အထူးခွဲစိတ်ကုသဆောင်
အချစ်က
စစ်ပြန်တစ်ယောက်လို
ခြေတစ်ဖက်ပြတ်ပြီး ပြန်ရောက်လာတယ်
ငါကမီးကွင်းထဲမှာ
ခုန်ခုန်ပြနေရတဲ့ဆပ်ကပ်ထဲက ကျားလိမ္မာပဲ
ကမ္ဘာလုံးထဲဆိုင်ကယ်စီးပြ
ကြိုးတန်းပေါ် စက်ဘီးစီးပြ
အချစ်ကို လွှစက်နဲ့ နှစ်ပိုင်းပိုင်းပြ
နိုင်ငံတော်ဧည့်ခံပွဲဆိုတော့
လက်ခုပ်သံအတုတွေက လွဲပြီး ဘာမှမရ
အသက်နဲ့ရင်းပြီး
ဓားနဲ့ပေါက်ခံပြရတယ်
ဗိုလ်ပုံအလည်မှာ
မင်းအတွက် အရှက်မကွဲရအောင်
သံချောင်းတွေ ဝါးစားပြရတယ်
တံတားကြီးတွေကို ဖျောက်ပြဖူးတဲ့ သူတို့အတွက်
ဒီပြကွက်ဟာမအောင်မြင်ခဲ့ဘူး
မိုးပျံတိုက်ကြီးတွေကို ဖြိုခွဲပြလည်း
သူတို့အတွက် မထူးဆန်းခဲ့ဘူး
ငါ မအောင်မြင်ခဲ့ဘူး
မင်းအတွက်
ခြေထောက်အတုတပ်ပေးချင်လို့
ဖဲထုပ်ကို ကလဖန်ထိုးပြလည်း ငါမအောင်မြင်ဘူး
ရွှေမင်းသမီးလေးရဲ့ဒေါက်ဖိနပ်ကို
ဂျိုးငှက်ကလေးဖြစ်သွားအောင်လုပ်ပြလိုက်တော့မှ
ပရိတ်သတ်အားလုံးမတ်တပ်ရပ်ပြီးဂုဏ်ပြုကြတယ်
အရိုးပေါ်အရေတင်ရွှေပွဲလာတွေက
ညဉ့်နက်နက်ကို မေ့လို့
ငါလိမ်ထားတဲ့ပြကွက်ကိုချီးကျူးကြတယ်
နောက်တစ်နေ့ထုတ်အစိုးရသတင်းစာမှာ
မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြ
ငါတို့နှစ်ယောက်ဖတ်ပြီးရယ်ကြတယ်
တအား
ရယ်ရတယ်နော်။
ကြည်ဇော်အေး
17 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home