တွံတေးသိန်းတန်ရဲ့ အချစ်သီချင်း


င့ါအရွယ်တွေ အောင်မြင်နေကြပြီ
ငါ့အရွယ်တွေ သေကုန်ကြပြီ

တချို့စစ်ဗိုလ်ကြီး
တချို့ဆရာဝန်ကြီး
တချို့အမတ်ကြီး
တချို့ ဖာခေါင်းကြီးလုံးလုံးပဲ

ပင်လယ်ဟာ ငါးတွေကြောင့်အရသာရှိသလို
ဆားတွေကြောင့်လည်း ပိုအရသာရှိတယ်

လေကြောင့်သင်္ဘောနစ်ရသလို
လေကြောင့်ရွက်လွှင့်ရတယ်

စာသင်ခန်းထဲ အချစ်ဝတ္ထုခိုးဖတ်လို့
နေအလှန်းခံရ

ကဗျာရေးလို့
ရည်းစားနဲ့ကွဲရ

ဆရာမခြင်းပြေးဆွဲတဲ့အထဲ မပါခဲ့တာ
ငါခုထိဂုဏ်ယူမဆုံး

နောက်ဆုံးခုံပေါ်မှာ
ကာတွန်းရေးခဲ့တာ ခုထိ ငါဂုဏ်ယူမဆုံး

အလံကိုဖောင်းစေပွစေတဲ့ လေ
ငါအလွတ်ရတယ်

နောက်ပြန်ဆုတ်မဲ့တံတားကို
မီးတင်ရှို့ရဲတဲ့ ကဗျာ ငါအလွတ်ရတယ်

မင်းပြစ်မင်းဒဏ်သင့်တဲ့ကဗျာ
မဲဇာကို ငါအလွတ်ရတယ်

မိုးရွာရင်ပျော်တယ်
လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ငါ ဆေးခြောက်ရှူတယ်

အခု ငါပင့်ဖလွိုက် နားထောင်နေတယ်
"We don’t need no education for control"

ကက်ဆက်ခလုတ်ကိုဖွင့်လိုက်
လာမရစ်နဲ့။

ကြည်ဇော်အေး
3 Jan 2020

No comments:

Post a Comment