28 July, 2020

အေးစက်



ရသမျှ ကျေနပ်ရမှာပါ
ကိုယ်စိုက်သလောက် မစားခဲ့ရ
ကိုယ်မစိုက်ပေမယ့် စားခဲ့ရ မျှပါတယ်။
အပြင်မှာ မိုးတွေရွာနေတုန်းလား
"ချမ်းလိုက်တာ
အဲယားကွန်း ပိတ်ပေးပါလား ဟင်" တဲ့
အိပ်ချင်မူးတူးသံနဲ့
ကိုယ်ပိတ်ပေးခဲ့ပါတယ်။
စွမ်းအင်ချွေတာသူကြီးလို့ ခင်ဗျားတို့ထင်ဖို့
နောက် အားနည်းသူကို ညှာတာတတ်သူကြီးလို့
ခင်ဗျားတို့ထင်ဖို့
နောက် သူမကိုဆက်မချစ်ရမှာ စိုးလို့။ ။

မောင်ပြည့်မင်း

Labels:

27 December, 2018

လျှာထိုးဦးထုပ်



လက်အစုံပူးချည်

ကဗျာဆရာဖြစ်ခဲ့ရ

အောင်ချိမ့်ဖြစ်ခဲ့ရ
"မင်းက အောင်ချိမ့်လား"။

မောင်ပြည့်မင်း
မိုးမခ။ သြဂုတ်။ ၂၀၁၈


(unicode)

လျှာထိုးဦးထုပ်

ဒုန်းစိုင်းမြင်းကောင်နောက်
လက်အစုံပူးချည်
တရကြမ်း လျောတိုက်ပါခဲ့ရ

အသက်ဖွေးဖွေး လှုပ်ခါမှ
ရေအေးအေး တစ်ခွက်သောက်ခဲ့ရ
ကဗျာဆရာဖြစ်ခဲ့ရ

အောင်ချိမ့်ဖြစ်ခဲ့ရ
"မင်းက အောင်ချိမ့်လား"။

မောင်ပြည့်မင်း
မိုးမခ။ သြဂုတ်။ ၂၀၁၈

Labels:

13 June, 2016

အင်္ကျီတစ်ထည်ရဲ့ အသက်ရှူသံ

ဟိုတုန်းကတော့
ဟိုတုန်းကလိုပေါ့ လေ ။

အဲဒီတုန်းက
ရင်ကော့ကော့ လူကြွား
စကားခပ်များများ အကောင်ပေါ့
အခုတော့
စပို့ရှပ် ရောင်းနေပါတယ်။

ဝယ်ပါ ကလေးရဲ့
ဦး ရောင်းတဲ့အထည်မှာ
ကမ္ဘာကြီးကိုကောင်းစေချင်တဲ့
ခေါင်းနှစ်လုံးရဲ့အပေါ်က
ဆံပင်တွေကို ဖြီးသင်ဖို့
ဘီးတစ်ချောင်းရဲ့ အဖိုးအခ
ပါ ပါတယ်။

ဝတ်ကြည့်စမ်းပါ
ကာတွန်းရုပ်အရောင်
တောက်တောက်ကြီးတွေ
ဒီအင်္ကျီမှာ ဆေးခြယ်
ထားတယ်လေ။

အေးတဲ့အချိန်အတွက် ခပ်ထူထူ
ပူတဲ့အချိန်အတွက် ခပ်ပါးပါး
ပထမတန်းစား ချပ်ဝတ်တန်ဆာ
ဘိုဆန်ဆန် စပို့ရှပ်ကလေးတွေပါ
ခန္ဓာကိုယ်ရဲ့အရှုပ်အထွေး
ဘေးကလူတွေ မသိစေရ
လုံးဝ စိတ်ချရပါတယ်။

ဝတ်စမ်းပါ ကလေးရဲ့
နိုင်လွန်ချည်နဲ့ချုပ်တဲ့အထည်
လေထုညစ်ညမ်းမှုကို ကာကွယ်လိမ့်မယ်
အဲဒီချုပ်ရိုးတွေမှာ
အယ်ကိုဟော မပါ
မှောက်ထားတဲ့ဖဲတစ်ချပ် မပါ
အဗြဟ္မာ့စရိယ မပါ
မစ္ဆရိယ မှဲ့တစ်ပေါက် မပါ
တစ်သက်လုံးတွက်တာ အာမခံလိုက်ပါရဲ့။

ကြည့်သွားပါဦး ကလေးရယ်
မျက်လုံးတွေရဲ့ငါးမျှားချိတ်
စွပ်စွဲမှုဒီဇိုင်း အင်္ကျီဆင်
ပျော်ပျော်ရွှင်ရွှင် ၀တ်လိုက်စမ်းပါ။

ဝယ်ပါ ကလေးရဲ့ … ဒါပေမယ့်
အင်္ကျီချိတ်မှာချိတ်ထားတဲ့အထည်
တွေကြားက
အင်္ကျီချိတ်မှာချိတ်ထားတဲ့ဈေးသည်
ကိုတော့
မှားဝယ် မသွားမိပါစေနဲ့ ။     ။


မောင်ပြည့်မင်း
ဟန်သစ် ၊ ဇူလိုင် ၊၁၉၉၁

Labels:

24 May, 2016

လိုနေတဲ့ညနေ

ပုလင်းကို ငှဲ့ချလိုက်တော့လည်း
တကျွိကျွိ ဘရိတ်နင်းသံတွေသာ ထွက်ကျလာခဲ့
အရက်မရှိတော့ဘူးတဲ့။
ခလုတ်ပိတ်လိုက်တဲ့ လက်ညိုးတစ်ချောင်းကြောင့်
စည်းလိုက်နေတဲ့ တစ်ခြားလက်ညိုးတစ်ချောင်း
အရှက်ရသွားပေါ့။
ဒီဓာတ်ငွေ့မီးခြစ်စုတ်ကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရ
အရက်မရှိတော့ဘူးတဲ့။
အရက်မရှိတော့လို့
တကယ့်မိတ်ဆွေစစ်ကလည်း ပျော့စိစိ
မာနစစ်စစ်ကြီး မျက်နှာငယ်လို့
ဈေးဆစ်လို့မရတဲ့ နှစ်ဆယ့်လေးနာရီကသာ
အီလည်လည် တင်းခံနေရဲ့။
ဒီကိစ္စ
အားလုံးအပေါ်ပုံချခဲ့
ရာသီဥတု၊ရပ်ကွက်၊သောကြာနေ့
ကမ္ဘာကြီးလည်ပတ်နှုန်း၊နေရာလွတ်
ကြက်ခြေထောက်ရိုး၊ဆိုက်ကား၊မိန်းမ
ရေ၊ယောက်ျားဆောင်းထီး၊စီးကရက်သောက်သုံးသူများ
ဆုံးမစကား…….
ကဲ-အခုတော့
အရက်မရှိတော့ဘူးတဲ့။
လွယ်လွယ်ကလေးကိုတောင်မှ
အငြင်းခံလိုက်ရသူပါ
သူ သီချင်းဆိုပြီး ပြန်လာခဲ့တယ်။

မောင်ပြည့်မင်း

Labels:

ပြန်ချင်တယ်

ငါ့အပင်လေးတွေကို ဘယ်သူ ရေလောင်းပေးမလဲ
ငါထွက်လာတော့ အပင်လေးတွေ ကျန်ခဲ့တယ်၊
ငါ့အပင်လေးတွေ ငယ်သေးတယ်
ငါ့အပင်လေးတွေ ရေလောင်း ပေးရဦးမယ်
ငါပြန်ချင်တယ်၊ ဒီမှာ မပျော်ဘူး
ငါ ဘာမှ မလိုချင်ဘူး၊ ပြန်ချင်တယ်
ငါ ဒီမှာ မောတယ်၊ ပြန်ချင်တယ်
ငါ့ ကလေးတွေ မျောက်တွေလို ပိန်ကုန်ပြီ၊
ပြန်ချင်တယ်
ငါ ပြန်တယ်၊ အိမ်မှာပဲ နေချင်တယ်
ငါ့ ကြက်မ ဥဆယ်လုံးနဲ့ ဝပ်ကျင်းထဲမှာ
ကျန်ခဲ့တယ်
ငါ ရွာပြန်ပြီး နေချင်တယ်၊ ဒီမှာ နံတယ်၊
စိတ်ညစ်တယ်၊ ပြန်ပဲပြန်ချင်တယ်
စိတ်ချပါ ၊ ငါ ဖြည်းဖြည်းသွားပါ့မယ်။
မောင်ပြည့်မင်း

Labels:

26 March, 2016

ပုဂ္ဂလိကဆန်ဆန်ကဗျာ


လက်ဆောင်ရတဲ့ သရက်သီးတစ်ပွဲ
ကိုယ်တို့စားပွဲမှာ ချိုပါတယ်
ခင်ခင်ပျို ချိုသလို ချိုတယ်။

အရေးတကြီး
ပျာယီးပျာယာ ၀င်လာသူတွေကို မြင်ရတော့
အရင်ရောက်နှင့်သူ လူနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်၊ ပြုံးစေ့စေ့ ဖြစ်လို့ ။

ခြေထောက်ဆန့်လို့မရ၊ ခါးလှည့်လို့မရ
လှည်းလေးထဲမှာ ကျဉ်းကျဉ်းခွေ့ခွေ့
ဒါကိုပဲ သဘောတွေ့ကြ

တို့ ညီအစ်ကိုတစ်တွေ တိုရေရှားရေ ချစ်ကြရ
ချွေချွေတာတာ ချစ်ကြရ
တစ်ယောက်တစ်လှည့်စီ ဂျိုကာဖြစ်ကြ
တစ်ယောက်တစ်လှည့် မီးပျက်ကြ
တစ်ယောာက်တစ်လှည့် စက်ပိတ်ထားကြ
သေသွားခဲ့သူတွေကိုလည်း အလှည့်ပေးကြတယ်။

သိပ်နောက်ကျသွားရင် ဒုက္ခ
မိုးရွာချလိုက်ရင် ဒုက္ခ
စဉ်းစားမိကြပုံမရ
ချွေးစေးတွေနဲ့ ပျော်ရပြီးရော ကိုယ့်လူတွေ

အိုကြီးအိုမတွေပါ ၊ ဘာကိုများ မက်မက်စက်စက် ။

မောင်ပြည့်မင်း
ကဗျာ့အသံအစီအစဉ် ၆ မှ

Labels:

06 February, 2016

တမ်းတခြင်း

အို...ဘယ်လို ငြိတွယ်မှုကြီးပါလိမ့်

မြေကြီး၊ မိုးကောင်းကင်၊ ပင်လယ် အားလုံးစီစဉ်ပြီးကာမှ
အ၀တ်လျှော်စက်ထဲက ဖြူဖွေးတွန့်ကြေထွက်လာရ
ဒီတစ်ခါလည်း ကျွန်တော်ဆုံးရှုံးခဲ့ရပြန်ပေါ့

သူ့ရုပ်ပုံကိုသာ စွဲလမ်းခြင်းကြီးခဲ့
ပျော်မှားခွင့်များစွာ ခေါင်းတွင်တွင် ခါပစ်ခဲ့၊ ဒါပေမယ့်လေ
ယုတ်မာခြင်းတွေ တဖွဲဖွဲကျနေတဲ့ တစ်နေရာရာမှာ
မကောင်းဆိုးဝါးတွေ မြူးလွန်းတဲ့တစ်ညမှာ
သူ့ ကိုယ်ငွေ့နွေးနွေး အေးစက်သွားလေပြီလား။

ကျန်ရစ်ခဲ့သူတွေကြား
ကူသူဝေးပန်းတို့ ဆို့နစ်သွားတာသာ မြင်နေရရဲ့

ရှုံးခဲ့ရပြန်ပေါ့
ဒီကွင်းထဲမှာတော့ 'ဖြူစင်သောဘ၀'ဆိုတာ
ခြေကျိုးသွားရှာတဲ့ ပြိုင်မြင်းတစ်ကောင်ရဲ့ နာမည်ပါပဲ။

မောင်ပြည့်မင်း

Labels:

29 January, 2016

ကြိုးညှိသံ

လက်ချောင်းတို့ရဲ့ တန်ခိုး
သံမဏိကြိုးကို လွှဲယမ်း
လေထဲတုန်ခါ
အသံ...တဲ့ ၊ သူ ဖြစ်လာခဲ့ပြီ။

သေချာပေါက်မှားယွင်းမှုကြောင့်
သစ်သားဂူထဲက စင်ထွက်
လူမြင်ကွင်းထဲ "ဒေါင်"ခနဲ ပြုတ်ကျလာ
နောက် ဒေါင်ခနဲ ပြုတ်ကျလာ ၊ ဒေါင်
မီးပွင့်ရောင်စုံကြားမှာ
ထော့ကြိုး ထော့ကြိုးနဲ့ တင်ဆက်နေလေရဲ့။

"ဟင်.....ဒီလိုပဲလား"
"'ဒီလိုပဲလား.....ဟင်"

ရွှေပွဲလာတို့
မျက်ခုံးတွေ တွန့်ခေါက်
နှုတ်ခမ်းတွေ တွန့်ခေါက်
နားရွက်တွေ တွန့်ခေါက်
စိတ်တွေ တွန့်ခေါက်ကောက်ကွေးလို့။

ထ,မပြန်ကြပါနဲ့ဦး အစ်ကိုတို့ရေ
တော်ကြာ သီချင်းလာတော့မှာ ။

မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာ

Labels:

ဟိုး အဝေးဆီကို

စိတ်ကူးယဉ်လို့ရ
မှန်းကြည့်လို့ရ
ဒါပေမဲ့ ကျွန်တော်သွားလို့မရ
ကျွန်တော့် ဇုန်ထုတ်ကားနဲ့
ကျွန်တော့် အလုံအလောက်လောင်စာဆီနဲ့
ကျွန်တော်သွားလို့မရ
မစတာ မြတ်သစ်ရေ ကျွန်တော်သွားလို့ မရ
မစတာ အကိုကြီးရေ ကျွန်တော်သွားလို့ မရ
အဝေးကြီးဆိုတော့ ကျွန်တော်သွားဖို့
ကော်ဇောပျံမရှိ၊ သွားလို့မရ
ဟာ - အဲဒီမှာ အရမ်းအေးနေတာ
ရွာမှာ အဖျားအနာ ထူးထူးထွေထွေ မရှိကြ
ဒါပေမဲ့ သွားလို့မရ
လူကရိုးတော့ အားလုံးက ခင်ကြ
သွားဖို့ကတော့ သုဉ်းဝ
အာရုံကျနေကြသလား ခင်ဗျားတို့
သူ ကျွမ်းကျင်တဲ့အလုပ် သူလုပ်ပါစေတော့လား ခင်ဗျားတို့
ဘာပဲဖြစ်ဖြစ် မြင်းအလုပ် မြင်းလုပ်
ပြိုင်ကွင်းထဲမှာ ပြေးပွဲ၊ လှည်းဆွဲ ၊ ကုန်ဆွဲ
ပျော်နေမှာပါ မြင်းပဲလေ
သူ မြင်းပဲလေ ပျော်မှာပါ
'မည်သူကမျှ တစ်ရက်လုံးလုံး
မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
သုံးရက်ဆက် မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
လေးရက်ဆက် မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
ရူးသွပ်သောရောဂါလည်း မဖြစ်နိုင်
တွေဝေထိုင်းမှိုင်းလည်း မနေ
ယုံကြည်စွာကိုးကွယ်ပါ၏ ဓာရဏပရိတ်တော်'
ကျွန်တော်ကတော့ ဖြုတ်ပြီးတော့ ထုတ်ထားလိုက်ပါပြီ
ထုတ်ပြီးတော့ တစ်ဖန်ပြန်မထည့်တော့ပါ
ဒါ သီအိုရီကိစ္စ၊ အစကတည်းက
ကျွန်တော်ကျကျနန စဉ်းစားခဲ့ပြီးသားပါ
မစတာ ကိုယ့် လူရေ
မစတာ ယောင်းမ်ရေ
စိတ်မကောင်းပါဘူးဗျာ ၊ ခွင့်လွှတ်ပါ ။

မောင်ပြည့်မင်း
မြန်မာသစ် ၊ ဇန်န၀ါရီ ၊ ၂၀၁၁

Labels:

21 August, 2015

လက်တဖက်ကိုမြဲနေအောင်ကိုင်ထား


မင်းနေနေတဲ့ ကမ္ဘာကြီးက လည်တယ်
မထင်ရတဲ့ကောင်တွေက လည်တယ်
ဟိုသွားဒီလာသမားတွေ လည်တယ်
ကံအကြောင်းတရားတွေ လည်တယ်
လက်တဖက်ကို မြဲနေအောင် ကိုင်ထား၊
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
တိုးရင်းနဲ့ကလိုက် ကရင်းနဲ့တိုးလိုက်
လက်တစ်ဖက်ကိုတော့ မြဲနေအောင်ကိုင်ထား၊
ဂါတွေက ဘလပ်ွထက် ပိုနူးနေတယ်
အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ်
လက်တစ်ဖက်ကိုအပြင်မထုတ်နဲ့
တစ်ခုခုကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို တန်ဖိုးရှိရှိ အသုံးချ
ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်
ဝှက်ယူလာတဲ့ ဓါးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား
ကိုယ့်အသက်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို အလိုမလိုက်နဲ့
နားညည်းလိုက်တာ ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ခပ်သွက်သွက်လှုပ်ရှား
အရောင်းအ၀ယ်စာချုပ်ကို မြဲနေအောင်ကိုင်ထား
လက်တစ်ဖက်ကို လက်တစ်ဖက်အလျော်ပြန်ပေး
ချစ်စွာသော ဇနီးလေးကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက်
ရေဗူးနဲ့ ဖိနပ်ကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်လိုပဲ ဆက်ဆံ
ကိုယ့်လမ်းကိုယ်သွားကို မြဲနေအောင်ကိုင်ထား၊
မှတ်ထား
လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား။       ။

မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၅

Labels:

19 August, 2015

နောက်ဆုံးဒြပ်စင်


သူ   မူးနေပြီလေ ... ။

သူ့အရေပြားနဲ့ အသားထုကို
သူ့အရိုးစုက ကျောပိုးသယ်လာခဲ့
ရှေ့တည့်တည့် ချိန်လျှောက်ခဲ့
နောက်လေးဆယ့်ငါးဒီဂရီ
ရှစ်ဆယ်ဒီဂရီ
ကိုးဆယ့်ငါးဒီဂရီ
သူ အိမ်ကို တန်းတန်းမတ်မတ်  ပြန်ချင်နေရှာပြီ။

အဝေးမှုန်လမ်းမရဲ့ လည်ပင်းမှာ
အဆင်းအတက် လှေကားထစ်များ ဆင်းတက်
ချဉ်သိုးသိုး စာရိတ္ထတွေ နေရာအနှံ့ ထိုးအန်ချ
သူ့  ရိုးဂုဏ် တစ်ရပ်ကတော့
သဲကြိုးပြတ်ပြီး ကျွတ်ကျန်ခဲ့လေရဲ့ ။

တကယ့် ပါးပါးလှပ်လှပ် သူ့လျှာ
နှုတ်ခမ်းထူပြာပြာတွေနဲ့  ငြိလို့
ဦးနှောက်တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း
ခပ်ကြမ်းကြမ်း  စစ်ဖြစ်လို့
အာရုံဖမ်းရေဒါတွေ  မယုံနိုင်စရာပျက်စီးလို့
သူ့မျက်မှန်ကိုတော့  ရှပ်အင်္ကျီအိတ်ထဲ ချွတ်ထည့်
လက်နဲ့ ဖိထားနိုင်တုန်းပါပဲ ။

သူ  ထိန်းတွယ်စရာ တစ်စုံတစ်ရာ ရလိမ့်မယ်
ဒါမှမဟုတ်
သူ  ပြိုကျသွားလိမ့်မယ်
ဒါမှမဟုတ်
တွဲထူသူ  တွေ့လိမ့်မယ်
ဒါမှမဟုတ်
သူ   တစ်ခုခု  ဖြစ်လိမ့်မယ်
ဘယ်သူပြောနိုင်ပါ့မလဲ ။

ဒါပေမယ့်
ခွက်ထဲက နောက်ဆုံးတစ်ပက်ကို
သူ  လုံးဝ  ငြင်းနိုင်ခဲ့တယ် ။    ။


မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာ

Labels:

17 August, 2015

တုံ့လှယ်မေတ္တာ


ခင်ဗျားလွှတ်တဲ့လူ ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ခင်ဗျားမှာတာတွေ ပြောပြတယ်
သူ ခင်ဗျားမှားတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး ပြန်ခိုင်းလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တယ်လို့ ပြောတဲ့လူ ရောက်လာတယ်
သူ့လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့ လွတ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ တစ်ခုခုပြောဖို့ ကြိုးစားတယ်
သူ အသံထွက်လာဖို့ ကြိုးစားတယ်
သူ့ကျောကိုပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ဟိုငနဲ ရောက်လာတယ်
အရက်တိုက်လွှတ်လိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ကောင်လေး ရောက်လာတယ်
အားပေးစကား ပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ဆရာကြီး ရောက်လာတယ်
‘ကိုယ့်လူက ဆရာကြီးလား’ လို့ ဖြုတ်ချလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကား ရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့ လူအိမ်ကို လမ်းညွှန်လိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ ဆက်မစောင့်နိုင်လို့ ပြန်သွားတယ်
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း ရောက်လာတယ်
‘ဓား ဟဲ့ . . . ဓား’ ဓားထောင်ပြလိုက်တယ်
အဲဒါ ခင်ဗျားလွှတ်လိုက်တဲ့ လူတွေအကြောင်း အတိအကျပဲ။ ။

မောင်ပြည့်မင်း
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ

Labels:

16 August, 2015

ဟဲလို ပေါ(လ်)


ငါမွေးတော့ မင်းဆယ့်တစ်နှစ်ရှိနေပြီပေါ(လ်)
ဟဲလို ပေါ(လ်)
“ဘယ်သူရော သိမှာလဲဗျာ။ အသက်လေးဆယ်ဆိုရင်
သီချင်းတွေ ဘယ်လိုဆက်ရေးရမှန်းမသိတဲ့အဖြစ်ကို
ကျွန်တော်တို့ ရောက်ချင်ရောက်နေမှာပေါ့”
မင်း နှစ်ဆယ့်တစ်နှစ်မှာ ပြောခဲ့တဲ့စကား
မင်း အခု ခြောက်ဆယ့်လေး
ဟဲလို ပေါ(လ်)
“ကျွန်တော့်သီချင်း Let It Be ဟာ
နေရာ အတော်များများမှာ
ဘာသာရေး သီချင်းအနေနဲ့ သဘောထားခံရတယ်ဆိုပဲဗျ”
ငါတို့တွေ မင်းတို့ ဆံပင်ပုံစံမျိုး ထားကြတယ်။
မင်းတို့ သီးချင်းတွေကိုကြိုက်၊ လိုက်ဆိုတယ်
မင်းလက်ကို ကိုင်ထားချင်လှတယ် ခုထိ အလွတ်ရတယ်
RD က မေးတဲ့ မေးခွန်းတစ်ခု
(မိုးတွေ များလွန်းတယ် သီချင်းကို ရှင်ရေးတုန်းက
ဘာကိုတွေးပြီး ရေးထားတာပါလဲ။ အဲဒီ အထဲမှာ
ရှင်ပြောထားတာက “အဲဒါ မမှန်ဘူး။ ဘ၀တစ်ခုထဲမှာ
မိုးများလွန်းတာ အဲဒါ မမှန်ဘူး” လို့လေ)
မိုးတွေများလွန်းတာ မမှန်ဘူးလား ပေါ(လ်)
ကြွားကောင်းတုန်းတော့ ရွာမှာပေါ့ ပေါ(လ်)
ခွေးတွေ ကြောင်တွေ ရွာချလို့လား ပေါ(လ်)
“ပြီးတော့ ကျွန်တော်က လစ်ဗာပူး(လ်) က ယောက်ျား
တစ်ယောက်လေဗျာ၊ ကျွန်တော်တို့ မငိုကြဘူးဗျ
ကျွန်တော်တို့က သိပ်ကြမ်းတမ်းကြတာ။
ကျွန်တော်တို့ ယောက်ျားတွေက ဒီလို ငိုစရာအကြောင်းတွေ
မပြောကြဘူး
ရင်ထဲမှာပဲ သိမ်းထားကြတာ”
လစ်ဗာပူးလ် အသင်းက
ငါ့ အသည်းစွဲပဲ ပေါ(လ်)
ဂျွန်လင်နွန် အသတ်ခံရတော့
မင်း ငိုသေးလား ပေါ(လ်)
ဂျော့(ခ်ျ) ဟယ်ရစ်ဆင် ကင်ဆာဖြစ်နေတော့
မင်း ငိုသေးလား ပေါ(လ်)
အသက်ခြောက်ဆယ့်လေးနှစ်ပြည့်တော့
မင်း ငိုသေးလား ပေါ(လ်)
လင်ဒါဆုံးပြီး အနှစ်သုံးဆယ်
မင်း ငိုသေးလား ပေါ(လ်)
အခု ထပ်ဆိုစမ်းပါဦး ပေါ(လ်)
“မင်း ငါ့ကို လိုအပ်နေဦးမှာလား
ငါ့ အသက် ရှစ်ဆယ့်လေးနှစ်မှာ”

မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း မှ

Labels:

05 June, 2015

ဖွယ်ဖွယ်ရာရာ……ပူပူ



ဂတ်စ်မီးဖိုမီးတောက်ပြာပေါ်မှာ
မင်းကို ငါ ချစ်နေခဲ့၊

အလွယ် မ၀ယ်လိုက်ဘူး ။

သက်သာလို သက်သာငြား
အသံထွက် ယောင်ယမ်းရ
လက်ဖျားခါခါ
နားရွက်ဖျားနဲ့ လက်ညှိုး ပွတ်သပ်ရ၊
အချိန်အဆ၊ အချိန်အခါ
ခေါင်းမီးတောက် စဉ်းစားရနဲ့
ခက်ပါတယ် ။

မင်း လှလှပပ သုံးဆောင်ပါ
ဒါဟာ
ငါ့ရဲ့ ဖွဲ့နွဲ့မှု့ပါပဲ  ။     ။


မောင်ပြည့်မင်း
ရနံ့သစ်၊ ဇူလှိုင်၊ ၂၀၀၃

[ လူဆန်း ။ မောင်ပြည့်မင်း……"အခုန်" စာအုပ်မှ]

Labels: