဒီလိုပါပဲပေါ့။

ဒီလိုပါပဲဆိုတော့လည်း
ဒီလိုပါပဲဆိုတာ ဘယ်လိုလဲ ဆိုလာပြန်ပေါ့။

ကိုယ်ဘာပြောတတ်မှာလဲ
အလျော့တွက်နဲ့ လက်ခက
ရွှေသားနှစ်ဆ
ပန်းတိမ်ငိုပန်းတွေ လှတယ်။

ဘယ်လိုဒဏ်ရာနဲ့မှ အရေးပေါ်ရောက်မလာ
မိုးသားများဆိုလည်း လေထဲ
ပျော်ရွှင်စွာ ပျံဝဲကြလေသတည်းမှာ။

ဘယ်လိုပင် အမြင်ကွယ်သော်လည်း
ပင်လယ်ကိုအကျယ်ချဲ့လို့မှ မရတော့တာ။ ။

စိုင်းဝင်းမြင့်
၁၈ ၆ ၂၀၁၇

Labels:

တကယ်ပါ

စိတ်ကူးရင်း
တည်ရှိခဲ့ လေဟာနယ်

လက်ထဲ
ဘာမှ ပါမလာရင် ခွင့်လွှတ်ပါ

တကယ်လည်း
ဘာမှ ပါ မလာလို့ပါ

မိုးဝေး
၂၂-၂-၂၀၂၀

Labels:

ပြန်ဆုံမလား ပြဇာတ် ၃

သူငယ်ချင်းမိတ်ဆွေတွေ
မင်း ဘာလဲ ငါ ဘာလဲ

ဟိုးတုန်းကအတိုင်း
ကောက်ကွေ့ကြပြန်တယ်

အဲဒီအကောက်ကွေးကွေးကြီးကိုပဲ
ဖြောင့်တန်းစွာ သယ်ဆောင်လာကြပြန်ပါတယ်

ဘယ်မှာ နား​ကြမလဲဆိုတော့
အရိပ်ဟာလည်း ကွေးကောက်လို့
အေးမြနေတယ်

မိုးဝေး
၂၂-၂-၂၀၂၀

Labels:

တပွေထဲ၊ အရိပ်တွေ လှုပ်ရှား သူလေလား

ရင်ခုန်သံတွေ တိုးတိတ်သွားပြီပဲ
သီချင်းသံကလည်း နုပျို
နားဆင်နေကြသူတွေလည်း နုပျို
အို မလှဘူးလား
အလှတရားအား မေးမိစဉ်
ရုတ်တရက် ကြီးရင့်လာကြရတယ်
မတတ်နိုင်ဘူး တဲ့
တတ်နိုင်ခြင်းဟာ
သူ့ ဖြူရော်နေတဲ့ ဆံနွယ်တွေကို သ ရင်း
ဘ်ယ်နေ့ ပြန်လာမှာလဲ
ပြန်မလာသူကို မှန်းမျှော်မိတော့တယ်

မိုးဝေး
၂၂-၂-၂၀၂၀
( ခိုင်ထူး သီချင်း စိတ်ထဲ နားထောင်ခြင်း)

Labels:

ကဗျာ ရေးခြင်း

ကဗျာရေးရင်း
ကဗျာမဟုတ်တာတွေပါ ရောရေးမိတယ်

ကဗျာမဟုတ်တာတွေထဲ
ကဗျာတွေရော ရောပါသွားတယ်

ကဗျာတွေ ပြန်လာမလား
အရေးအခင်းတစ်ခုထဲမှာ
ကြွေးကြော်သံတွေ ရေးရင်း တွေးမိတယ် ပြောတာပဲ

လှည့်လည်ချီတက်ပွဲတွေမှာ
ထမင်းထုပ်တွေ ဝေရင်းလည်း
ကဗျာတွေ ပြန်လာမလား
တွေးမိတာပါပဲ

အမြဲတမ်းလိုလို
ကဗျာတွေ ရေးမိပြီဆို
ကဗျာထဲ ကဗျာပါလာဖို့က
အဓိက မဟုတ်လား

ကဲ
ကဗျာတော့ ရေးနေမိပါပြီ
ကဗျာရေးရင်း
ရေတွေလည်း ကြီးလာကြတယ်
မြေတွေလည်း အသိမ်းခံကြရတယ်

ကဗျာ ရေးကြပါ
ကဗျာပါပါစေ
ကဗျာရေးနေပါတယ်

မိုးဝေး
၂၂-၂-၂၀၂၀

Labels:

၁ နာရီ ၁၉ မိနစ်

မအိပ်ကြသေးဘူးလား ငါ့လို

စီးကရက်လည်း ဖွာစရာ မရှိပဲ
အငွေ့တွေ မှုတ်ထုတ်နေမိသလို

အို လူ့အဖြစ်များ

ဘက်ထရီလို
ကုန်စရာ ရှိတာများ ကုန်ပါတော့

ပြန်လည် အားသွင်းလို့ အားပြည့်တဲ့အခါ
နောက်ဘဝတစ်ခုမှာ ဆုံကြမယ်ဆို

ငါ့အလိုလည်း မဟုတ်
မင်းအလိုလည်း မဟုတ်
ဒါ ငါတို့ ပြုလုပ်လို့ မရတဲ့အရာ

ဘာပါလိမ့်။

မိုးဝေး

Labels:

