26 May, 2016

ကျမ ကဗျာသို့

အကောင်းဆုံး ဖြစ်နိုင်ခြေ --
ရှင်ဟာ ကျမကဗျာဖြစ်လာမယ်၊ စိတ်ဝင်တစားဖတ်ကြ
ဆွေးနွေးကြ၊ မှတ်မိနေကြမယ်။

အဆိုးဆုံးက
ရှင့်ကို ဖတ်တယ်ဆိုရုံလေး ဖတ်ကြမှာ။

တတိယ အနေနဲ့--
ရှင့်ကိုချရေးဖြစ်ခဲ့တာတောင်
ခဏအကြာ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်မှာ။

စတုတ္တနဲ့ နောက်ဆုံးအလားအလာ --
ရှင့်ကို ချမရေးဖြစ်သေးခင် ရှင်ဟာ
သီချင်းတိုးတိုးလေး ညည်းရင်း တိတ်တဆိတ်ထွက်သွားတာ။

ကိုကိုသက်
Wislawa Szymborska ~ To My Own Poem

Labels: ,

နှင်းဆီ

ခြုံလိုပေါက်တဲ့နှင်းဆီအမျိုးအစားရဲ့တန်ဘိုးကို မသုံးသပ်ခင်
နှင်းဆီဟာ အချစ်ပဲလို့ ဘယ်သူပြောခဲ့သလဲ
အရေပြားပေါ် အမည်းစက်ပေါ်တာတို့ သံချေးစားတာတို့ကို
လွန်ဆန်နိုင်တဲ့ အမျိုးစပ်နှင်းဆီရှိသေးတယ်
ဒါမှမဟုတ် နှင်းဆီဟာ အချစ်တစ်ခုတည်းကို ရည်ညွှန်းသလား
နှင်းဆီဆိပ်တက်ပြီး နှင်းဆီချစ်ဖျားဖျားနေတာ
နာမကျန်ခြင်းကို ကျန်းမာခြင်းအဖြစ် တမင်ရွေးချယ်တာ
ရေမွှေးနှင်းဆီ၊ဗမာနှင်းဆီ၊ ကျောက်နှင်းဆီ
ဘာအရောင်၊ ဘာရနံ့၊ ဘာအသွေးလဲ - န/ နှင်းဇီ /
နှင်းဆီရောင်ဆိုတာ အနီရောင်နု၊ ပန်းရောင်
'နာမကျန်းသည့် အို နှင်းဆီ' (၀ီလျံဘလေ့က်)
'နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီ' (ဂါးထရုဒ်စတိုင်းန်)
'ချစ်ပြုံးနှင်းဆီ' (ဂီတနက်သန် ကိုစောညိန်း)
'နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်' (ခင်ဝမ်း)
'My love is like a red red rose'
'ငါ့ရဲ့ အချစ်ဟာ နှင်းဆီနီရဲ တစ်ပွင့်လို' လား
'ငါ့ရဲ့ ချစ်သူဟာ နှင်းဆီနီရဲ တစ်ပွင့်လို'လား
တစ်ခင်းလုံးမဲနက်ပြောင်နေတဲ့ နှင်းဆီပွင့်တွေရဲ့
အနက်ဂယက်ဟာ ဘယ်လိုရှိသလဲ
'အချစ်ဟာ ငရဲကလာတဲ့ ခွေးတစ်ကောင်' (ခရစ္စစတြာဖလီနိ)
သူ့ အစွယ်တွေကြားမှာ သွားရည်တွေနဲ့ စိုဝင်းတောက်နေတာ
အဲဒါ ရိုးတံစင်းစင်းလေးပေါ်က နှင်းဆီဖူးငုံလေးလား
အမြင်သွေလွဲမှုလား/ ယစ်မူးခြင်းအာရုံတစ်မျိုးလား
နှင်းဆီတစ်ပွင့်ဟာ ပင်လယ်အနံ့နဲ့ တုန်ခါနေတဲ့
မြစ်တစ်စင်းလည်းဖြစ်တယ်
ဘယ်နှခါဆင်းရေချိုးဖူးသလဲ ဒီနှင်းဆီမြစ်ထဲ
သင့် အာရုံတွေမှတ်မိလား အဲဒီတုန်းက...
တစ်သက်မှာ အရည်ရွှမ်းတဲ့ပန်းနုတွေ တစ်ခါပွင့်ပြီးရင်
သေသွားတဲ့ နှင်းဆီတစ်မျိုးရှိတယ်
နောက်တစ်မျိုးကတော့ စက်တင်ဘာကနေ အောက်တိုဘာအထိ
အသီးနီနီရဲရဲတွေ သီးတယ်
နှင်းဆီတကာ့ နှင်းဆီတွေရဲ့ တော်ဝင်နှင်းဆီ
Albaa X semiplena နှင်းဆီရေမွှေးထတ်လုပ်ရာ
'ကျွန်မဘ၀မှာ နှုတ်မရတဲ့ နွေညနှင်းဆီဆူးနဲ့ မျက်နေတာ'
ဈာပနနှင်းဆီ၊ ပွဲနေပွဲထိုင်နှင်းဆီ၊ အခမ်းအနားနှင်းဆီ
ရော့၊ ဒီမှာ၊ ခင်ဗျားအတွက် 'နှင်းဆီ' တစ်ပွင့်
ရော့၊ ဒီမှာ၊ မင်းလေးအတွက် 'နှင်းဆီ' တစ်ပွင့်
ရော့၊ ဒီမှာ၊ ငါတစ်ယောက်ယောက်အတွက် 'နှင်းဆီ' တစ်ပွင့်
ကဗျာအတွက် 'နှင်းဆီ'တစ်ပွင့်
'နှင်းဆီ'အတွက် နှင်းဆီတစ်ပွင့်
နှင်းဆီဟာ အချစ်ပဲ
အဲဒါ ခင်ဗျားပြောသလား ။

ဇေယျာလင်း
၁၂၊ ဇန်န၀ါရီလ ၊ ၂၀၀၇

Labels:

သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်

ကိုယ့်ဘ၀ကို အဆုံးစီရင်ချင် စီရင် ဒါမှမဟုတ်
သူတပါးကိုသတ်ချင်ရင် သတ်လိုက်ပါ
ဒါ မင်းရဲ့ သဘောပါပဲ

ကြက်သွန်နွှာလို့ မင်း မျက်ရည်ကျရင်
ဓားက ဘယ်တော့မှ မျက်ရည်မကျ
မင်း တစ်ယောက်တည်းသာ မျက်ရည်ကျ
မင်း တစ်ယောက်တည်းသာ နာကျင်
ဓားကတော့ မနာကျင်

သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်

ရုံးစားပွဲတစ်ခုပေါ်က ခဲချွန်ဓါးတစ်လက်နဲ့
သားသတ်သမားလက်ထဲက ဓါးနဲ့တူမတူ

ခွဲစိတ်ခန်းသုံးဓါးများနဲ့
ကိတ်မုန့်လှီးတဲ့ ဓါးနဲ့တူမတူ

မုတ်ဆိတ်ရိတ် နှစ်ထပ်ဓါးများနဲ့
သစ်ခုတ်ဓါးများနဲ့တူမတူ

မျက်နှာတစ်ခုလုံး ဓါးနဲ့ခြစ်ရင်
မျက်နှာဟာ ဓါးခြစ်ပန်းချီကားတစ်ချပ်
နှလုံးသားတစ်ခုလုံး ဓါးနဲ့အခြစ်ခံရရင်
နှလုံးသားဟာ ဓါးခြစ်ပန်းချီကားတစ်ချပ်
သင် ရောင်းပစ်ချင်ရင် ရောင်း
နံရံမှာ ချိတ်ထားချင်တယ်ဆို ချိတ်
ဒါ မင်းရဲ့ သဘောပါပဲ

ဓါးအရွယ်အစားမျိုးစုံ
ထိုးစိုက်ထားတဲ့ မီးဖိုချောင်ဟာ
စန္ဒရားတစ်လုံးပါပဲ
အလွန်တိတ်ဆိတ်နေတဲ့အခါ
ဓါးများရဲ့တုန်ခါနှုန်းများသည်
ဂီတတစ်ခုအဖြစ် သင့် နားထဲကို ရောက်ရှိလာလိမ့်မည်

သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်

ဓါးကို ကိုင်တဲ့လက်တွေ
ဓါးနဲ့ခန္ဓာကိုယ် အကွာအဝေး
ဓါးနဲ့ စိတ်ခန္ဓာ အကွာအဝေး
ပညာသားပါပါ ချိတ်တွယ်ပြီးသား
ဓါးသမားလက်ထဲမှာ
ဓါးဟာ ခြောက်ကြိုးပြီးတဲ့ စုန်း
မသေနိုင်တဲ့ ပုံဆောင်ခဲ
ပွင့်ထွက်နေတဲ့ မီးတောင်။

သင် ပင်ပန်း
သင် နွမ်းနယ်
သင် အားအင်ယုတ်လျော့
သင် လောကထဲက ထွက်ခွာချင်နေတဲ့အခါ
ဓါးတစ်ချောင်းကို ရှေ့မှချ
အဓိပ္ပာယ်ရှိရှိကြည့်ဖူးလား

သွေးဘယ်လောက်ထွက်ထွက်
ဓါးများသည် သွေး၏အရသာကို မသိ
လေထဲမှာ ပျံသန်းမြဲ ပျံသန်းဆဲ

ဓါးသည်
တစ်ခါတစ်ရံ ဇင်ဆရာတော်တပါးလို တည်ငြိမ်
တစ်ခါတစ်ရံ ဂျပ်ပစီတယောက်လို ဗေဒင်ဟော
တစ်ခါတစ်ရံ ကာမရမ္မက်လို ပြင်းထန်
ဓါးသည်
ဓါးများသည်

တစ်ယောက်ဆီက အမှောင်ကို ထုတ်ယူဖို့
ဓါးတွေ လိုအပ်
တစ်ယောက်ဆီက အချစ်တွေ စုပ်ယူဖို့
ဓါးတွေ လိုအပ်

ဓါးသွားတွေကို လျှာဖျားနဲ့ တို့ထိပြီးမှ
မိန်းမတွေရဲ့ နှုတ်ခမ်းကို နမ်းပါ

ဓါးသွားတွေကို ဦးညွှတ်ပြီးမှ
လူတချို့နဲ့ ပေါင်းသင်းဆက်ဆံပါ

တစ်ချိန်တစ်ခါက
ဘုရားရှင်ကို လူတယောက် ဓါးနဲ့ လိုက်ခုတ်လို့
မတ်တပ်ရပ်ပြီး တရားဟောခဲ့ဖူးတယ်

ဓါးများသည်
ဓါးများသည်
ဓါးများသည် ။

ဒီဝသုန်ခက်

Labels:

