23 February, 2020

ရန်ကုန်မြို့ကြီးအတွက် အချစ်ကဗျာတစ်ပုဒ်

ကျိုက္ကလော့ဘုရား ရေကန်ဘေးက တောလမ်းလေးအတိုင်း ငါ ပြန်တက်လာတော့
ငါ့အသက်ဟာ ပြည်လမ်းကို ဖြတ်ပြီး မြို့ထဲတစ်ဝက်လောက်တောင် ရောက်နှင့်နေပြီ
မင်းဓမ္မလမ်းပေါ်မှာတော့ မနက်၄နာရီလောက်ကြီး ထထပြီး ငါ အန်ခဲ့တဲ့ သွေးတွေကို
လမ်းဘေးခွေးတွေက အားပါးတရ လျက်လို့
ကျောက်တော်ကြီးဘုရားက ငါ ပွတ်သပ်နေကျ စကျင်ကျောက်ပြားတွေလည်း
ငါ့ဆံပင်ကို ထိုးဖွပေးဖို့ ငြင်းပယ်ခဲ့တဲ့ အမျိုးသမီးရဲ့ လက်ဖဝါးတွေလို ဖြူဖျော့အေးစက်
ပြီး၊ အသက်မဲ့ ညတွေမှာ
ငါ့မျက်နှာပေါ် မစင်စွန့်ပြီး ငါ့အသည်းနှလုံးကို တစစီ ထိုးဖဲ့ခဲ့ကြတဲ့
စမ်းချောင်းထဲက ခိုတွေအကြောင်းကို ငါ အမြဲတွေးတယ်
နောက်ပြီး ငါ့ရင်ဘတ်ကို ပုတ်ခတ်ခဲ့တဲ့ ကမ်းနားက စင်ရော်တွေနဲ့
ငါ့အသွေးအသားကို တစ်ကိုက်တစ်ဖဲ့စာမှ မလွတ်အောင် စားသုံးနိုင်ခဲ့ကြတဲ့ သွေးဆေးကန်ထဲက ငါးတွေ
ငါဟာ ရန်ကုန်မြို့ကြီးပေါ်က လူဝင်စား အချစ်ရှုံးသမားပဲ
၃ကြိမ် ၃ခါတိတိ ဗဟိုလမ်းပေါ်မှာချည်း သေပွဲဝင်ပေးခဲ့ရတယ်
မော်တင်ဘက် ရောက်ဖြစ်ရင်တော့
ကျနော်သိတဲ့ အချစ်ဆိုတာ ဘုန်းကြီးလမ်းမီးပွိုင့်ဘေး တိုက်အပေါ်ထပ်ကနေ စံပြရုပ်ရှင်ရုံကို တစ်နေကုန် ထိုင်ငေးကြည့်နေရတာမျိုးပဲဆိုတဲ့
မောင်မိုးမြင့်ရဲ့ ကဗျာစာသားကို ငါ ဘာလို့ အခုထိမေ့လို့ မရနိုင်သေးတာလဲလို့ အမြဲ ပြန်ပြန်သတိရဖြစ်တယ်
ရွှေပုစွန် ကိတ်ဆိုင်ဘေးက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်မိခဲ့တုန်းက
အတူတွဲလာတဲ့ အမျိုးသမီးရဲ့ တင်သားကို လက်နဲ့ ဖျစ်ညှစ်လိုက်ချိန်မှာ တစစီ ပြိုကျလာခဲ့တဲ့ ငါ့ရဲ့ ကျားနာစိတ်
လေဆိပ်က ခုံတွေမှာ တစ်စုံတစ်ယောက်ပြန်အလာကို ထိုင်စောင့်ခဲ့ရချိန်တွေတုန်းက အဲကွန်းရဲ့ အအေးဒဏ်ကြား ခိုက်ခိုက်တုန်နေခဲ့ရတဲ့ ငါ့ရဲ့ စိုးရွံ့ထိတ်လန့်စိတ်
အတိတ်ဟာ ငါ့ကို ကြံတောသင်္ချိုင်းထဲ အမြဲ ပြန်ပြန်ခေါ်သွားပြီး
အမိန့်နဲ့ ခေါ်ထုတ်မှရတဲ့ တစ္ဆေသရဲတွေဆိုတာ တကယ်ရှိကြောင်း မျက်စိမှတ် ယုံကြည်စေတယ်
Junction Square အဆောက်အအုံကြီးကို မြင်တိုင်း အဲဒီတဝိုက်မှာ မကျွတ်မလွတ်သေးတဲ့ ငါ့ဝိညာဉ်ကို ငါ ပြန်မြင်နေရသလိုပဲ
ငါ့ဝိညာဉ်ဟာ ကျွန်းတောလမ်းအတိုင်း တက်လာပြီးမှ
ဟံသာဝတီအဝိုင်းပတ်ထဲမှာ အကြိမ်ကြိမ်အထပ်ထပ် လှည့်ပတ်နေတယ်
မြေနီကုန်း လှည်းတန်းနဲ့ ဦးဝိစာရလမ်းက ရေတမာပင်တန်းတွေဟာ
ချားရဟတ်လို မျက်စိရှေ့မှာ တဖျပ်ဖျပ် လှည့်ပတ်လို့
ငါဟာ ရန်ကုန်မြို့ကြီးပေါ်က လူဝင်စား အချစ်ရှုံးသမားပဲ
အဲဒီ သတင်းကို မြန်မာ့အသံဝင်းထဲကနေ ငါ လွှင့်မယ်
ငါ့ကို ချစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ ငါ့အသံကို ပြန်ကြားတဲ့အခါ ရုတ်တရက်တော့ မြို့တော်ခန်းမရှေ့မှာ လာစုရုံးကြမှာပဲ
ပန်းဆိုးတန်းတဝိုက်မှာ ငါ့ခြေရာတွေကို လာရှာကြမှာပဲ
ပြီးရင်တော့ ဆူးလေစေတီကို မေ့မေ့လျော့လျော့ပဲ သဘောထားကြသလို မေ့လျော့သွားကြဦးမှာ
ရန်ကုန်မြို့ကြီးဟာ လူတွေနဲ့ ကားတွေ အချိုးကျ ဖွဲ့စည်းထားတာပဲ
အချိန်မရွေး အက်ဆီးဒင့်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားနိုင်တယ်
ဒါမှမဟုတ်လည်း တစ်ယောက်က တစ်ယောက်ကို သတ်ဖြတ်မိသွားနိုင်တယ်
လမ်းလယ်ခေါင်မှာ သွေးအလိမ်းလိမ်းနဲ့ သေဆုံးသွားရသူတစ်ယောက်အတွက်
လမ်းညွှန်ဆိုင်းဘုတ်တွေဟာ ဘယ်လိုသဘောဆောင်နေမလဲလို့တော့ ဘယ်သူမှ မပြောနိုင်သေး
ငါ့ကို စောင့်ရှောက်ပါ မနှင်းဆီလေးရေ။

- ဆစ်ခ် -
ဖေဖော်ဝါရီ၊ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home