ငှက်သွင်ပျံကြွ

နားလိုက်တော့မယ်

မရှိတဲ့အတောင်ပံတွေ သိမ်းရင်း
အတောင်ပံတွေ ရှိခဲ့သယောင်
ပျံသန်းတောင် ပြခဲ့ကြဖူးတယ်

အဲဒီ
ထူးတယ် ထင်တဲ့ ဇာတ်ထဲ
မင်းလည်း ပါခဲ့တာပဲလေ

မနားတမ်း။

မိုးဝေး
၂၃-၂-၂၀၂၀

Labels:

ရန်ကုန်မြို့ကြီးအတွက် အချစ်ကဗျာတစ်ပုဒ်

ကျိုက္ကလော့ဘုရား ရေကန်ဘေးက တောလမ်းလေးအတိုင်း ငါ ပြန်တက်လာတော့
ငါ့အသက်ဟာ ပြည်လမ်းကို ဖြတ်ပြီး မြို့ထဲတစ်ဝက်လောက်တောင် ရောက်နှင့်နေပြီ
မင်းဓမ္မလမ်းပေါ်မှာတော့ မနက်၄နာရီလောက်ကြီး ထထပြီး ငါ အန်ခဲ့တဲ့ သွေးတွေကို
လမ်းဘေးခွေးတွေက အားပါးတရ လျက်လို့
ကျောက်တော်ကြီးဘုရားက ငါ ပွတ်သပ်နေကျ စကျင်ကျောက်ပြားတွေလည်း
ငါ့ဆံပင်ကို ထိုးဖွပေးဖို့ ငြင်းပယ်ခဲ့တဲ့ အမျိုးသမီးရဲ့ လက်ဖဝါးတွေလို ဖြူဖျော့အေးစက်
ပြီး၊ အသက်မဲ့ ညတွေမှာ
ငါ့မျက်နှာပေါ် မစင်စွန့်ပြီး ငါ့အသည်းနှလုံးကို တစစီ ထိုးဖဲ့ခဲ့ကြတဲ့
စမ်းချောင်းထဲက ခိုတွေအကြောင်းကို ငါ အမြဲတွေးတယ်
နောက်ပြီး ငါ့ရင်ဘတ်ကို ပုတ်ခတ်ခဲ့တဲ့ ကမ်းနားက စင်ရော်တွေနဲ့
ငါ့အသွေးအသားကို တစ်ကိုက်တစ်ဖဲ့စာမှ မလွတ်အောင် စားသုံးနိုင်ခဲ့ကြတဲ့ သွေးဆေးကန်ထဲက ငါးတွေ
ငါဟာ ရန်ကုန်မြို့ကြီးပေါ်က လူဝင်စား အချစ်ရှုံးသမားပဲ
၃ကြိမ် ၃ခါတိတိ ဗဟိုလမ်းပေါ်မှာချည်း သေပွဲဝင်ပေးခဲ့ရတယ်
မော်တင်ဘက် ရောက်ဖြစ်ရင်တော့
ကျနော်သိတဲ့ အချစ်ဆိုတာ ဘုန်းကြီးလမ်းမီးပွိုင့်ဘေး တိုက်အပေါ်ထပ်ကနေ စံပြရုပ်ရှင်ရုံကို တစ်နေကုန် ထိုင်ငေးကြည့်နေရတာမျိုးပဲဆိုတဲ့
မောင်မိုးမြင့်ရဲ့ ကဗျာစာသားကို ငါ ဘာလို့ အခုထိမေ့လို့ မရနိုင်သေးတာလဲလို့ အမြဲ ပြန်ပြန်သတိရဖြစ်တယ်
ရွှေပုစွန် ကိတ်ဆိုင်ဘေးက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်မိခဲ့တုန်းက
အတူတွဲလာတဲ့ အမျိုးသမီးရဲ့ တင်သားကို လက်နဲ့ ဖျစ်ညှစ်လိုက်ချိန်မှာ တစစီ ပြိုကျလာခဲ့တဲ့ ငါ့ရဲ့ ကျားနာစိတ်
လေဆိပ်က ခုံတွေမှာ တစ်စုံတစ်ယောက်ပြန်အလာကို ထိုင်စောင့်ခဲ့ရချိန်တွေတုန်းက အဲကွန်းရဲ့ အအေးဒဏ်ကြား ခိုက်ခိုက်တုန်နေခဲ့ရတဲ့ ငါ့ရဲ့ စိုးရွံ့ထိတ်လန့်စိတ်
အတိတ်ဟာ ငါ့ကို ကြံတောသင်္ချိုင်းထဲ အမြဲ ပြန်ပြန်ခေါ်သွားပြီး
အမိန့်နဲ့ ခေါ်ထုတ်မှရတဲ့ တစ္ဆေသရဲတွေဆိုတာ တကယ်ရှိကြောင်း မျက်စိမှတ် ယုံကြည်စေတယ်
Junction Square အဆောက်အအုံကြီးကို မြင်တိုင်း အဲဒီတဝိုက်မှာ မကျွတ်မလွတ်သေးတဲ့ ငါ့ဝိညာဉ်ကို ငါ ပြန်မြင်နေရသလိုပဲ
ငါ့ဝိညာဉ်ဟာ ကျွန်းတောလမ်းအတိုင်း တက်လာပြီးမှ
ဟံသာဝတီအဝိုင်းပတ်ထဲမှာ အကြိမ်ကြိမ်အထပ်ထပ် လှည့်ပတ်နေတယ်
မြေနီကုန်း လှည်းတန်းနဲ့ ဦးဝိစာရလမ်းက ရေတမာပင်တန်းတွေဟာ
ချားရဟတ်လို မျက်စိရှေ့မှာ တဖျပ်ဖျပ် လှည့်ပတ်လို့
ငါဟာ ရန်ကုန်မြို့ကြီးပေါ်က လူဝင်စား အချစ်ရှုံးသမားပဲ
အဲဒီ သတင်းကို မြန်မာ့အသံဝင်းထဲကနေ ငါ လွှင့်မယ်
ငါ့ကို ချစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ ငါ့အသံကို ပြန်ကြားတဲ့အခါ ရုတ်တရက်တော့ မြို့တော်ခန်းမရှေ့မှာ လာစုရုံးကြမှာပဲ
ပန်းဆိုးတန်းတဝိုက်မှာ ငါ့ခြေရာတွေကို လာရှာကြမှာပဲ
ပြီးရင်တော့ ဆူးလေစေတီကို မေ့မေ့လျော့လျော့ပဲ သဘောထားကြသလို မေ့လျော့သွားကြဦးမှာ
ရန်ကုန်မြို့ကြီးဟာ လူတွေနဲ့ ကားတွေ အချိုးကျ ဖွဲ့စည်းထားတာပဲ
အချိန်မရွေး အက်ဆီးဒင့်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားနိုင်တယ်
ဒါမှမဟုတ်လည်း တစ်ယောက်က တစ်ယောက်ကို သတ်ဖြတ်မိသွားနိုင်တယ်
လမ်းလယ်ခေါင်မှာ သွေးအလိမ်းလိမ်းနဲ့ သေဆုံးသွားရသူတစ်ယောက်အတွက်
လမ်းညွှန်ဆိုင်းဘုတ်တွေဟာ ဘယ်လိုသဘောဆောင်နေမလဲလို့တော့ ဘယ်သူမှ မပြောနိုင်သေး
ငါ့ကို စောင့်ရှောက်ပါ မနှင်းဆီလေးရေ။