ဒီကဗျာ ဒီမှာဆုံးပါတယ်

အမှတ်မထင်
ဝင်တိုက်မိတဲ့မထင်မှတ်မှုကနေ
နာမည်တစ်လုံးရလာတယ်။

ဘ၀တစ်လျှောက်လုံး
ခင်ဗျားတို့ချည်းပဲ
မီးနဲ့အဆေးခံနေရတယ်လို့ မထင်နဲ့။

ကျွန်တော့်မှာ အကြံပေးစရာမရှိဘူး။

လမ်းလယ်ကောင်မှာ ရပ်ရင်း
လမ်းခွဲခံရတဲ့စိတ်နဲ့ ၀ါယာတွေရှော့ခ်ဖြစ်လို့
ခင်ဗျားမလိုတာတွေ အကုန်လုံး
ကျွန်တော်ကိုယ်မှာ ပျားစွဲလို့
မတော်တဆမှုနဲ့ တရားဘယ်နှကြိမ်
နေ့ပေါင်း၊ ညပေါင်း၊ လူငယ်ဘ၀အပေါင်း (+) (-)
ခွေးများ၊ သွားများ၊ စိပ်များ
မနက်ဖြန်မှာ ကျွန်တော်လာလို့မရဘူး။


မေ့ဆေးနဲ့အပက်ခံရတယ်
အထူးသဖြင့် အခုလို ၂၁ ရာစု
အသက်ရှုဖို့မေ့နေတဲ့ ဒီကဗျာ။

ဒီမှာဆုံးရမယ်လို့
လျှောကျသွားတဲ့ နေလုံးကြီးကိုကြည့်ပြီး
ဒီကဗျာ ဒီမှာဆုံးလိုက်တယ်။ ။

ဟိန်းမြတ်ဇော်
၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ

Labels:

နတ်ပွဲ

ပုဆစ်တုပ် ယုံကြည်မှုတွေ အငွေ့တလူလူ
အုန်းသီးဘေး ငှက်ပျောဖီးတွေ ရစ်ခွေလို့
အမှည့် မညီဘူး ။

လက်အုပ်ချီထားတဲ့ ဆုတောင်းသံ
အပြစ်ရှိလည်း လွတ်တော်မူပါ
အချစ်ရှိလည်း မစတော်မူပါ ။

အလိုဆန္ဒတွေ အလို မပြည့်လို့
တစ်နှစ်တစ်ခေါက်
မရောက်ဖြစ်ရင် အုတ်တစ်ချပ် လပ်နေသလိုလို
တစ်နှစ်ထက် တစ်နှစ်
ခြေရာတွေသာ ထူထူလာတယ် ။

အနယ်နယ်အရပ်ရပ်က ရိုကျိုးမှုတွေ
ရေစင်ကို
တိုးယူသောက်ရတယ် ။

ယောင်္ကျားတွေက မိန်းမခန္ဓာကိုယ်တွေထဲ ဝင်ပူး
မူးလည်းမူး မြူးလည်းမြူး ထူးလည်းထူး ။

စကားပင်က စခဲ့တဲ့ဇာတ်လမ်း
တူ ထုသံက
နတ်ဒိုးသံလို ညံနေပြီ ။

ရေတွေက အယူတိမ်းခဲ့လို့လား
အခုဘဝမှာ
တံဆိပ်အမျိုးမျိုး အရက်တွေ ၊
တံဆိပ်အမျိုးမျိုး လူတွေ
နတ်ဓားလို
သံချေးလည်း မတက်ဘူး
အသွားလည်း မထက်ဘူး
ပွဲတော်က
ဓားသွေးကျောက်နဲ့
ယိုးမှားဖွယ်...။      ။

လင်းမိုးစွေ
စတိုင်သစ် မဂ္ဂဇင်း၊စက်​တင်ဘာ၊ ၂၀၀၇

Labels:

သက်ငြိမ်

ရေစက်မဆုံချင်တော့လို့
လမ်းဆုံမှာပဲ ဆင်းခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်
စက္ကူစုတ်တွေလို လုံးထွေးလွှင့်ပစ်ပြီး
ပြီးခဲ့တာတွေကို
လက်ဆေးကြွေဇလုံခွက်ထဲ
ထိုးနှစ် ဆေးကြောလိုက်ချင်တယ်။

ကိုယ့်ရင်ထဲ
မိန်းမတစ်ယောက် အလုပ်ရှုပ်နေတုန်းက
ကိုယ့်ပေါဆမှုက
အဆုတ်နဲ့ နှလုံးသားကို မခွဲခြားတတ်ခဲ့ဘူး။

ကိုယ်ဆင်းခဲ့တဲ့အရပ်က
လောင်စာပြတ်ခြင်းပဲ
ကိုယ်ရခဲ့တဲ့ အချစ်က
မီးပုံးပျံလိုပဲ။

အပြစ်တွေများလွန်းလို့
ငြိမ်နေလိုက်ဦးမယ်။

ဝင်းမြင့်

Labels:

တေလေမှတ်တိုင်

ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။
ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ
ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။
လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။
ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။
တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။

တာရာမင်းဝေ

Labels:

အအိပ်ခက်တဲ့အတွေး

အခုအချိန်မှာတော့
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ရဲ့ကြားက
ခရီးလမ်းမပေါ်မှာ
ရုပ်ခန္ဓာတွေကို မောင်းနှင်သယ်ဆောင်နေကြရဲ့ ။
အဲဒီအသက်ရှုသံတွေနောက်မှာ
တိတ်ဆိတ်မှုကြီးတစ်ခုရှိနေတယ်။
အရာအားလုံးကို သူ့ဝမ်းဗိုက်ထဲ
လောဘတကြီးမျိုချထားလို့ပေါ့။
နောက်ဆုံးမှာ သူ့အသက်ရှုသံတွေကိုတောင်
သူက မျိုချပစ်လိုက်တယ်
ငါ့နားရွက်တွေကိုလည်း မျိုချပစ်လိုက်တယ်။
မျက်လုံးကို ဖွင့်လိုက်ပေမယ့်
ဘာမှ ပြေးဝင်မလာဘူး။
မျက်ခွံရဲ့အတွင်းနံရံကိုပဲ
ပိုမိုကျယ်ပြန့်စွာ မြင်နေရ၊
ဘာမှမရှိတော့ဘူးလား
ခြင်ထောင် အမိုး
အိမ်နံရံ ဗီရိုနဲ့
ကြိုးတန်းပေါ်က အ၀တ်အစားများ
အနည်းဆုံး ကိုယ့်လက်ဖ၀ါးတွေပဲ ဖြစ်ဖြစ်ပေါ့
ဒီလိုအဆုံးမရှိတဲ့ဟင်းလင်းပြင်ကြီးထဲမှာ
ငါ အသက်မရှင်နိုင်ပါဘူး
စိတ်ဟာ ပစ္စည်းတစ်ခုလို လွတ်ကျ
ကြောက်အား လန့်အား လှမ်းအဆွဲမှာ
စောင်တစ်ထည်ရဲ့အေးစက်တဲ့အနားစွန်းကို
လက်ထဲမိတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
မျက်လုံးထဲ သူတို့ရောက်မလာနိုင်တာက
သူတို့ကို သယ်ဆောင်လာမယ့်
အလင်းရောင်မရှိလို့ပဲ။
အလင်းရောင်မရှိသရွေ့
မျက်လုံးတွေ ရှိနေတာကိုပါ
ဆုံးရှုံးနေရမှာ သေချာတယ်။
ခွေးတစ်ကောင် ထဟောင်တယ်
စူးစူးဝါးဝါးကလေးငိုသံတစ်သံက
ဟိုးအဝေးက ရောက်လာတယ်။
တိတ်ဆိတ်မှုဟာ
ထိုးဖောက်ခံရ ဘောလုံးတစ်လုံးလို
ပေါက်ကွဲသွားတော့တယ်။
တိတ်ဆိတ်မှုရဲ့အန်ဖက်ထဲမှာ
ငါ့ နားရွက်တွေ ပြန်မြင်ရတယ်။
ပြီးတော့
စက်ရုံတစ်ရုံလို အလုပ်လုပ်နေတဲ့
လူတွေရဲ့အဆုပ်ရယ်
မကောင်းမှုတစ်ခုကို ကျူးလွန်နေရာက
ခွေးဟောင်သံကြောင့် တွန်းဆုတ်သွားတဲ့
လူတစ်ယောက်ရဲ့လက်ရယ်
ကလေးအမေတစ်ယောက်ရဲ့
အိပ်ရေးပျက်ပေမယ့် လှပနေတဲ့
မျက်နာလေးရယ်
ဘယ်လောက်အံ့သြဖို့ကောင်းလိုက်သလဲ 
ငါ မြင်ရတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
အလင်းရောင်မရှိပေမယ့်
အသံတွေသာရှိနေရင်
အဲဒီအရာတွေကို 
နားနဲ့ ကြည့်လို့ ရနိုင်တယ်။
ရေခဲသေတ္တာထဲ အထည့်ခံရတဲ့ရေတွေလို
တဖြည်းဖြည်း အေးခဲသွားတဲ့အခါ
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ကြားက
ခရီးလမ်းမပေါ်မှာ
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်။
လူသားတွေဟာ
သူတို့ရဲ့ဘ၀တစ်ဝက်ကို
ဆုလာဘ်အဖြစ်ရရှိခဲ့ကြပြီး
ကျန်တစ်ဝက်ကိုတော့
အပြစ်ဒဏ်အဖြစ် ရရှိခဲ့ကြရင်
မျက်ခွံရဲ့အတွင်းဘက်နံရံမှာ
ကမ္ဘာကြီးကို နားနဲ့ မြင်ခဲ့ရတဲ့
အခုလိုညမျိုးဟာ
ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို
ဆက်သွယ်ထားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေါ်က
ပြေးလမ်းတစ်လမ်းသာ ဖြစ်တယ်။
နှင်းခါးမိုး
(၁၉၉၅၊ ကမ်းရှာငှက်ကဗျာစာအုပ်မှ)

Labels:

ခေါင်းစဉ်လဲခေါင်းချစရာမရှိတော့

ဒီနေ့သတင်းစာဖတ်ပြီးပြီလား
နံရံမမြင်တဲ့တစ်ယောက်က
နောက်ဆုံးသွေးပုလင်းခွံကိုယူသွားတယ်။
အရေးပေါ်လူနာတင်ကားတစ်စင်းက
သော့ပျောက်နေတယ်။
ဓာတ်မှန်ထဲမှာတံတားတစ်ဝက်ပဲတွေ့တယ်။
ရုပ်မြင်သံကြားက
မြစ်ရေကနေစက်ရုံမီးခိုးပြောင်းသွားတယ်။
လက်မှတ်က
ဖျာလိပ်ထဲမှာသောင်တင်နေတယ်။
သုညက
ခရီးစရိတ်ပြတ်နေတယ်။
ဆေးရုံအပြင်ဖက်က
ဆန်ပြုပ်ဆိုင်လဲပိတ်ထားတယ်။
လိပ်ပြာကအခန်းထဲမှာမျောနေတယ်။
မနက်ဖြန်
မိုးလေဝသသတင်းနားထောင်ပြီးပြီလား
ပြန်ချင်တာ
ဟိုဖက်ကမ်းရောက်နေတဲ့အရိပ်ကလဲ
ကြိုးပြတ်နေတယ် ။

ထက်တည်မြင့်

Labels:

24 May, 2016

လိုနေတဲ့ညနေ

ပုလင်းကို ငှဲ့ချလိုက်တော့လည်း
တကျွိကျွိ ဘရိတ်နင်းသံတွေသာ ထွက်ကျလာခဲ့
အရက်မရှိတော့ဘူးတဲ့။
ခလုတ်ပိတ်လိုက်တဲ့ လက်ညိုးတစ်ချောင်းကြောင့်
စည်းလိုက်နေတဲ့ တစ်ခြားလက်ညိုးတစ်ချောင်း
အရှက်ရသွားပေါ့။
ဒီဓာတ်ငွေ့မီးခြစ်စုတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရ
အရက်မရှိတော့ဘူးတဲ့။
အရက်မရှိတော့လို့
တကယ့်မိတ်ဆွေစစ်ကလည်း ပျော့စိစိ
မာနစစ်စစ်ကြီး မျက်နှာငယ်လို့
ဈေးဆစ်လို့မရတဲ့ နှစ်ဆယ့်လေးနာရီကသာ
အီလည်လည် တင်းခံနေရဲ့။
ဒီကိစ္စ
အားလုံးအပေါ်ပုံချခဲ့
ရာသီဥတု၊ရပ်ကွက်၊သောကြာနေ့
ကမ္ဘာကြီးလည်ပတ်နှုန်း၊နေရာလွတ်
ကြက်ခြေထောက်ရိုး၊ဆိုက်ကား၊မိန်းမ
ရေ၊ယောက်ျားဆောင်းထီး၊စီးကရက်သောက်သုံးသူများ
ဆုံးမစကား…….
ကဲ-အခုတော့
အရက်မရှိတော့ဘူးတဲ့။
လွယ်လွယ်ကလေးကိုတောင်မှ
အငြင်းခံလိုက်ရသူပါ
သူ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။

မောင်ပြည့်မင်း

Labels:

ပေါ့ပါးသောနေ့

အိပ်မယ်၊ စားမယ်
ဝက်တစ်ကောင်လို ငြီးငွေ့ပျက်စီးမယ်။
အလင်္ကာတွေ
အဖွဲ့အနွဲ့တွေနဲ့
ဦးထုပ်က အမှတ်အသားလို
စိတ်ဝင်စားအောင် သွေးဆောင်ကြဦးမယ်။
ဖွဲ့စည်းမှုတွေ
အိမ်ခေါ်မလာနဲ့တော့
မှားသွားလည်း
နောင်တမရတဲ့ လူငယ်ဘ၀လို ဟာသနဲ့နေတယ်။
ဝင်းမြင့်

Labels:

ပြန်ချင်တယ်

ငါ့အပင်လေးတွေကို ဘယ်သူ ရေလောင်းပေးမလဲ
ငါထွက်လာတော့ အပင်လေးတွေ ကျန်ခဲ့တယ်၊
ငါ့အပင်လေးတွေ ငယ်သေးတယ်
ငါ့အပင်လေးတွေ ရေလောင်း ပေးရဦးမယ်
ငါပြန်ချင်တယ်၊ ဒီမှာ မပျော်ဘူး
ငါ ဘာမှ မလိုချင်ဘူး၊ ပြန်ချင်တယ်
ငါ ဒီမှာ မောတယ်၊ ပြန်ချင်တယ်
ငါ့ ကလေးတွေ မျောက်တွေလို ပိန်ကုန်ပြီ၊
ပြန်ချင်တယ်
ငါ ပြန်တယ်၊ အိမ်မှာပဲ နေချင်တယ်
ငါ့ ကြက်မ ဥဆယ်လုံးနဲ့ ဝပ်ကျင်းထဲမှာ
ကျန်ခဲ့တယ်
ငါ ရွာပြန်ပြီး နေချင်တယ်၊ ဒီမှာ နံတယ်၊
စိတ်ညစ်တယ်၊ ပြန်ပဲပြန်ချင်တယ်
စိတ်ချပါ ၊ ငါ ဖြည်းဖြည်းသွားပါ့မယ်။
မောင်ပြည့်မင်း

Labels:

ပန်းချီ

လူဦးခေါင်းနဲ့ နွားဟာ ဆူးထွင်နေ
အပ်က ခွာကို တိုးမပေါက်
အောက်ပိုင်းတိရိစ္ဆာန်ဖြစ်နေတဲ့သတ္တ၀ါတွေ
မြေမြိုရင် အသံနှစ်မျိုးနဲ့အော်
မြက်ခင်းပေါ်ကနေ့လည်စာက မြက်ပင်တွေပါပဲ
ရေနက်လေ မြစ်စောင့်နတ်များလေ
သူ သစ်ငုပ်မှာ ထိုင်တွေးနေတုန်း သစ်ညွှန့်တွေထွက်လာပြီး
သူ့ကို မြိုမြိုသွား
[သူ့အတွေးကို သစ်ပင်မမြိုနိုင်စသဖြင့်လို့ သူတွေးဆဲ ]
အာလူးက မီးလင်း လာတော့ သူတို့မစားရဲတော့ဘူး
တသုန်သုန်လာနေတဲ့လေရူးကို စောင့်ဖမ်းပြီး
Mental Hospital ကို ပို့လိုက်ကြတယ်
နှင်းတောထဲမှာ မဟုတ်လည်း နဂါးစီးရတာ မြင်းစီးရတာထက်ခက်
ရေပတ်လည်ဝိုင်းနေသောကောင်မလေးရဲ့ဖောင်တိန်
ကြောင်လိမ်လှေကားရဲ့ ခရုပတ်ဗဟို
တောင်ပံလေးဘက်ပါသူက နွေရာသီမှာ ပိုအိုက်စပ်ချေ
မဟာကရုဏာတော်တွေရွှဲနစ်နေတာ မြင်မကောင်းသဖြင့်
အိမ်ထဲအမြန်ဝင်ခိုင်းကာ သဘက်နှင့်သုတ်ပေးရ
သရဖူကြောင့်သာမဟုတ်ရင် ဘုရင်မက အရပ်ပုမှာ
ဝိုင်အိုးကျကွဲသွားတော့ အိုးခြမ်းကွဲပေါ်က
ဆေးရေးကျွန်ရုပ်များ ပျားပိတုန်းတွေလို ထွက်ပြေး … ။

သူဝေး

Labels: ,

တိမ်တိုက်ပေါ်က သရဲသဘက်

ဇစ်တစ်ခုကို ဆွဲဖွင့်လိုက်တော့
သူ့ကိုယ်သူ အဆုံးစီရင်ထားပြီးသား
မီးရထားတစ်စင်း ခေါင်းထိုးဝင်လာတယ်။
အထဲမှာ
ငိုသံ ချွေးနံ့
အမည်မဖော်လိုသောစက္ကန့်များရဲ့
အစာအိမ်အံသွားများနဲ့
သန်မာသော လက်ဖျံရိုးတစ်ချောင်း
သြော်
ငါ ဘာတွေပြောနေမိပါလိမ့် ။
နွေရက်များနဲ့ ကြုံခဲ့ဖူးတယ်
သူ့ပုံပြင်တွေကလည်း ကြေကွဲစရာပါ
အိပ်ရေးမဝရှာတဲ့ ပန်းခြံတွေထဲက
လောင်းရိပ်မိနေတဲ့ တနင်္ဂနွေလို ဆွံ့အ
ကျွန်တော့်မှာ ပြောစရာစကားမရှိတော့
ငိုခြင်းက ရက်ရှည်
ဒီအခွင့်အရေးများထဲက
ရှောင်ထွက်ပါ ။
အမေရေ
သားကလည်း သားပါပဲ ညနက်ကြီးထဲမှာ
သီချင်းအော်ဆို ဆဲရေးတိုင်းထွာ
ကျွန်တော့်ကို အိမ်ပြန်ပို့ပါတော့
ပြည်လမ်းမကြီးရယ် . . . .။
ဇော်ဝင်းတင့်
အမှတ်(၂) ပဉ္စမမျိုးဆက်ဖိုင်တွဲ(၂)
1992-93

Labels:

တမ်းတခြင်း

အိပ်မပျော်တာ ရောဂါပဲ
စိတ်ထဲမှာ မီးရောင်စုံထွန်းလို့
တစ်လမ်းဝင် တစ်လမ်းထွက်
ပင့်သက်ထုတ်လိုက်တော့လည်း
အလင်းတန်းကြီးဟာ ထင်းကနဲ
ငါ့အတ္တကလေးပုန်းခိုစရာ
ဘယ်မှာမှ အမှောင်ရိပ်ထောင့်စွန်းကိုရှာမရ
ကြွက်တွေဖြတ်ပြေးနေတယ်
ရေမြောင်းထဲ အမှိုက်သရိုက်တွေပြည့်နေတယ်
အိမ်ခန်းတံခါးတွေ အားလုံးပွင့်နေတယ်
ပြဇာတ်စင်ဆလိုက်မီးအောက်မှာ
ကြောင်တွေ မျက်လုံးစူးတောက်ကြည့်နေတယ်
နာရီတွေရဲ့ လည်ပတ်သံဟာ
ကြိမ်ဒဏ်တွေလို ငါဟာ အိပ်ယာပေါ်မှာ လူးလှိမ့်
မြစ်ဘက်က ဒီရေတွေဟာ ငါ့အိပ်ရာအစွန်းအစပ်ဆီ
ညမိုးသားဖြူဖြူတွေ ရွေ့နေတယ်
ငါ့လိုပဲ အိပ်စက်ခြင်း ကင်းနေကြတယ်
အဓိပ္ပာယ်မဲ့လိုက်လေခြင်း ညထဲ
အိပ်စက်ခြင်းကို ထမ်းပိုး ပြေးနေရသလို
ငါ့ဖြစ်ရှိနေမှုကို မီးမောင်းတွေ ဝိုင်းထိုးနေတယ်
ခွေးတွေ ဝိုင်းဟောင်နေကြတယ်
ကြယ်တွေမနားတမ်းကြွေနေတယ်
ငါ့လည်ချောင်းထဲလည်း
လပြည့်ကဆုန်ဟာ နင်လို့
ညကြီးမင်းကြီး ကျီးတွေ အာနေကြတယ်
အားလုံး အဖြူရောင်တွေချည်းပဲ
အားလုံးထဲမှာလေ
ငါ့အတ္တဟာ ပို၍ဖြူရော်လို့.   .   .။

မိုးဝေး
၂၄-၅-၂၀၁၆

Labels:

နံရံ

ကိုယ့်အတွေးနဲ့ကိုယ်
မနေရတာကြာပြီ ။
ကွေကွင်းရခြင်းသည်လည်း လာဘ်တစ်ပါးပဲ
ဒီနေ့ ဘယ်ကိုမှ သွားစရာ မလိုတော့ဘူး ။
အခန်းထဲမှာ
ဓားပေါက်ကျင့်မယ် ။
မင်းမရှိတော့
ကုတ်အကျီ င်္လည်း ချွတ်စရာမလိုတော့ဘူး
နေရောင်ခြည်လည်း ရစရာ မလိုတော့ဘူး ။

ဝင်းမြင့်

Labels:

