အမျိုးသားဝတ်အတွင်းခံဘောင်းဘီ
အိပ်ရာထနောက်ကျ
အေးစက်စက် သန်သန်မာမာ
ရေချိုးပြီပြီလား ၊ ရှင်ဟာလေတော်တော်ရှုပ်ထွေး
မကောင်းမှုအပြည့်နဲ့နေထွက်
ဘလိတ်ဓားရှရာ တဝင်းဝင်း
မှန်ထဲမှာ ငါ့မျက်နှာတစ်ဝက်ပဲမြင်ရတယ်
မေးလ်တွေပြန်စစ်ရင်း ငါတွေးမိ
ကျောင်းသားတစ်ယောက်လို အိမ်စာမလုပ်ဘဲ
ကျောင်းသားတစ်ယောက်လို သပိတ်မှောက်ချင်
ရေနွေးနွေးနဲ့မျက်နှာသစ်
ခြေအိတ်က ဘယ်ညာလွဲ
ပြီးတော့လည်းပြီးသွားတာပဲ
မပြီးတော့လည်း ရှေ့ဆက်နေရတာပဲ
ပျော်သလားဆိုတော့
ဆီးရွှင်သလို ရွှင်နေတယ်
ဆေးသောက်
အမှိုက်ပုံးထဲက တစ်ရှုးစတွေ စီးကရက်ဘူးခွံတွေ ဘဝပျက်
အမှိုက်သိမ်းကားမလာသေးခင်
ဖယ်ရီကားရောက်လာတယ်
ဘဝကခွင့်ပြုသလောက်သာ
လမ်းဖြတ်ကူးကြရတယ်
ဓာတ်လှေကားထဲရောက်တော့မှ
လူပီသအောင်နှုတ်ဆက်ကြ
မင်္ဂလာမနက်ခင်းပါခင်ဗျာ ။
ကြည်ဇော်အေး
26 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home