- ဆစ်ခ် -
ဖေဖော်ဝါရီ၊ ၂၀၂၀

Labels:

ဂီလိုတင်းပေါင်မုန့်


ပေါင်မုန့်ရှိတဲ့နေရာမှာ အမှန်တရားရှိတယ်
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြ
တော်လှန်ရေးကြီးရဲ့အစ
ပေါင်မုန့်က

"အချစ်
ပေါင်မုန့်
ဝိုင်တစ်ခွက်"

ဥရောပမှာ
ပေါင်မုန့်ဆိုင်တွေပိတ်ကုန်ပြီ
ဖာသည်မတွေများလာပြီ

ဓားစက်အောက်မှာ
မိဖုရားရဲ့ဦးခေါင်းဟာ
ပေါင်မုန့်လှီးသလိုပြတ်ကျသွားတယ်

ဒါလည်း
သူ့ဖက်ရှင်ပဲ ။

ကြည်ဇော်အေး
25 dec. 2019

Labels:

တွံတေးသိန်းတန်ရဲ့ အချစ်သီချင်း


င့ါအရွယ်တွေ အောင်မြင်နေကြပြီ
ငါ့အရွယ်တွေ သေကုန်ကြပြီ

တချို့စစ်ဗိုလ်ကြီး
တချို့ဆရာဝန်ကြီး
တချို့အမတ်ကြီး
တချို့ ဖာခေါင်းကြီးလုံးလုံးပဲ

ပင်လယ်ဟာ ငါးတွေကြောင့်အရသာရှိသလို
ဆားတွေကြောင့်လည်း ပိုအရသာရှိတယ်

လေကြောင့်သင်္ဘောနစ်ရသလို
လေကြောင့်ရွက်လွှင့်ရတယ်

စာသင်ခန်းထဲ အချစ်ဝတ္ထုခိုးဖတ်လို့
နေအလှန်းခံရ

ကဗျာရေးလို့
ရည်းစားနဲ့ကွဲရ

ဆရာမခြင်းပြေးဆွဲတဲ့အထဲ မပါခဲ့တာ
ငါခုထိဂုဏ်ယူမဆုံး

နောက်ဆုံးခုံပေါ်မှာ
ကာတွန်းရေးခဲ့တာ ခုထိ ငါဂုဏ်ယူမဆုံး

အလံကိုဖောင်းစေပွစေတဲ့ လေ
ငါအလွတ်ရတယ်

နောက်ပြန်ဆုတ်မဲ့တံတားကို
မီးတင်ရှို့ရဲတဲ့ ကဗျာ ငါအလွတ်ရတယ်

မင်းပြစ်မင်းဒဏ်သင့်တဲ့ကဗျာ
မဲဇာကို ငါအလွတ်ရတယ်

မိုးရွာရင်ပျော်တယ်
လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ငါ ဆေးခြောက်ရှူတယ်

အခု ငါပင့်ဖလွိုက် နားထောင်နေတယ်
"We don’t need no education for control"

ကက်ဆက်ခလုတ်ကိုဖွင့်လိုက်
လာမရစ်နဲ့။

ကြည်ဇော်အေး
3 Jan 2020

Labels:

မြေပြင်အနေအထား


ဘဝတူတွေ
အနာရော
ရယ်တာရောပဲ ။

ကြည်ဇော်အေး
8 jan 2020

Labels:

ရွှေငါး



သူတို့က အရှင်လတ်လတ်သေနေကြတယ်
ငါက အပျင်းပြေထိုင်ငေးနေတယ်

"ကိုယ့်ထက်သက်တမ်းရှည်တဲ့ ဂြိုဟ်သားတွေကလည်းကိုယ်တို့ကိုအဲလို ငုံ့ကြည့်နေမှာပေါ့"

အိမ်မှာမွေးမလို့စိတ်ကူးနေတာ ။

ကြည်ဇော်အေး

( - comment များအတွက်ကျေးဇူးပါ )

Labels:

ရေဝေးရှေ့က ကွက်လပ်

သေတောင် မငိုနဲ့
ငိုတောင်မသေဘူး

ခေါင်းတိုင်မီးထိပ် ခိုးများ ကိုကြည့်ကာ
ကဗျာစပ်ကြတာပေါ့။

ကြည်ဇော်အေး
28 jan 2020

Labels:

စစ်ချီတေး

ဖာသယ်မက လေထဲလွင့်ပါသွားတဲ့
သူ့အတွင်းခံဘောင်းဘီတစ်ထည်ရဲ့တန်ဖိုးကိုတွက်ပြတယ်

ရဲတစ်ယောက်
အမတ်သုံးယောက်
စစ်သားငါးယောက်
ဘုန်းကြီးတစ်ပါးနဲ့
ဖိုးသမားတစ်ယောက်

ဘင်ခရာတီးဝိုင်းထရမ်းပက်သံက
နိုင်ငံတော်ဈာပနတီးလုံးကို မှုတ်နေတယ်

လေငြိမ်လို့
ပြန်တွေ့ရင်
လေလံတင်မယ်

တာကွီလာ ဝယ်သောက်မယ်
ကျွန်မ ရှက်တယ်။

ကြည်ဇော်အေး
4 feb 2020

Labels:

စိတ်တစ်စဆေးရုံ


ငါတစ်ယောက်ထဲလည်း
ဘဝပါပဲ
ကျည်ဆန်တစ်တောင့်ထဲကျန်တဲ့
ရန်သူပါပဲ၊

ကြည်ဇော်အေး

Labels:

ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

ရပြီ
ပြောတော့

ခြေထောက်လာကိုက်တဲ့ခြင်
ခေါင်းမလျှော်ရသေးလို့
သွေးမခွဲကြေး

စစ်ကြီးတစ်ကြိမ်ထပ်ဖြစ်ရင် နောက်ထပ်ခြင်ကိုက်ခံရမယ်
ထို့ကြောင့်
ခေါင်းမှန်မှန်လျှော်ပါ။

ကြည်ဇော်အေး
6 feb 2020

Labels:

အက်ဇရာပေါင်းနေ့စဉ်သတင်းစာ

စိတ်မှန်စရာမလို
ကော်ဖီကောင်းကောင်း
နှပ်တတ်သူအမျိုးသမီးတစ်ဦးအလိုရှိသည်
အသက် ၁၈နှစ်မပြည့်သေးလျှင်ပိုကောင်းသည်
လည်ပင်းကိုကျွမ်းကျွမ်းကျင်စွာနမ်းတတ်ရမည်
ပညာတတ်စရာမလို
ကဗျာမဖတ်ရ
အားလပ်ရက်တွင် အိမ်ဆေးသုတ်ရမည်
သိုးသားကင်ကျွေးမည်
နာဇီပါတီကိုထောက်ခံရမည်
အထူးသဖြင့်
အသစ်မပြုလုပ်ရ။

ကြည်ဇော်အေး
6 feb 2020

Labels:

ထီးကလေး



ခွက်လေးနှစ်ခွက်
ဘဝလေးနှစ်ခု

ဘယ်လောက်ခါးခါး
မင်းကိုငါသောက်မယ်

ကော်ဖီစေ့ထဲက ကဖိန်းဓာတ်တွေ
ဘဝထဲက လောကဒဏ်တွေ

အချစ်က
မိုးမိလို့ဝင်ထိုင်မိတဲ့ကော်ဖီဆိုင်လို
ကဗျာမဆန်ပါဘူး

ထီးမပါခဲ့ကြတာပဲ
ငါတို့အမှား။

ကြည်ဇော်အေး
6 feb 2020

Labels:

စံပြငါးဈေးအီလက်ရှင်


ခွေးဖြစ်သွားရတာက
လူရာဝင်ချင်တဲ့ရောဂါကြောင့်ပဲ

စကားပြောရင်
သွားရည်တမြားမြားကျလာမယ်

ရှူးတိုက်ပေးရင်
ဘဝတူချင်းတောင်ပြန်ကိုက်ချင်

ဈေးခွေးဖြစ်ဖြစ်
သူဌေးအိမ်ကခွေးဖြစ်ဖြစ်
ဘယ်ခွေးမှ မိုးပေါ်မပျံနိုင်ပါဘူး

အရိုးအရင်းလေးကိုက်ရဖို့
ငါးစိမ်းသယ်မကြီးနောက်တကောက်ကောက်

လွှတ်တော်ထဲကျ
ဘာမေးခွန်းမှ မမေးရဲဲကြ။

ကြည်ဇော်အေး
7 feb 2020

Labels:

ရှေ့တန်းတစ်နေရာမှ


ကြိုးက နှစ်ချောင်းလုံးဆွေးနေတယ်
ငါ စီးကရက်တွေဖွာပြီး မီးခိုးကို မျက်လုံးထဲမှုတ်သွင်းတယ်

အမှားမှာ
ဓားသွားကနှစ်ဘက်

မိုက်တွင်းဆက်နက်ကြမလား
လက်နက်ချကြမလား

စိတ်ရှိတိုင်းသာဆို
မှန်တံခါးတွေကွဲကုန်မယ်
လည်နေတဲ့အင်ဂျင်ရပ်သွားမယ်

ပုစွန်အစိမ်းသုပ်လို
ဈေးကြီးကြီးအရသာရှိရှိ
ဝီစကီကောင်းကောင်းတစ်ခွက်
မင်းရယ် ငါရယ်
စိတ်ရှိတိုင်းသာဆို

မူးယစ်ဆေးဝါးရယ် သယံဇာတရယ်
လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်
မင်းရယ် ငါရယ်
ဖွားဘက်တော်လိုမွေးလာတယ်

စစ်ကြီးကဖြစ်တော့မယ်
တပ်ပြေးတွေများလာတယ်

မဟာမိတ်ဖွဲ့ကြတယ်ဆိုတာ
စစ်ပြီးရင် စီးပွားရေးလုပ်ကြဖို့ပဲ

စိတ်ရှိတိုင်းသာဆို
ငါရှေ့တန်းကပြန်လာရင် လက်ထပ်ခွင့်တင်မယ်
စစ်လျော်ကြေးပေးမယ်
အချစ်စစ်။

ကြည်ဇော်အေး
8 feb 2020

Labels:

Deception

အသေခံဗုံးကလည်း ခွဲချင်သေး
ငါ့ဆရာက ဘင်လာဒင်ကွလို့လည်း ကြွေးကြော်လိုက်ချင်သေး

"သတ္တိရှိရတာသိပ်ကြောက်စရာကောင်းတယ်"

မင်းတို့မလည်း
ခက် ခက်ရချည်သေး ။

ကြည်ဇော်အေး
9 feb 2020

Labels:

ဟော်လိုကော့စ်

ဂရိဘာသာစကားမှာ
မီးနဲ့စတေးပစ်တယ်လို့အဓိပ္ပာယ်ရပါတယ်

ဟစ်တလာကိုလည်း ကမ္ဘာကမုန်းစေ
မဟာမိတ်တို့လည်း စစ်နိုင်စေ

ဝင်စတန်ချာချီဟာ
လူလည်ကျခဲ့တယ်

ဗိုလ်ချုပ်ကြီးရွန်းမဲအတွက်မွေးနေ့လက်ဆောင်
အမြောက်ဆန်တွေလက်ဆောင်ပေးခဲ့တယ်

ဂျူးခြောက်သန်းကျော်သေနေပြီ
ထောက်လှမ်းရေးမယ်က နှုတ်ခမ်းနီဆိုးနေတုန်းပဲ

ကဗျာဆရာ အပေါ်လီနဲဟာ
စာကိုလက်မှတ်ထိုးပြီးပို့လိုက်ပါတယ်
ဒုတိယကမ္ဘာစစ်ကြီး အဓွန့်ရှည်ပါစေ။

ကြည်ဇော်အေး
9 feb 2020

Labels:

အသေခံသတင်း

လူမည်းဘောလုံးသမား
လူမည်းသမ္မတ
လူမည်းကဗျာဆရာ
လူ့အခွင့်အရေးအကြောင်းဆွေးနွေးနေကြတယ်

မြေအောက်ရထားပေါ်မှာ
ရုံးဆင်းလာတဲ့ဘုရားတွေဟာတိတ်ဆိတ်

လူတွေက
ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်းငြင်းခုန်နေကြ

ဒီနေ့ထုတ်သတင်းစာအယ်ဒီတာ့အာဘော်မှာ
ဥပဒေဆိုတာ လူကရေးဆွဲထားတာ
ဥပဒေကြောင့် အချစ်ရေးမထိခိုက်စေရ လို့ဖော်ပြထားတယ်

အချစ်က
စစ်ပြန်တစ်ယောက်

ရထားပေါ်မှာ
ဗုံးတစ်လုံးပါလာတယ်
ရထားက ရပ်မရ ။

ကြည်ဇော်အေး
9 feb 2020

Labels:

စက်မှုဇုံထုတ်အချုပ်ကား


ဇီးရိုးကီလိုဆိုပေမယ့် အင်ဂျင်ဝိုင်က ယိုနေပြီ
မီးခိုးအူနေပြီ

ရာဘာတောကြီးထဲဖြတ်မောင်းတော့
တာယာပွင့်ထွက်သွားတယ်

"မင်းတယ်ခက်ပါလားရာမ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ"

နံရံတွေဆေးပြန်သုတ်တယ်
ပိုးမျှင်တွေဖယ်ရှားပစ်တယ်

ဆေးဖြတ်နေတဲ့လူနာလို
အချစ်က ယင်းထ

လူနာကုတင်တွေတွန်းရွှေ့
ထောင်ဖောက်ဖောက်ပြေးသလလို ဆေးရုံကထွက်ပြေး

အမေ့ရွှေတွေရောင်းပစ်မယ်
သင်္ဘောကြီးတစ်စင်းလုံးအပြည့် ဆေးတွေတင်ပြီးပင်လယ်ဖြတ်မယ်
ရှူမယ်
ရွက်လွှင့်မယ်

မင်းကြောင့်ငါဒီလိုဖြစ်ခဲ့တာသိရင်
မင်းရယ်နေမှာပဲလို့ အလိုလိုသိနေတယ်

အစိုးရရှေ့နေက
မင်း သူ့ကိုအမှန်တကယ်ချစ်ခဲ့သလားလို့မေးတယ်

စီရင်ချက်ချတဲ့နေ့
ရဲက ငါ့အသည်းကိုလက်ထိပ်ခတ်လိမ့်မယ်။

ကြည်ဇော်အေး
10 feb 2020

Labels:

အေသင်ရှော့ပင်းမောလ်

ကတ်ကိုဘိန်းရော
ဂျင်မီဟန်းဒရက်ရော
ဂစ်တာကို ဘယ်နဲ့တီးတယ်

သမ္မတဟောင်းအိုဘားမားက
လက်မှတ်ထိုးရင် ဘယ်လက်နဲ့ထိုးတယ်
"ဒါပေမယ့် ကျွန်တော် လက်ဝဲသမား မဟုတ်ပါဘူး" တဲ့

ဘုရင့်အမိန့်ကို မနာခံသူအမတ်တွေက
ဘုရင်ရဲ့လက်ဝဲဘက်မှာထိုင်ကြတယ်

စာတော်တဲ့ကျောင်းသားတွေက
ရှေ့ဆုံးခုံမှာနေရာလုထိုင်ကြတယ်
ဆိုးသွမ်းကျောင်းသားတွေက
နောက်ဆုံးခုံမှာထိုင်ကြတယ်

ကျောင်းဟာ
အေသင်ဈေးလမ်းမတွေပေါ်က စခဲ့တာ

ဆရာက ဆော့ခရတ္တိ
သူ့တပည့်တွေက အရစ္စတိုတယ်နဲ့ပလေတို
နောက်
ဥရောပတိုက်ကို သိမ်းပိုက်ခဲ့တဲ့ မဟာအလက်ဇန်းဒါး

ငါတို့က
မြွေပွေးပေါတဲ့
မူးယစ်ဆေးဝါးပေါတဲ့
ဘီယာဆိုင်နံရံတွေပေါ်မှာ ကွန်ဒုံးကြော်ငြာတွေကပ်ထားတဲ့
မြေသိမ်းထားတဲ့ လယ်ကွက်တွေထဲက ကျောင်းတော်ကြီးထဲ
ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ သင်ကြားကြရတယ်

ကျွန်ပညာရေးအပြီး
သဘောက်ပညာရေးကိုရခဲ့တယ်

၁၉၆၂ ဟာ
ကျွန်စုပ်တဲ့သရက်စေ့ပဲ

မီးရောင်အောက်ကိုဝင်ရင်
လူပျက်တွေနဲ့ တွဲရမှာပဲ

ကဲ အေသင်လို
လမ်းမတွေပါ်မှာပဲ ပညာသင်ကြပါစို့

ကျွန်တော်ကဘယ်သန်
နောက်ဆုံးခုံမှာထိုင်မယ် ။

ကြည်ဇော်အေး
13 feb 2020

Labels:

ချားလ်ဘူကောစကီးဆေးရုံ


ဂစ်တာသမားဖြစ်ချင်တဲ့ ကျောင်းသားရယ်
ဗိုလ်အောင်ဒင်ဇာတ်လမ်းကိုအလွတ်ရတဲ့ ဆေးသမားရယ်
အရက်ဖြတ်တဲ့ ကဗျာဆရာရယ်
စိတ်ကျန်းမာရေးဆေးရုံမှာ
ညစာအတူစားကြရင်း
ကိတ်မုန့်အကြောင်းစကားပြောကြတယ်

ကိတ်မုန့်ဟာ လူမှန်ရင်မစားသင့်ကြောင်း
ကိတ်မုန့်ထက် ပေါင်မုန့်ကိုသာစားသင့်ကြောင်း
ကိတ်မုန့်မှာ အတွေးအခေါ်မရှိကြောင်း
ပေါင်မုန့်ဟာ တော်လှန်ရေးတစ်ရပ်ဖြစ်ကြောင်း
ပေါင်မုန့်ဟာ လူသားဆန်ကြောင်း
ကိတ်မုန့်ဟာ လူတွေရဲ့ခံစားချက်ကိုနားမလည်ကြောင်း

မီးနဲ့ဖုတ်ရတာချင်းအတူတူ
ကိတ်မုန့်နဲ့ပေါင်မုန့်ကို သွေးအမျိုးအစားခွဲခြားကြတယ်

ချောကလက်ကိတ်ဟာ မင်းစိုးရာဇာဆိုရင်
ပေါင်မုန့်အကြမ်းစားဟာ အလုပ်သမားလူတန်းစားပဲ

ဂစ်တာတစ်လက်ဟာ
ဂျုံစိုက်ခင်းတွေပဲ

ဗိုလ်အောင်ဒင်ဟာ
မမြဝင်းကို သိပ်ချစ်တာပဲ

ချားလ်ဘူကောစကီးဟာ
အရူးပဲ

ဂစ်တာတစ်လက်ရဲ့သွေးပေါင်ဟာ
အောက်သွေးကျနေတယ်

ဗိုလ်အောင်ဒင်ရဲ့သွေးပါင်ဟာ
အပေါ်သွေးတက်နေတယ်

ချားလ်ဘူကောစကီးရဲ့သွေးပေါင်ဟာ
ပုံမှန်ပဲ

အထူးကုဆရာဝန်ကြီးက သူ့မွေးနေ့အတွက်
လူနာတွေကို ကြက်ဥပြုတ်နဲ့နွားနို့တစ်ခွက်စီတိုက်ကျွေးတယ်

ကျောင်းသားက ဂစ်တာတီးပြ
ကဗျာဆရာက ချားလ်ဘူကောာစကီးကဗျာတွေရွတ်ပြ
ဆေးသမားက ငိုကြွေးပြ

ဆေးရုံဟာ
ပျော်စရာကောင်းတယ်
ဆရာဝန်ဲကြီးကျန်းမာပါစေလို့ သူတို့ဆုတောင်းကြတယ်။

ကြည်ဇော်အေး
16 feb 2020

Labels:

အထူးခွဲစိတ်ကုသဆောင်


အချစ်က
စစ်ပြန်တစ်ယောက်လို
ခြေတစ်ဖက်ပြတ်ပြီး ပြန်ရောက်လာတယ်

ငါကမီးကွင်းထဲမှာ
ခုန်ခုန်ပြနေရတဲ့ဆပ်ကပ်ထဲက ကျားလိမ္မာပဲ

ကမ္ဘာလုံးထဲဆိုင်ကယ်စီးပြ
ကြိုးတန်းပေါ် စက်ဘီးစီးပြ
အချစ်ကို လွှစက်နဲ့ နှစ်ပိုင်းပိုင်းပြ

နိုင်ငံတော်ဧည့်ခံပွဲဆိုတော့
လက်ခုပ်သံအတုတွေက လွဲပြီး ဘာမှမရ
အသက်နဲ့ရင်းပြီး
ဓားနဲ့ပေါက်ခံပြရတယ်

ဗိုလ်ပုံအလည်မှာ
မင်းအတွက် အရှက်မကွဲရအောင်
သံချောင်းတွေ ဝါးစားပြရတယ်

တံတားကြီးတွေကို ဖျောက်ပြဖူးတဲ့ သူတို့အတွက်
ဒီပြကွက်ဟာမအောင်မြင်ခဲ့ဘူး

မိုးပျံတိုက်ကြီးတွေကို ဖြိုခွဲပြလည်း
သူတို့အတွက် မထူးဆန်းခဲ့ဘူး
ငါ မအောင်မြင်ခဲ့ဘူး

မင်းအတွက်
ခြေထောက်အတုတပ်ပေးချင်လို့
ဖဲထုပ်ကို ကလဖန်ထိုးပြလည်း ငါမအောင်မြင်ဘူး

ရွှေမင်းသမီးလေးရဲ့ဒေါက်ဖိနပ်ကို
ဂျိုးငှက်ကလေးဖြစ်သွားအောင်လုပ်ပြလိုက်တော့မှ
ပရိတ်သတ်အားလုံးမတ်တပ်ရပ်ပြီးဂုဏ်ပြုကြတယ်

အရိုးပေါ်အရေတင်ရွှေပွဲလာတွေက
ညဉ့်နက်နက်ကို မေ့လို့
ငါလိမ်ထားတဲ့ပြကွက်ကိုချီးကျူးကြတယ်

နောက်တစ်နေ့ထုတ်အစိုးရသတင်းစာမှာ
မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြ
ငါတို့နှစ်ယောက်ဖတ်ပြီးရယ်ကြတယ်

တအား
ရယ်ရတယ်နော်။

ကြည်ဇော်အေး
17 feb 2020

Labels:

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးစီမံကိန်း

ရေပိုက်ပြင်သမားဟာ ရေပိုက်ခေါင်းတွေလိုက်စစ်ရင်း
အရိုးတွေကိုတွေကိုတွေ့ရတယ်
လူရိုးတွေ

မြေကြီးအောက်မှာတွေ့ရမယ့် လူ့အရိုးတွေဟာ
ဘာလို့ရေပိုက်လိုင်းထဲမှာတွေ့ရတာလဲ

ဘယ်ခုနှစ်ကအရိုးလဲ
စစ်ဆေးကြတယ်

အဖြေက
အရိုးတွေက လတ်လတ်ဆတ်ဆတ်ပဲ
အသားစလက်ကျန်တွေတောင် ကပ်ကျန်နေသေးတယ်

သူ့ကိုဖမ်းဆီးမိတော့
လူသားဟာသိပ်အရသာရှိသတဲ့
လူသားတိုင်းဟာ လူသားစားသင့်သတဲ့
လူသားတွေ
မျိုးတုံးပျောက်ကွယ်သွားသည်အထိစားသင့်သတဲ့

လူတွေဟာ ယဉ်ကျေးလေလေ
စားကောင်းလေလေပဲတဲ့

ပညာတတ်လေလေ
အရသာပိုရှိလေလေပဲတဲ့

အဖြေက သွေးအေးတယ်
မေးခွန်းက သွေးအားနဲနေတယ်

လူသားဟာတွေးခေါ်တယ်
ကိုးကွယ်တယ်
ဥပဒေစည်းမျဉ်းတွေရေးဆွဲတယ်

ကျောင်းတွေဆောက်တယ်
ဆေးရုံတွေဆောက်တယ်
စက်ရုံတွေဆောက်တယ်
ထောင်တွေဆောက်တယ်

လူသားဟာ အဟာရမဖြစ်တဲ့
အသားစားသတ္တဝါတွေပဲ
လူတွေဟာ လူသားပဲစားကြရင်
ကျွန်တော်လို ရေပိုက်ပြင်သမားတွေလည်းမလိုအပ်
ခင်ဗျားတို့ ရဲတွေလည်းအလုပ်မရှုပ်တော့ဘူးတဲ့

ဒီအာကာသထဲမှာ
ကမ္ဘာဂြိုလ်ဟာ ကျွတ်ကျွတ်အိပ်လိုအမှိုက်တစ်စပဲလို့
ရေပိုက်ပြင်သမားက
စစ်ကြောရေးစခန်းမှာဖြေတယ်

သူ့လိပ်စာက
ခင်ဗျားအိမ်ဘေးမှာပဲ သူနေထိုင်ပါတယ် တဲ့။

ကြည်ဇော်အေး
18 feb 2020

Labels:

မြေအောက်လှုပ်ရှားမှုသမိုင်း


ယဉ်ကျေးမှုအရဆိုတော့ ယဉ်ကျေးမှုအဖြစ်
ပန်းသီး လိမ္မော်သီး
ကိတ်မုန့် ပေါင်မုန့်
ဆိတ်သားခြောက်တွေ လက်ဆောင်ရတယ်

ယဉ်ကျေးမှုတော်လှန်ရေးအဖြစ်
ဆိုက်ကယ်ဒဲလစ်သီချင်းပြင်းပြင်းတွေ နားထောင်တယ်

လူကအကောင်း
ရူးချင်ယောင်ဆောင်တယ်
အရူးလိုင်စင်ရတယ်

မူးယစ်ဆေးသုံးစွဲခွင့်ရပြီ
ပြောချင်တာပြောခွင့်ရပြီ

ဘာကိုမှ မယုံကြည်
ဘာကိုမှ မကိုးကွယ်

လွတ်လပ်ရေးကြေညာစာတမ်းကို
ကိုယ်တိုင်ရေးမယ်

အာဏာဟာ
ကဗျာက စရမယ်

ဥပေဒဟာ
ကဗျာနဲ့ အဆုံးအဖြတ်ပေးရမယ်

နိုင်ငံတော်သီချင်းဟာ
ရော့ခ်သီချင်းဖြစ်ရမယ်

နိုင်ငံတော်အလံဟာ
ဂျက်ဆန်ပူးလော့ပန်းချီကားလိုဖြစ်နေရမယ်

နိုင်ငံတော်သမ္မတကို
အရူးလက်မှတ်ရထားသူတွေကသာ ရွေးချယ်တင်မြောက်ခွင့်ရှိရမယ်

နိုင်ငံသားတိုင်းဟာ
နေ့မှာ အိပ်ရမယ်
ညမှာ အလုပ်လုပ်ရမယ်

နိုင်ငံသားတိုင်းဟာ
စိတ်ကူးယဉ်မှုအတွက် အခွန်ဆောင်ရမယ်

နိုင်ငံသားတိုင်းဟာ
နျူကလိယားလက်နက်တစ်ခုစီပိုင်ဆိုင်ခွင့်ရှိရမယ်

အာဟာရပြည့်ဝဖို့အတွက်
နေ့စဉ် ကျည်ဆံတွေဖြည့်နေရမယ်
နေ့စဉ် စစ်ဖြစ်နေရမယ်။

ကြည်ဇော်အေး
19 feb 2020

Labels:

ပိုးကြိုး



လုပ်ကြံခံရတာနဲ့
ဓါးချင်းယှဉ်ခုတ်ရတာ မတူဘူးလေ

စစ်တိုက်ပြီးကျွန်ပြုခံရတာနဲ့
ကုမ္ပဏီထောင်ပြီး နယ်ချဲ့ခံရတာကျတော့ အတူတူပဲ

မြှားမှန်ခံရတာက မနာဘူး
ပြန်နှုတ်ရတာက ပိုပြီးနာတယ်

ပျားရည်ကချိုသလောက်
ပျားတုပ်ခံရတာက သေမတတ်အဆိပ်တက်

ကျားအရေခွံက ဈေးကြီးတယ်
ကျားအရှင်က ပိုပြီးအန္တရာယ်ကြီးတယ်

နံရံက
တွင်းဆုံးကျစွာ

ခြေဖဝါး
ပုလင်းကွဲရှရ

ရွက်လွှင့်သော်လည်း
လေမသာ

နေသာသော်လည်း
ရေမလာ

ဘရန်းဒက်တွေရမယ်နော်
နိုင်ငံခြားဖြစ် စစ်စစ်တွေနော်
ပလက်ဖောင်းပေါ်အပုံလိုက်ကြီး ချရောင်းကြ

ဂျင်းဘောင်းဘီအဟောင်းတစ်ထည်ဝယ်
တီရှပ်အဟောင်းတစ်ထည်ဝယ်
မန္တလေးရမ်တစ်လုံးဝယ်

အိမ်ပြန်ရောက်တော့
ရာသီတော်ဦးဝယ် ။

ကြည်ဇော်အေး
21 feb 2020

Labels: