နောက်ဆုံးဒြပ်စင်
သူ မူးနေပြီလေ ... ။
သူ့အရေပြားနဲ့ အသားထုကို
သူ့အရိုးစုက ကျောပိုးသယ်လာခဲ့
ရှေ့တည့်တည့် ချိန်လျှောက်ခဲ့
နောက်လေးဆယ့်ငါးဒီဂရီ
ရှစ်ဆယ်ဒီဂရီ
ကိုးဆယ့်ငါးဒီဂရီ
သူ အိမ်ကို တန်းတန်းမတ်မတ် ပြန်ချင်နေရှာပြီ။
အဝေးမှုန်လမ်းမရဲ့ လည်ပင်းမှာ
အဆင်းအတက် လှေကားထစ်များ ဆင်းတက်
ချဉ်သိုးသိုး စာရိတ္ထတွေ နေရာအနှံ့ ထိုးအန်ချ
သူ့ ရိုးဂုဏ် တစ်ရပ်ကတော့
သဲကြိုးပြတ်ပြီး ကျွတ်ကျန်ခဲ့လေရဲ့ ။
တကယ့် ပါးပါးလှပ်လှပ် သူ့လျှာ
နှုတ်ခမ်းထူပြာပြာတွေနဲ့ ငြိလို့
ဦးနှောက်တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း
ခပ်ကြမ်းကြမ်း စစ်ဖြစ်လို့
အာရုံဖမ်းရေဒါတွေ မယုံနိုင်စရာပျက်စီးလို့
သူ့မျက်မှန်ကိုတော့ ရှပ်အင်္ကျီအိတ်ထဲ ချွတ်ထည့်
လက်နဲ့ ဖိထားနိုင်တုန်းပါပဲ ။
သူ ထိန်းတွယ်စရာ တစ်စုံတစ်ရာ ရလိမ့်မယ်
ဒါမှမဟုတ်
သူ ပြိုကျသွားလိမ့်မယ်
ဒါမှမဟုတ်
တွဲထူသူ တွေ့လိမ့်မယ်
ဒါမှမဟုတ်
သူ တစ်ခုခု ဖြစ်လိမ့်မယ်
ဘယ်သူပြောနိုင်ပါ့မလဲ ။
ဒါပေမယ့်
ခွက်ထဲက နောက်ဆုံးတစ်ပက်ကို
သူ လုံးဝ ငြင်းနိုင်ခဲ့တယ် ။ ။
မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာ
Labels: မောင်ပြည့်မင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home