26 May, 2016

နတ်ပွဲ

ပုဆစ်တုပ် ယုံကြည်မှုတွေ အငွေ့တလူလူ
အုန်းသီးဘေး ငှက်ပျောဖီးတွေ ရစ်ခွေလို့
အမှည့် မညီဘူး ။

လက်အုပ်ချီထားတဲ့ ဆုတောင်းသံ
အပြစ်ရှိလည်း လွတ်တော်မူပါ
အချစ်ရှိလည်း မစတော်မူပါ ။

အလိုဆန္ဒတွေ အလို မပြည့်လို့
တစ်နှစ်တစ်ခေါက်
မရောက်ဖြစ်ရင် အုတ်တစ်ချပ် လပ်နေသလိုလို
တစ်နှစ်ထက် တစ်နှစ်
ခြေရာတွေသာ ထူထူလာတယ် ။

အနယ်နယ်အရပ်ရပ်က ရိုကျိုးမှုတွေ
ရေစင်ကို
တိုးယူသောက်ရတယ် ။

ယောင်္ကျားတွေက မိန်းမခန္ဓာကိုယ်တွေထဲ ဝင်ပူး
မူးလည်းမူး မြူးလည်းမြူး ထူးလည်းထူး ။

စကားပင်က စခဲ့တဲ့ဇာတ်လမ်း
တူ ထုသံက
နတ်ဒိုးသံလို ညံနေပြီ ။

ရေတွေက အယူတိမ်းခဲ့လို့လား
အခုဘဝမှာ
တံဆိပ်အမျိုးမျိုး အရက်တွေ ၊
တံဆိပ်အမျိုးမျိုး လူတွေ
နတ်ဓားလို
သံချေးလည်း မတက်ဘူး
အသွားလည်း မထက်ဘူး
ပွဲတော်က
ဓားသွေးကျောက်နဲ့
ယိုးမှားဖွယ်...။      ။

လင်းမိုးစွေ
စတိုင်သစ် မဂ္ဂဇင်း၊စက်​တင်ဘာ၊ ၂၀၀၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home