ချစ်ကြောင်းကုန်စင်

ဦးခေါင်းပိုင်းသည် နှလုံးဖြစ်၌
သွေးထွက်သော် အကြောင်းမရှိ။

ဓားသို့မမြင်ရ
လက်ကိုင်၌သွေးတို့အရောင်မရှိ။

ကိန်းဂဏန်းဖြင့်နာရီ
အချိန်ဖြင့် အတွေးရေးရေး စေးပျစ်ခြင်းမရှိ။

ခြေဦးတည်ရာ ဝေ့၀ိုက်ကြွေကျနေရုံ
စမှတ်အားအဆုံးသတ်မရှိ။

ဆုံစည်းရာကဖေး
စိတ်ပျက်ကြေးညှော် အားလျော့သမှုစီးကရက် အငွေ့မရှိ။

လက်ဖ၀ါးဖြင့်ခံယူသည်တဲ့
လေမျိုးပေါင်းစုံ ပြည့်လျှံနေသည့်အလား အသက်ရှူစိတ် ဖိတ်လျှံ အသက်ရှင်ကျန်ရစ်သူမရှိ။

စကားတစ်ခွန်းဘွားခနဲ
တိတ်ဆိတ်မှု တစ်ခန်းစာ သူ့အသံနဲ့ ကုသိုလ်များ အသံလားရာ ကြားနာအက်ကွဲ ချို့တဲ့သည်မရှိ။

စကားနှစ်ခွန်း ဖြစ်သည် ပျက်သွားပြန်၏
နှစ်ပေါင်းမည်မျှ |မသေခင်မသေစေနှင့်| သွားနှင့်တော့ အတုမရှိ။

တိမ်ချည်းအစိမ်းရောင်
ကောင်းကင်တစ်ခွင်လုံးနှင်းပန်း ငေးမောစောင့်ကြည့် ယိမ်းခြင်ယိုင်ခြင်းမရှိ။

ချစ်မေတ္တာတရားဆီ လမ်းညွှန်စာအုပ်အဖုံးအ၀ါ
ပျော်ပျော်ရွှင်ရွှင် ပျက်စီးသွားသည်မှာ အိပ်မက်တွင် အိပ်မက်မရှိ။

ခန္ဓာဖြင့် ပြုလုပ်ခြယ်သထားသောညအစဉ် တခြမ်းပဲ့ လ ပရမ်းပတာ
ကြမ်းပြင်အောက်အေးစက် တရံတခါ ပြန်လာသည် မရှိ။

နာမည်အတွင်းသား ဆံပင်တွေ တဟူးဟူး
အူသံ၏ သံသရာ၌ သင်္ချိုင်းသည် ဘ၀မရှိ။

ပြက္ခဒိန် တစ်အုပ်တွင် သက္ကရာဇ်ငှက်များ မည်းနက်လေတော့သည်
အောက်တိုဘာအမှီပြန်လာခဲ့ အမှာပါးလိုက်သည်က မခေါ်မရှိ။

မျက်ရည်အနန္တ တေးမှတ်ပြုစုခဲ့သော စက္ကူဝါးရုံတောအလယ်
အသွေးအသားလိမ်းကျံ ဖြည့်ဆည်းတစ်လမ်းသွား ခရီးမရှိ။

အတိတ်မဲ့ ပစ္စုပ္ပန်အား ကာမဆက်ဆံ ပုဂ္ဂိုလ်ရေးရာ ပထမဆုဗလာမဲ
အရှင်ဘုရား ၊ အရှင်ဘုရားက စိတ်ဝိညာဉ်ကိုပြည့်စုံပါစေဆိုတဲ့ ဆန္ဒ အနာဂတ်မရှိ။

သစ္စာ သစ္စာ သစ္စာ ငယ်ရယ် …
သစ်စက်ဆီအလုပ်လျှောက်လာသူ၏ လက်မောင်းတစ်ဖက် ငုတ်တို ပူသည် အေးသည်မရှိ။

သီချင်း ဆိုညည်းလိုက်သည်က
ဆားငန်ရေမှ မျက်လုံးသို့သမုဒ္ဒရာ
အခေါင်းအစွန်အဖျား အဖုံးမေ့ကျန်ရစ်သည်တဲ့
ဆောက်တည်အပ်သော တစ်ခုထီးတည်းကတိတရား
အရာခပ်သိမ်း သေခြင်းမှီငြမ်းသည်တဲ့
ရင်ခုန်သလောက် မောင်းနှင်ရန်လောင်စာ မင်းရှိစဉ်အခါသည်
အခုမရှိတဲ့။

ဒီအဖြစ်ကမလွတ်သေးသမျှ ငရဲမရှိမှ တကယ်တော့
မင်းရှိနေတယ် ငါ့မှာမရှိ။

တကယ်တော့
ငါ မှ တကယ်မရှိခဲ့တာနေမယ်။ ။

ကောက်ကွေ့

Labels:

23 May, 2016

အရူးများကိုရေတွက်ကြည့်ခြင်း

ဒီတစ်ယောက်ကို ဂျက်ကက်ဝတ်ပေးထားရ
ဒီတစ်ယောက်ကို အိမ်ပြန်လွှတ်လိုက်ရတယ်။
ဒီတစ်ယောက်ကို ပေါင်မုန့်နဲ့အသားပေးပေမယ့်
ဘာကိုမှမစားချေဘူး
ဒီတစ်ယောက်ကတော့ နိုးနိုးနိုးနိုးအော်နေ
တစ်နေကုန်ပါပဲ
ဒီတစ်ယောက် ပြတင်းပေါက်ကိုကြည့်နေတယ်
နံရံဖြစ်နေတဲ့အတိုင်းပဲ။
ဒီတစ်ယောက်အဲဒီမှာမရှိတာတွေ မြင်နေတယ်
ဒီတစ်ယောက်ရှိတာတွေကို။
ဒီတစ်ယောက်ကတော့ နိုးနိုးနိုးနိုးအော်နေ
တစ်နေကုန်ပါပဲ။
ဒီတစ်ယောက် သူ့ကိုယ်သူငှက်လို့ထင်တယ်
ဒီတစ်ယောက်ကတော့ ခွေး။
ဒီတစ်ယောက်သူ့ကိုယ်သူ လူလို့ထင်နေတယ်
သာမန်လူပါပဲ တဲ့။
ပြီး နိုးနိုးနိုးနိုးအော်ပြီးရင်း အော်နေ
တစ်နေကုန်ပါပဲ။

Counting the mad
Donal Justic
မြန်မာပြန်မောင်သာနိုး

Labels: ,

ဗိုလ်ချုပ်ကြီးရဲ့ ပိုင်ဆိုင်မှု

ဗိုလ်ချုပ်ကြီးရဲ့ စားပွဲပေါ်မှာ
ပန်းအိုးတစ်လုံး
ပန်းအိုးထဲမှာ ပန်းငါးပွင့်
ဗိုလ်ချုပ်ကြီးရဲ့ သံချပ်ကာကားမှာ
ပါးစပ်ငါးပေါက်
သံချပ်ကာ ကားရဲ့အောက်မှာ
အသက် ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ ပန်းတစ်ပွင့်
ဗိုလ်ချုပ်ကြီးရဲ့ ပခုံးပေါ်မှာ
ကလေးတစ်ယောက်နဲ့ ကြယ်ငါးပွင့်
ဗိုလ်ချုပ်ကြီးရဲ့ပန်းအိုးထဲ ကလေးငါးယောက်နဲ့ ပန်းတစ်ပွင့်
သံချပ်ကာကား အောက်မှာတော့
ကလေးငါးယောက်နဲ့ ပန်းငါးပွင့်
သံချပ်ကာကားကြီး…. ပါးစပ်တွေ ရေတွက်လို့ကို မဆုံးနိုင်တော့ဘူး။ ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
( 101 Poems Against War စာအုပ်တွင် ပါရှိသော အာရပ်ကဗျာဆရာ Samih Al-quaism ရဲ့ The General’s Property ကဗျာကို ဘာသာပြန်ဆိုပါတယ်။ )

Labels: ,

လှသန်းရဲ့ နောက်ဆုံးနေ့များ

လမ်းပေါ်ထွက်လိုက်တာနဲ့
ရှေ့တန်းစစ်မြေပြင်ရောက်ရသလိုခေတ်ကြီးထဲမှာ
သူနဲ့ကျွန်တော် ကျောချင်းကပ်ခဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်အပြည်နဲ့ လေတွေ
အတူရှူခဲ့
ရောဂါပိုးမွှားအပြည့်နဲ့ ရေတွေ
အတူသောက်ခဲ့
အပေါစားအရက်ပုလင်းတွေ
အတူဖွင့်ခဲ့
ခိုးသားဓားပြထူပြောတဲ့ခေတ်ကြီးထဲမှာ
ကဗျာရေးပြီး
ခွေးလိုအတူဟောင်ခဲ့
လေးစားရမဲ့ မိန်းမတွေကိုအတူလေးစားခဲ့
ပြစ်မှားရမဲ့ မိန်းမတွေကိုအတူ ပြစ်မှားခဲ့
အပျံစားစာအုပ်တွေ
အပျံစားသီချင်းတွေ
အပျံစားရုပ်ရှင်တွေ
အတူခံစားခဲ့
စောက်ရူးတွေအကြောင်း
စောက်သင်းအတူပြောခဲ့
မသေရင် ပြန်တွေ့ကြသေးတာပေါ့ကွာ
မင်းနဲ့ ဖိုးခွားကို ငါ ယုံတယ်
သေလုမျောပါးနဲ့
ရန်ကုန်ဆေးရုံကြီးပေါ်ကတယ်လီဖုန်းသံ
ဘာမှ ပြန်မပြောနိုင်ခဲ့
တစ်ယောက် လျော့သွားပြန်ပြီ
ဇာတ်ရေမလည်သေးခင်
တစ်ယောက်
ထပ်ကျသွားပြန်ပြီ။

‪ကြည်ဇော်အေး‬

Labels:

ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ
သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့
ကျွန်တော့်နှလုံးသားဟာ ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေ ဘယ်သူယူမလဲ
ပျော်ရွှင်စွာ ၊ကြည်နူးစွာ ၊ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမယ့် ၊ တေးသံစဉ်မထွက်နိုင်တဲ့
ကြယ် က လေး ရေ
မင်းပျော်ရဲ့လားကွယ်
ကြင်နာစွာ ၊ မြတ်နိုးစွာ ၊ ဆွတ်ဆွတ်ဖြူလို့
တမဟုတ်ချင်း သန်းကောင်ယံတွေ လင်းစေမတဲ့ ၊
ယုံကြည်စွာ ၊ မျှော်လင့်စွာ ၊ ဆွတ်ဆွတ်ဖြူလို့
စင်တော်ဖွင့်အမှီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့
အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့ ။
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့ လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ဖူးလဲ
လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်
သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်နှလုံးသားထဲ
ကျွန်တော်ရောက်ရှိလာမယ်
ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ်
ကျွန်တော်ရောက်ရှိလာမယ်
ကျွန်တော်ရောက်ရှိလာမယ် ၊ပရိသတ်နှလုံးသားထဲ
သီချင်းတစ်ပုဒ်အဖြစ် ။ 
မောင်သိန်းဇော်
(၁၉၉၄)

Labels:

22 May, 2016

မုတ်ဆိတ်တို့၏ သွားရာလမ်းများ


မာ့က်စ်ရဲ့ မုတ်ဆိတ်ထဲမှာ ‘ ကမ္ဘာ့ကာရန်မဲ့များစည်းလုံးကြ’ တစ်ချောင်းပါတယ်
ဆာတ်က မုတ်ဆိတ်မထားတာဟာ ဖြစ်တည်မှုပဓါန၀ါဒ အစတဲ့
ပင်လယ်ပြင်ထဲ စစ်သဘောင်္တစ်ထောင်စေလွှတ်လိုက်တာ ‘ဟယ်လင်’ရဲ့မုတ်ဆိတ်လား
ကဗျာကိုရှာနေတဲ့ စကားလုံးတွေလို မေးစေ့ကိုရှာနေတဲ့ မုတ်ဆိတ်
မုတ်ဆိတ်ဟာစစ်ဖြစ်နေတဲ့မေးစေ့ရဲ့ စစ်ပြေးမြို့ပဲ
မေးစေ့ရဲ့သမိုင်းမှာ မုတ်ဆိတ်ဟာ စစ်ရှုံးသူ အမှတ်အသား
မာရီလင်ရဲ့ မုတ်ဆိတ်မှာ ကမ္ဘာကြီးမီးစွဲလောင်ခဲ့
လူရာမ၀င်တွေဟာ မီဒီဟာမုတ်ဆိတ်တွေနဲ့ ခံညားကြ
ဆွဲလို့ ဆန့်လို့ ရတဲ့ရာဘာမုတ်ဆိတ်တွေနဲ့ ချီးမြင့်ကြ
လျှပ်စစ်မီးတွေဆင်ထားတဲ့ မြို့တော်ရဲ့မုတ်ဆိတ်
အို…. ပုံသဏ္ဍန်မဲ့လွန်းတဲ့အိပ်မက်များရဲ့မုတ်ဆိတ်
မျက်စိတစ်ဆုံးမှာ သဲကန္တာရရဲ့ မုတ်ဆိတ်မွှေးတွေ တဖွားဖွားလွင့်
ဘ၀ထဲက အနုပညာဟာ မုတ်ဆိတ်ပေါ်က မှဲ့နီလေး(ပြေးနေတယ်)
နာမည်ကျော်မုတ်ဆိတ်ပြာရဲ့ မိုးကာထဲက ကျွန်တော်တို့ထွက်လာတာ
ကျွန်တော့်ပုခုံးပေါ်မှီပြီး မုတ်ဆိတ် တရှုံ့ရှုံ့ ငိုရဲ့
ဒါဟာဖြစ်ခဲ့တယ်၊ မာရီယာမှာ ဖြစ်ခဲ့တယ်၊ မုတ်ဆိတ်မှာ ဖြစ်ခဲ့တယ်
ဒါဟာဖြစ်ခဲ့တယ်၊ မာရီယာမှာ ဖြစ်ခဲ့တယ်၊ မုတ်ဆိတ်မှာ ဖြစ်ခဲ့တယ်
သိပ္ပံနည်းကျမုတ်ဆိတ် တစ္ဆေခြောက်ခံရခြင်းသတင်း
မုတ်ဆိတ်ကနုနု၊ မုန်တိုင်းကထန်ထန်
မုတ်ဆိတ်ကို သတိထား၊ ဘာသာစကားဟာ သူအလုပ်သူကလုပ်လိမ့်မယ်
ကဗျာရေးမယ့်အစား မုတ်ဆိတ်တွေသာ မွေးပါလေ
ဟေ့…….. ကမ္ဘာ့မုတ်ဆိတ်တို့၊ မျိုးအိတ်တွေမှ ထွက်ကြစို့
မုတ်ဆိတ်တရားစီရင်ခန်းမှာ ဒဏ္ဍာရီတွေခိုးသွင်းသတဲ့
စကားလုံးကိုစမ်းလိုက်တော့ မုတ်ဆိတ်ရဲ့အမာရွတ်ကို တွေ့ရှိပေါ့
မုတ်ဆိတ်ပဲကျန် အလံမလှဲစတမ်း ဘန်တိုင်းတီရှပ်တွေ
စက်ရပ်သတင်း၊ မုတ်ဆိတ်ဟာ သူ့ကိုယ်သူ ‘သင်’ လို့ခေါ်နေပြီ
ပြောရေးဆိုခွင့် မုတ်ဆိတ် ခေတ္တရိတ်ခံရ
သူ့မုတ်ဆိတ်ပါ နှုတ်ပိတ်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်း
ပိုစ်မုတ်ဆိတ်သဘောတရားနဲ့ သမိုင်းများလွင့်စင်ခြင်းသမိုင်း
မုတ်ဆိတ်ဗေဒရဲ့ရေသောက်မြစ်သုံးသွယ်အခိုးခံရခြင်း
ဈင်မုတ်ဆိတ်ရဲ့ စိတ်နေစိတ်ထား သုံးသပ်ချက်လက်စွဲကျမ်း
လှောင်ချိုင့်ထဲက မုတ်ဆိတ်တို့ရဲ့ တေးသီသံနံနက်ခင်း
သူတော်စင်တွေမဟုတ်ပေမယ့် သီလမင်တဲ့မုတ်ဆိတ်တွေ
ဆီစွီးဖတ်စ်လှိမ့်တင်တဲ့ နတ်ဘုရားတို့ရဲ့ ရိတ်မရတဲ့မုတ်ဆိတ်
အဲဒါ ကျွန်မအကြိုက်ဆုံး၊ ကျွန်မ အမြဲသုံးတဲ့မုတ်ဆိတ်
သမိုင်းဟာ ငါ့မုတ်ဆိတ်ကို ခွင့်လွှတ်လိမ့်မယ်
တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားတပ်ဆင်ဘို့နဲ့ မုတ်ဆိတ်အင်အားထူထောင်ဖို့
သွား…….. စိတ်ပုပ်………. သူ့မုတ်ဆိတ်ပဲသူချစ်
မုတ်ဆိတ်ဟာ မုတ်ဆိတ်ဟာ နှင်းဆီဟာ နှင်းဆီဟာ မုတ်ဆိတ်ဟာ
မင်းတို့အားလုံး မုတ်ဆိတ်ပျောက်ဆုံး မျိုးဆက်ပဲ
ဘုရားသခင်ဟာ မုတ်ဆိတ်နဲ့ကြွေအံ ကစားနေပြီတဲ့။

ဇေယျာလင်း

Labels:

ကမ္ဘာနှင့် မှော်မဝင်သည့်သင်္ကေတများ

အခုလို
စာမျက်နှာတွေလောင်ကျွမ်းရုံ
အထ္ထုပ္ပတိတွေဆန်းစစ်နေတာပဲ။
အစီအစဉ်အရ
ခမ်းနားစွာစတင်လိုက်ရာ
သဘာဝတရားဟာ
ပွဲတော်ကိုရှည်လျှားစေခဲ့။
မကြာတော့ပါဘူး
မကြာမြင့်တော့ပါဘူး...
စကားလုံး ကတိ ရယ်မောသံ
ဘာသာဗေဒမြင့်မားပုံဟာဖြင့်
အတတ်ပညာရူထောင့်မှ
သရုပ်ဖေါ်ဖို့ပဲလိုတော့တယ်။
ရာသီတွေသွေးပျက်ခဲ့
လေဝင်လေထွက်မကောင်းတဲ့နေ့စွဲတွေနဲ့
ပြက္ခဒိန်တစ်ချပ်
စိုးရိမ်ရေမှတ်ကိုကျော်လာသောအခါ ။

ဝင်းဇော်လွင်
ရှေ့ပြေးမဂ္ဂဇင်း ဇွန်လ ၁၉၉၄

Labels:

အခန်း

ညနေဟာ
ကျီးကန်းတွေနဲ့ ပြည့်နေတယ်။

အာသာမပြေသေးတဲ့ နေရောင်က
သူရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကို ပွေ့ဖက်လို့
ခွဲရအုံးတော့မယ်ပေါ့လေ။

အခုနေ
မြေကြီးပေါ် လမ်းလျှောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ ။

ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တစ်လုံးထဲ ကောက်ထည့်ခဲ့ ။

သူသာ အနားမှာ ရှိရင်
စိတ်ကို ဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ် ။

ညနေဟာ
ကျီးကန်းတွေနဲ့ ပြည့်နေတော့တယ်။

နှင်းခါးမိုး
၂၆.၄.၉၄
(ကမ်းရှာငှက်ကဗျာစာအုပ်မှ)

Labels:

တစ်ကိုယ်တည်း နှစ်ခြမ်း


-စာအုပ်ထဲကအတိုင်း ဖြစ်ခဲ့ရရှာတယ်။
တစ်ခြမ်းက စိတ်ကု ဆရာဝန်၊တစ်ခြမ်းက စိတ်ရောဂါသည်
အိတ်ဇောပိုက် မီးခိုးလုံးမှုတ်ထုတ်သလိုမျိုး အပူတပြင်း
မျှော်လင့်ချက် ပိုက်လိုင်းထဲက သက်ပြင်းဝဲသြဃတွေမှုတ်ထုတ်
သံဝေဂကြီးမားဟန် လေသံ၊မျက်နှာမျက်နှာမှုန်ကုပ်ကုပ် ပုံဖမ်းပြီး
အကာပြဲ့ပြဲ့ အနှစ်မဲ့လှချည်ရဲ့နော်…လို့ တုန်ခါတယ်။
ဒီစကားနဲ့ ရုပ်ရည်ကို ထုတ်ဖော်ကာ ကျန်တဲ့ တစ်ခြမ်းကို
အားတုံ့အားနာဖြစ်လိုက်ဖို့ ကောင်းပေရဲ့
နေ့တစ်နေ့ကို သမ်းဝေပြီး မလှုပ်တလှုပ် ကြိုဆိုနေတဲ့ကောင်။

-တစ်ခြမ်းက ချမ်းသာကြွယ်ဝ၊တစ်ခြမ်းက ဆင်းရဲမွဲတေ
လှိုက်လှိုက်လှဲလှဲ ချွင်ချွင်မြည်သံကို မကြားရလို့လား
ခနော်ခနဲ့ အရွဲ့အစောင်း အဖာအထေးတွေပဲ ရနေလို့လား
ထိမိစမ်းမိကိုင်တွယ်မိသမျှ အရသာ မတွေ့တော့ဘူးလား
ကျွန်တော်…ဘ၀ရဲ့သော့ချက်ကို မမြင်ရဘဲ ဖြစ်နေတာပါ။
ငွေစက္ကူတွေ၊စည်သွပ်ဗူးတွေ၊အ၀တ်စတွေ ဖုံးကွယ်နေလို့
သောက်စရာပုလင်းအမျိုးမျိုး၊တန်ဖိုးကြီးကျောက်မျက်ရတနာ
မော်တော်ကားတွေနဲ့ ဈေးကြီးတစ်ခုလုံး ကွယ်နေလို့
အဓိကသော့ချက်ကို မမြင်ရဘူးလို့ ပြောဦးမှာလား။
ခက်လှချည်ရဲ့…ပြီးစလွယ် လူအထင်ကြီးအောင်
(သုည)ကိုပဲ သမားရိုးကျ ဖျစ်ညှစ် ဖွင့်ဆိုနေတော့တယ်။

-ကျွန်တော်ဟာ လူးလူးလွန့်လွန့်နဲ့ ကွေးကွေးကောက်ကောက်
ဖန်တီးခြင်းခံခဲ့ရတဲ့ ပိုးလောက်လန်း တွန့်လိမ် တွန့်လိမ်ပါ
ဗီဇက ဖန်တီးတာ မခံချင်၊ဖန်တီးရှင်ပဲ ဖြစ်ချင် မြည်တွန်တယ်။
ဖြစ်ချင်တာတွေ မျိုးပွားလာတာ ဘယ်လိုဖြေရှင်းရမလဲ
တစ်ခြမ်းက `သေပျော်ပါပြီ၊ကျေနပ်တယ်´ ပြောပြီး
တစ်ခြမ်းက `ဟဲ့ အရူး ဘာအဓိပ္ပာယ်မှမရှိဘူး´ ထပွက်တယ်။
သူရဲကောင်းက တစ်ခြမ်း၊သိမ်သိမ်ငယ်ငယ် အနုညာတက တစ်ခြမ်း
ငါ့ကို လမ်းလယ်ခေါင်မှာ ကျီစားသန်သန်
ဘယ်သူ စမ်းသပ်လိုက်ပါလိမ့်
ယောင်တိယောင်ချာ ကြောင်စီစီ အိမ်ပြန်ခက်
မျက်စိ လည်နေပြီ။      ။

ထွန်းဝေမြင့်
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊၁၉၉၅

Labels:

လွမ်းလို့ရေးတဲ့ကဗျာ

ညအိပ်ရာဝင်ချိန်တိုင်း
ငါခေါ်ဖူးတဲ့ဖုန်းသံတွေ
နင့်နားစည်ထဲတစ္ဆေလိုခြောက်ပါစေ။

ငါလက်ဆောင်ပေးခဲ့တဲ့
ကဗျာရွတ်သံတွေအစား
ဆူပူကြိမ်းမောင်းသံတွေပဲနင်ရပါစေ။

နင့်ဘဝအောင်မြင်ပါစေ
နင့်အချစ်ကျရှုံးပါစေ
ဒီကဗျာဖတ်မိရင်
နင့်မျက်လုံးတွေကန်းပါစေ။ ။

ပြေညိမ်းမိုဃ်း
May 9 2014

Labels:

ဤသို့ပင် ဝေးခဲ့ပါသည်


၁။
အဲဒီညက သူမနဲ့ ကျနော် မျက်တောင်တစ်ဆုံး ဝေးခဲ့တယ်။
[ တစ်ဘဝစာ….
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
မင်းခိုက်စိုးစန် ]

၂။
အဲဒီညက
သူမ၏ အသံသည် ကျနော်မယုံကြည်ထားခဲ့သောကမ္ဘာမှ လာ၍ ကျနော့်အား ကျနော်ယုံကြည်ထားခဲ့သောကမ္ဘာမှ လွင့်စင်သွားစေသောအခါ
အဲဒီညက သူမနဲ့ ကျနော် တစ်ကမ္ဘာစာ ဝေးခဲ့တယ်။
တကယ်တော့
မျှော်လင့်ချက်ဆိုတာ
အလွန်အကျွံသောက်မိရင်
သေစေတတ်တဲ့ အားဖြည့်အချိုရည်တစ်မျိုးပါပဲ။
ကျနော်၏ မျှော်လင့်မိခြင်းသည် ဥပါဒါန်ဖြစ်၍ သူမ၏ စကားသံတွင် ကျနော်သည် ဥပါဒ်ရောက်ပါသည်။

၃။
အဲဒီညက
သူမသည် ကျနော့်ကို စကားဖြင့် တစ်ခါသတ်၍ ကျနော်သည် သူမကိုချစ်ခြင်းဖြင့် အခါခါသေဆုံးပါသည်။
လက်ချောင်းလေးတွေ ချိတ်ထားနိုင်ရုံနဲ့
တစ်ယောက်ကို တစ်ယောက်ပိုင်ဆိုင်မယ် ထင်ခဲ့ကြ
ဟောဒီကောင်းကင်ကြီးအောက်မှာ
ကျနော့်လိုအရူးတစ်ယောက်ဟာ ပျောက်ရှသင့်ပါတယ်။
အဲဒီညက သူမနဲ့ ကျနော် အခါခါ ဝေးခဲ့တယ်။

၎။
ကျနော်၏ ချစ်ခြင်းသည် အကုသိုလ်တရား ဖြစ်ပါက
သူမသည် ကျနော်ချိုးကပ်ချင်သော ငရဲအိုးကလေး ဖြစ်ပါလိမ့်မည်။
သံသရာကို
သူမရဲ့ဆံပင်နဲ့ တွဲချည်ထားချင်ရုံလေး
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါတယ်။
အကယ်၍ သူမသည် အခြားတစ်ယောက်၏ဖိနပ်တစ်ရံ ဖြစ်ပါက ကျနော်သည် သူမ၏ ဖိနပ်ခွာတစ်စုံ ဖြစ်ပါလိမ့်မည်။
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါသည်။

၅။
သူမရှိရာမြို့တော်သည် စစ်မြေပြင်ဖြစ်၍ ကျနော်သည် မကြာခဏ အရှုံးပေးရန်အတွက် မိုင်ရာချီခရီးကို အပြင်းနှင်ခဲ့သော အညတရစစ်သည်တော် ဖြစ်ပေသည်။
မီးတစ်ပွင့် ပွင့်ခဲ့ပြီးနောက်
စီးကရက်တစ်လိပ်စာ ဝေးခဲ့တယ်။
ခဏခဏ ပြန်,ပြန်တောက်ဖို့အတွက်
ခဏခဏ ပြန်ငြိမ်းပေးခဲ့ရတာပါပဲ။

၆။
အဲဒီညက
သူမသည် အခြားတစ်ယောက်ဖြစ်၍ ကျနော်သည် သူမဖြစ်နေသောအခါ
အဲဒီညက သူမနဲ့ ကျနော် အခြားတစ်ယောက်စာ ဝေးခဲ့တယ်။
အဲဒီညက
သူမသည် သူမသာဖြစ်၍ ကျနော်သည် ကျနော်သာဖြစ်နေသောအခါ
သူမနဲ့ ကျနော်

၇။
ဤသို့ပင် ဝေးခဲ့ရပါသည်။ ။

အေဇင်လတ်

Labels:

သက္ကရာဇ်၂၀၃၀

ငါ ဘာတွေးနေတယ်ဆိုတာ သိနေတယ်ဆိုတဲ့ အကြည်မျိုးနဲ့
ငါ့ကို မကြည့်ပါနဲ့ ။

မင်း ဖွဲ့စည်းပုံ
မင်း သ၀န်တိုတတ်ပုံလေး
ချစ်မိတယ် ။

မင်းကတော့
လိင်ဆက်ဆံချိန်မျိုးမှာတောင်
ကွန်ပျူတာကုဒ်တွေလို ငါ့ကို ဖတ်တယ်
ဘာသာပြန်တယ် ။

မင်း အကြည့်
မင်း အသံ
မင်း Application တိုင်းကို လှိုက်ဖိုမောရ
မင်းဟာ Apple ရဲ့ ဂုဏ်ယူဖွယ် ထုတ်ကုန်တစ်ခုလား ။

ငါ့ကို Googleရဲ့ နောက်ဆုံးမော်ဒယ်လို့ ထင်နေလား
လူလား စက်ရုပ်လား ?

လူလား စက်ရုပ်လား ဟုတ်လား
(ဘာပဲဖြစ်ဖြစ်) အဲဒါ အရေးကြီးလို့လား

ဒါပေမယ့် ငါ မင်းကို ချစ်ပါတယ် ဘေဘီ ။                   ။

ကိုသန်းထွန်း

Labels:

ခွေ့-ခွေ-ခွေး

ဝတ်ပုံစားပုံက `ရက်ပါ´
ဘောင်းဘီက လေးပုံ သုံးပုံ
အတွေးအခေါ်က အရှက်လုံရုံ
ကဗျာက `ကောင်းဘွိုင်´
မိုက်ရိုင်းတယ်
လက်တည့်တယ်

လူက `ဂျစ်ပစီ´
ခု တောင်လေးလုံး
ခု ပြင်သစ်သံရုံး
ကဗျာက `ဘိုဟီးမီးယန်း´
လွတ်လပ်တယ်
ရဲရင့်တယ်

ဝိညာဉ်က
ခု ယူကရိန်း
ခု ဆီးရီးယား
သမုဒ္ဒရာတစ်စင်းပြီး တစ်စင်းကူးလို့
လူထုရဲ့ ခြေပြင်းချချီသံဆီ...တဲ့

ပြောတော့ `ပို့စ်မော်ဒန်ကဗျာဆရာ´
နှလုံးသားက
`အမေချက်တဲ့ ချဉ်ပေါင်ဟင်းလေး´ ...တဲ့
`လွမ်းလို့´... တဲ့
အဲ့လို ကျေးလက်ကဗျာတွေနဲ့
အမေ့ခြေရင်း မြွေလိုခွေ
အမေ့ရင်ခွင် ကြောင်လိုခွေ့
ချွဲတတ်သေး

အမေအိုကြီးခမျာ
ဒီ ဒေါင်းဒိမောင်းဒိကြီး
ဒီ လေးလုံးခြောက်ဖက်ကြီး
ယုံရှာတယ်

`ခွေးကောင်လေးတဲ့´။

ကိုသန်းထွန်း
[ကြည်ဇော်အေး သို့]

Labels:

ရိုစီ

တစ်ခါမှ
မိန်းမကောင်းဟန်မဆောင်ခဲ့သူ ရီုစီ
တွေ့ ဘူးသမျှထဲက အကောင်းဆုံးမိန်းမ

သတ္တိဆိုတာ
အမှန်ကိုရင်ဆိုင်ခြင်းပဲဆိုတဲ့ မင်းစကား
ငါ့ပါးကို ဖြတ်ရိုက်ခဲ့

ဘယ်အချိန်တွေ့ တွေ့ 
ဘယ်သူနဲ့  တွေ့ တွေ့ 
ဟုတ်ကဲ့ ကျွန်မ ရီုစီပါ
သိပ်သစ္စာကြီးတယ်

ကျွန်မလား
ဘယ်တော့မှအလုပ်ကိုဝတ်ကျေတန်းကျေ မလုပ်ဖူး
မတန်ဘူးထင်ရင်
ရှင့်ပိုက်ဆံရဲ့နှစ်ဆပြန်ယူသွားလို့  ရတယ်
တစ်ခုပဲ
နည်းနည်းလေးမှ အနိုင်မကျင့်နဲ့ 
ခဲတံနဲ့လည်း လေပြွန်ဖောက်ပစ်လိုက်လို့  ရတယ်
စီးကရက်အစီခံမီးတို့ ပြီး ပြားလိုက်ရင်
လည်ပင်းကအသားကိုလှီးလို့  ရတယ်
တစ်ယောက်တည်းရပ်တည်နေတာ
ရှင့်ဘက်ကသာ ယဉ်ကျေးလိုက်
အသည်းခိုက်သွားစေရမယ်
ချစ်တတ်အောင်သင်ပေးနိုင်တဲ့ နတ်ဘုရားမ
ယဉ်ယဉ်လေး လှသူ
အာရှဂုဏ်ဆောင် လိင်အလုပ်သမ
ငါ့ညီမအရင်းသာဖြစ်လိုက်ပါတော့လေ

ငါ့စီးကရက် ဆွဲယူဖွာရှိုက်
အသက်တိုမှာမကြောက်ဖူးလားတဲ့
မီးခိုးရောယှက် စကားဆို
ငါ မင်းကို
ကိလေသာထက်ပိုအောင်ချစ်မိခဲ့ပါပေါ့

ရှင့်ပိုက်ဆံတွေ မနှမျောဘူးလား
ငါမင်းကို စကားပြောချင်ယုံပါပဲ
တသိမ့်သိမ့်လှုပ်လို့  ရီုစီရယ်တော့တယ်
မျက်နှာလွှဲပြီး ပြောတဲ့ စကား
သနားစရာပဲ

ဟုတ်ပါရဲ့
အဲဒီပိုက်ဆံ ငါးသောင်းကို
သုံးလတိတိစုခဲ့ရပါတယ်
ငါ့စကားကို နားထောင်ဖို့ 
ငါ့ကိုစကားပြန်ပြောဖို့  အတွက်
ရက်ရက်စက်စက်တန်ပါတယ်
ရီုစီတည်ငြိမ်သွား
မျက်လုံးအရောင်ပြောင်းသွား
ခါးဝင်းဝါဆွဲဖုံး
အပ်ါထည်ကောက်ဝတ်
ငါ့ကိုညင်သာ ဆွဲယူပွေ့ ဖက် တော့
မိခင်လိုမော့ကြည့် ငါငိုတယ်
သူ့  ရင်တခို ရွှဲရွှဲစိုသွားတဲ့အထိ
နှစ်ရှည်မိုးခေါင်ကုန်းရိုးတလျောက်
အငြိုးနဲ့ ဖြိုးဖြိုးဖြောက် မိုးရွာသလို
ငါ့အမေ သေရွာကပြန်လာသလို
ရေတွေ့  တဲ့ ဖားလို
သုံးဆယ့်ငါးနှစ်စာ ငါငိုတယ်

သူ့  မျက်လုံးကို မော့ကြည့်တော့
သွေ့ ခြောက်ကြည်လင် ပကတိမေတ္တာရှင်
ရီုစီဘာလို့  မငိုတာပါလိမ့်
မမေးပဲနဲ့  ရီုစီက ဖြေတယ်
တစ်ဘဝလုံးစာ ကျွန်မ ငိုပြီးသွားပါပြီ
ပြီးတော့
ရှင့်မျက်ရည်တွေရဲ့ မြစ်ဖျားခံရာအထိ
ကျွန်မ သိတယ်
မေ့ပစ်လိုက်ပါ
ကျွန်မအခု ရယ်စရာတွေ ပြောပြမယ်

ကျွန်မဟာ
အာရှရဲ့ တန်ဘိုး
တိုင်းပြည်ရဲ့ စံ
အားလုံးရဲ့ ဂျီဒီပီ
ကျူးကျော်တို့ရဲ့ ဘုရင်မ
နျု့  မော်ဒယ်
အမြင့်မားဆုံးဝယ်လိုအား
အချိန်ကိုက်ဖောက်ကားမှု
သမနိရှည်စီးပွားရေး
သမ္မာအာဇီဝရဲ့ ကျက်သရေ
ရီုးသားမှုရဲ့ ပြယုဂ်
သန့်ရှင်းသောအမွေအနှစ်
ရာဇဝတ်မှုလျော့ချရေး
ယဉ်ကျေးစေသူ မိခင်
ဆုတောင်းပြည့်စေသူ ကဝေမ
နှမချင်းစာနာစိတ်တို့  အရင်းခံ
စားသုံးသူအမြဲမှန် စွန့်ဦးရှင်
တော်ပါတော့ကွယ် ရီုစီရယ်

ငါ ပေါ့ပါးသွားခဲ့ရ
ကော်ဖီသောက်ကြစို့  ရီုစီ
မင်းအတိတ်တွေပါ ထည့်ဖျော်ခဲ့ဆိုတော့
မြားတစ်စင်းလိုဒိုင်းကနဲကြည့်တယ် ရီုစီက
နှုတ်ခမ်းလေးတွန့်ရုံပြုံးရဲ့
လွမ်းအောင်ပြောရမလား
နာအောင်ပြောရမလား
ရှင်ကြားဖူးပြီးသားဇာတ်လမ်းတွေ
တစ်ရာမှာရှစ်ဆယ်လောက်က
ခေါင်းစဉ်တူတွေချည်းပါပဲ
ပြီးတော့
ရှင်ပေးထားတဲ့အထဲမှာအဲဒီအတွက်မပါဘူးလေ
ခဏစဉ်းစားပြီးမှ စိတ်ပြောင်းသွားရှာတယ်
ကောင်းပြီလေ
ရှင်က ဆင်းရဲသားဆိုတော့
အမှန်တရားနဲ ထိုက်တန်ပါပေတယ်  

တရားခံက ကျွန်မပါ
ရုပ်ရှင်ထဲကလို ပထွေးလည်းမရှိပါဘူး
အမေကလည်းဘွဲ့ရ ပါပဲ
ပညာတတ်လို့  မပြောဘူးနော်
ဒါပေမယ့်
ကျောင်းမှာမသင်တဲ့ဘာသာရပ်ကိုပဲ
ရီုစီအသည်းအသန်ဖြစ်ခဲ့တယ်
ဝမ်းကွဲတွေရဲ့အိပ်ခန်းဟာ
ကျွန်မရဲ့ လက်တွေ့ ခန်းတွေပဲ
ဆယ့်သုံးနှစ်ကနေ ဆယ့်ရှစ်နှစ်အထိ
အဖေ ဘုန်းကြီးဝတ်သွားတဲ့အထိ
အမေဘိုင်းခနဲ လဲသေသွားတဲ့အထိ
ကိုယ်ဝန်ပျက်ကျ ဆေးရုံတက်ရတဲ့အထိ
မိဘမဲ့ဂေဟာရောက်သွားတဲ့အထိ
အဲဒီကထွက်ပြေးတဲ့အထိ
ကယ်တင်ရှင်အတုတွေ တွေ့  တဲ့အထိ
ခေါင်းပုံဖြတ်ခံရတဲ့အထိ
တော်လှန်တတ်လာတဲ့အထိ
ဖျားနာနေတဲ့အထိ
ကျန်းမာရေးပြန်လိုက်စားတဲ့အထိ
အခုရှင်နဲ့ တွေ့  နေတဲ့အထိ
နောက်ထပ်ဘာသိချင်သေးလဲအထိ

စနိုက်ပါတစ်ယောက်ရဲ့ကျည်ဆံတွေလို
မျှော်လင့်မထားတဲ့မေးခွန်းတွေ
ပညာရေးစနစ်ကိုရှင်ဘယ်လိုမြင်သလဲ
လူမှုအသိုင်းအဝန်းကိုဘယ်လိုထင်သလဲ
ဘွဲ့ ရ နဲ့  ပညာတတ် သဲကွဲသလား
အပျိုဖော်လူပျိုဖော်ဝင်စ
သွေးသားဆန္ဒ ဖြတ်ကျော်ပုံနည်းလမ်းများ
မထိရောက်တဲ့ပန်းဖလက်များ
ရပ်ကွက်ဗွီဒီယိုရုံကအသံများ
အလင်းရောင်မလုံလောက်မှုများ
ဝင်းခြံမလုံလောက်မှုများ
အိမ်ရှိလူကုန်အလုပ်ထွက်လုပ်ရခြင်းများ
ရီုစီရဲ့ အတွင်းသားတွေ
အရိုးသားဆုံးရီုစီရဲ့ အတွင်းသားတွေ
ဟား  
ငါ့ကိုခဏ နားခွင့်ပေးပါဦး ရီုစီ

ရီုစီရဲ့ စကားတွေနဲ့ 
ငါ တရားထူး ရ ခဲ့
ရီုစီရဲ့ မေးခွန်းများနဲ့  သွေးစွန်းသွားခဲ့တဲ့ ငါ
မင်းလက်နှစ်ဖက်လေးခဏကိုင်ထားပါရစေ
မင်းမျက်ဝန်းတွေခဏပြန်ကြည့်ပါရစေ
အဲသလိုမျိုးလင်းလက်မှုတွေ ငါငတ်နေတာပါ

ခဏကြာတော့
ရီုစီထသွားပြီး မျက်နှာသစ်တယ်
သူ့  စိတ်ကို လျော်ဖွတ်နည်းတစ်မျိုးထင်ရဲ့
သူ့  ဆံပင်တွေ ဖြီးသင်နေပြန်တယ်
ငါတို့  အသံမဲ့လေလေ
နားလည်မှုရေချိန်မြင့်လေလေလား
သွားပေါ်တဲ့အထိပြုံးပြလိုက်ပြန်တယ်
ဖြူစင်လှချည့်
ကြီးမြတ်လှချည့်
သူ့  ပေါင်သားထက်သူ့  သွားတွေကပိုဖြူစင်
သူ့  ရင်သားထက်သူ့  မျက်လုံးတွေပိုကြီးမြတ်
အတွေ့ အထိထက် အတွေးအမြင်ပိုပြင်းထန်တဲ့
ရီုစီရဲ့ ည
တစ်ခေတ်လုံးရဲ့ဖြတ်ပိုင်းမျဉ်းကိုငါရခဲ့
ငါ့အရေပြားကိုဆွဲလှန်ပစ်ခဲ့သူ
ရီုစီ့ခန္ဓာရှိုက်ဖိုထက်
ရီုစီ့ဘဝကွန်တိုဟာ
ဘယ်နှယောက်ကို ကိုယ်စားပြုနေပါသလဲ

ငါဘယ်လိုအိပ်ရမလဲရီုစီရယ်
ကျွန်မတစ်ရေးအိပ်လိုက်ဦးမယ်ဆိုတာကို
ခေါင်းညိတ်ပြရုံလောက်ပဲတတ်နိုင်တယ်

နှစိခြိုက်စွာအိပ်မောကျနေသော အို ရီုစီ
အလှဘုရားမလေးရေ
တိုင်းပြည်ရဲ့ကျောက်မျက်ရတနာလေးရေ
သန်းခြောက်ဆယ်ရဲ့ဂုဏ်ထူးဆောင်လေးရေ
အောက်ဆုံးအလွှာရဲ့အောင်လက်မှတ်လေးရေ
အိပ်မက်ထဲမှာကျောင်းပြန်တက်နေပြီလားကွယ်
ကောင်းမွန်တဲ့မိဘ
သန့်ရှင်းတဲ့ပတ်ဝန်းကျင်
ထိရောက်အသုံးဝင်တဲ့ပညာရေးနဲ့ 
မင်းရဲ့အပျိုဖော်ဝင်စ ကို
လှလှပပဖြတ်ကျော်နေရော့ပေါ့
အကြာကြီးအိပ်ပါကွဲ့  ငါ့ ရီုစီ
ပြည့်စုံကုံလုံတဲ့
အိပ်မက်ထဲမှာ အကြာကြီးနေပါဦး
မင်းနိုးသွားမှာစိုးလို့ 
ငါအံမကြိတ်ဘူး
တက်မခေါက်ဘူး
မီးတောက်နေတဲ့မျက်လုံးများနဲ့ 
ဘယ်ယန္တရားကိုမှ ငါမကြည့်ပါဘူး
တန်တဲ့ဘဝကိုပဲငါတို့  ရ ခဲ့ကြပါတယ်

အိပ်နေရင်းနဲ့
ခစ်ခနဲတစ်ချက်ရီုစီရယ်ပြန်တယ်
မင်းပျော်နေတာ သေချာတော့
ငါ့မှာနာကျင်ခံစားရပြန်တယ်
ရီုစီရေ
ရီုစီရေ
ငါ့မျက်လုံးတွေ မှိတ်
တိတ်တိတ်လေးတိုးတိုးလေး ငါခေါ်နေ
ရီုစီရေ
ရီုစီရေ
ဘုရားဘုရား
ရီုစီတွေက အများကြီးပါလား
ခြောက်ခြားလှချည်ရဲ့

နောက်ဆုံးခြောက်ခြားခြင်းပဲဖြစ်မှာပါလေ

ရီုစီမနိုးအောင်အသာအယာ ထ
မျက်နှာတဝကြီး သစ်ပစ်လိုက်ရတယ်

မျော်လင့်သလိုမဖြစ်တာဟာခေတ်ရဲ့ပေတံလား
ရီုစီနိုးသွားခဲ့ပါပြီ

ကလေးလေးတစ်ယောက်လိုဇဝေဇဝါနဲ့ 
ဘေးဘယ်ညာကြည့်နေရှာတယ်
သဘောပေါက်လွယ်တဲ့ရီုစီဟာ
ငါ့ကိုပြုံးပြဖို့  လိုက်ရှာနေပုံပါ
အခန်းထောင့်အမှောင်ထဲ
ခုံတစ်လုံးဆွဲထိုင်နေတဲ့ငါ့ကိုတွေ့ မှ
သက်ပြင်းဖွဖွချနိုင်တယ်
ဘယ်အသက်အရွယ်အထိမင်းလှမှာမို့လဲရီုစီ
ငါ့အတွေးကိုမျက်လုံးဝင့်ကြည့်တယ်
ပြီးတော့တစ်ခွန်းချင်းပြောတယ်
ကျွန်မဘဏ်မှာပိုက်ဆံစုထားတယ်
အိုး ရီုစီ
မင်းဟာငါ့ကိုပျော်ရွှင်စေသူပဲ
ငါ့သောကကိုချေဖျက်နိုင်သူပဲ
မျက်လုံးကိုဖတ်နိုင်တဲ့စုန်းမပဲ
ငါ့ကိုယ်ငါသာမုန်းခွင့်ပြုပါကွယ်

ရီုစီရေ
မိုးလင်းတော့မယ်
မဲမှောင်တဲ့မင်းအခန်းလေးဆီမင်းပြန်ဖို့  သင့်ပြီ
တစ်ခုတည်းသောမင်းပြူတင်းပေါက်ကို
ဖွင့်ထားပြီးမှ နားပါလေ
တခြားလူတွေလိုလိုက်မပို့  နိုင်တာခွင့်လွှတ်ပါ
ငါအပြင်မထွက်တာနှစ်များစွာ ကြာပြီ

အဲဒီနှစ်များအတွင်း
မင်းဟာ
ပထမဆုံးနဲ့  နောက်ဆုံးမိတ်ဆွေပါ

ဘာ
အပြစ်ဝန်ခံရမယ် ဟုတ်လား
မင်းကသင်းအုပ်ဆရာလားကွ
ရှင်အမှားတစ်ခုခုကျူးလွန်မထားပဲ
အခန်းထဲမှာဒီလောက်အကြာကြီးမနေဘူး
သွားစမ်းပါ အပျက်မ ရီုစီရယ်
ငါ့ကိုဒေါသထွက်အောင်မလုပ်ပါနဲ့ 
ဒါဆိုကျွန်မလည်း မပြန်တော့ဘူး
ရီုစီ ထိုင်ချလိုက်လေရဲ့
အရုဏ်မလာခင်အမှောင်ဆုံးအခိုက်အတန့်  မှာ
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်
ရီုစီနဲ့  ငါ
အတော်ကြာကြာအထိ
အသံမဲ့အားပြိုင်နေမိကြ
ဗြုန်း ဆို
ပြူတင်းပေါက်ကိုရီုစီပြေးဖွင့်တယ်
အား  
ရီုစီ မလုပ်နဲ့  မလုပ်နဲ့  အခုချက်ချင်းပြန်ပိတ်
ရီုစီရေ
ငါအရှုံးပေးပါပြီကွယ်
ငါပြောပြပါ့မယ်
အဲဒီပြူတင်းတံခါးကိုပိတ်ပြီး
ငါ့အနားမှာလာထိုင်ပါ

ငါဟာ
အလင်းရောင်ကိုမကြည့်နိုင်တော့တဲ့ မျက်လုံးပိုင်ရှင်ပါ
ငါ့မျက်လုံးတွေဟာ
အလင်းဒဏ်ကိုမခံနိုင်တော့ပါဘူး
အမှောင်ထဲမှာလည်းမနေချင်တော့ပါဘူး ရီုစီရယ်
ဘယ်မှာဖြစ်ခဲ့တယ်
ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာလည်း
မင်းမသိချင်ပါနဲ့  တော့
မပြန့်  ပွားသင့်တဲ့အထဲမှာ
အမုန်းတရားလည်းရှေ့ ဆုံးက ပါတယ်
မထွန်းကားသင့်တဲ့စနစ်ထဲမှာ
သည်လောအော့ ဖှစ်ရှ် လည်းရှေ့ ဆုံးက ပါတယ်
ငါဘယ်သူ့  ကိုမှ မနာကျည်းပါဘူး
ဘယ်သူ့  ကိုမှလည်း
ငါ့အတွက်မနာကျည်းစေချင်ပါဘူး
ငါ့သမိုင်းကို ငါ ရေးပြီးပါပြီ

ငါဟာ
နောက်ဘဝမှာ
အလင်းရောင်ထဲမှာနေနိုင်မှာ သေချာရဲ့
ငါကျောင်းပြီးအောင်တက်နိုင်မှာလည်းသေချာရဲ့
ငါ့မိဘတွေကို
စိတ်မဆင်းရဲစေမှာလည်း သေချာရဲ့
စနစ်ပြောင်းပြီးခေတ်ကောင်းနေမှာလည်းသေချာရဲ့    
ပြီးတော့
မင်းနဲ့  ပြန်တွေ့  မှာလည်း သေချာရဲ့
သန့်စင်တဲ့နှင်းဆီပန်းလေးအဖြစ်နဲ့  ပေါ့
အိုး ရီုစီရေ
မင်းဟာ
ငါတွေ့  ဖူးသမျှထဲမှာ
အညင်သာဆုံးတစ်ယောက်ပါ
ငါ့ကိုကျေနပ်စေသူ
ငါ့ဘဝရဲ့ ဥာဏ်အလင်း
ခေတ်ရဲ့ကြေးမုံပြင်
တိုင်းပြည့်လည်ဆွဲလေးရီုစီရေ
မင်းပြန်လို့  ရပြီ မဟုတ်လားကွယ်

ရီုစီဟာ
အသာအယာထိုင်ပြီး
ငါ့ကိုကန်တော့နေလေရဲ့
အသာအယာပြန် ထ ပြီး
ခြေညီညီရပ်
ခါးမတ်မတ်နဲ့ 
ဖြောင်းကနဲငါ့ကိုအလေးပြုလိုက်  ပါလေရော
အကြာကြီး
သူ့  မျက်ခုံးမွှေးနားက သူ့  လက်ဖဝါး
တဆတ်ဆတ် တုန် လို့ 

ငါလည်းဖြောင်းကနဲပြန်အလေးပြုလိုက်တယ်

ငါ့နှုတ်ခမ်းကိုတင်းတင်းစေ့
အံကြိတ်ထားတယ်
မငိုဘူး
ငါ မငိုတော့ဘူး
ငိုစရာလည်းမလိုတော့ဘူးလေ  
ခေတ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုထားတဲ့
တိုင်းပြည့်မျက်ရွဲ ရင်ခွင်ထဲမှာ
ညဦးပိုင်းကတည်းက
ဝအောင်ငိုခဲ့ရပြီးပြီ
ငါ့လက်ကိုအောက်ပြန်ချတယ်
သက်ပြင်းချတယ်
ရီုစီ့ကိုနောက်ဆုံးအနေနဲ့  ပြုံးပြတယ်
ကုတင်ပေါ်မှာ
အသာအယာလှဲနေလိုက်တော့တယ်

စလင်းဘက်ကိုလွယ်လိုက်တဲ့ရီုစီဟာ
အခန်းတံခါးကိုပြန်ပိတ်ပေး
တဒေါက်ဒေါက်နဲ့  ပြေးဆင်းသွားလေရဲ့
ငါတစ်ယောက်တည်းပြုံးလိုက်တယ်

နောက်တစ်နေ့  ညနေမှာ
ခြေသံတဒေါက်ဒေါက်ပေးပြီး
ရီုစီပြေးတက်လာဦးမှာ ငါသိတာပေါ့
ကုတင်ပေါ်ကငါ့ရုပ်အလောင်းရဲ့
အသုဘရှင်အဖြစ်နဲ့  လေ

သူ့  အစ်ကိုပါ လို့  သူပြောမယ်
တစ်ခေတ်ထဲမွေးတဲ့
မောင်နှမအရင်းတွေပါလို့  သူ ပြောမယ်
တစ်ခေတ်လုံးကိုယ်စား
ငါ့အလောင်းကိုကောင်းကောင်းသင်္ဂြိုဟ်ပါလိမ့်မယ်
သူ ငိုမှာမဟုတ်ဘူး
ကျေးဇူးအထူးတင်ပါတယ် ရီု စီ ။  ။

                                        ကိုဇော်(ကလေးမြို့)
                                          25.1.2016.

Labels:

ဝမ်းနည်းမှတ်တမ်း

ပန်းပင်လေးအဖြစ်ကရင်နင့်စရာ
ကောင်းကင်ကြီးအနမ်းကြောင့်
သူ့ခမျာ
ပန်းပွင့်ရရှာ။

သက်တန့်ကြီးအဖြစ်ကသနားစရာ
နတ်သမီးလေးတစ်ပါးအပြုံးကြောင့်
သူ့ခမျာ
ခါးကုန်းရရှာ။

မိန်းကလေးအဖြစ်ကဝမ်းနည်းစရာ
သူ့အချစ်တွေ ကျစ်ဆံမြီးလေးကျစ်ပြီး
သူ့ဘဝရဲ့ကျောဘက်မှာ
ချထားရရှာ။ ။

မောင်သိန်းဇော်
(၁၉၈၇)

Labels:

ကျောရိုး

စိတ်တွေကိုအတောင်ဖြန့် သလိုဖြန့် ကြည့်တယ်
ကောင်းကင်ကမကျယ်ဘူး..။

ဟောဒီလေထုထဲမှာ
မှုန်မွှားမွှားသန့် စင်မှုတစ်ခုတစ်လေများတွေ့ မလား
မျက်လုံးတွေဖျားနေခဲ့တာကြာပြီ..။

ဒီတစ်ခေတ်မှာ
ငါနှစ်သက်တဲ့ဟာသ
လူတွေကမရယ်ကြဘူး ။ ။

ပန်းရိပ်ဖြူ
Jan. 2003 .Image

Labels: