18 August, 2015

ရေပွက်ကဗျာ


မနေ့တစ်နေ့ကလိုပဲနော်
အခုတော့
ပင်စည်က ကွာကျလာတဲ့ခူကောင်ရဲ့ ပူလောင်မှုကိုစာနာဖို့
အရာရာဟာနှောင်းခဲ့လေပြီ။

အခုတော့
တစ်ဘ၀လုံးကဗျာမီးနဲ့ ငိုလို့မပြီးတဲ့ ရဲယိုသီးလေးတွေအတွက်ဖြစ်ပြီပေါ့။

အခုတော့
လေဟာနယ်ထဲ အမြဲကိုယ်ဖော့နေရတဲ့ ဂြိုလ်တုလေးအတွက်ဖြစ်ပြီပေါ့။

အခုတော့
စုံဂဏန်းကိုစုံဂဏန်းနဲ့စားတော့
ပြတ်ပေါ့။

ပျဉ်းမပင်မှာတွယ်နေတဲ့ ခြလည်း
ပျဉ်းမပင်မရှိတော့
သေပေါ့။

အသံတိတ်ဘ၀ဟူသည်
ဆုံးပါးခြင်း
တော်သလင်းနေ ပုစွန်သေသလို
သေပေါ့
သေခဲ့သော အိပ်မက်ကို
တစ်ယောက်တစ်မျိုးပြောပေါ့။

အမည်မသိ
မြေကဗျာ
နေ့စဉ်နဲ့အမျှ သံဝေဂ
သတိရခြင်းအကြွင်း
ငါလျှောက်ရမယ့်လမ်းများ
ငါနင်းရမယ့်ကြမ်းများ
ကွေးသောလက်မဆန့်ခင်
ကိုယ့်အရွယ်နဲ့ကိုယ်သိခဲ့သမျှ ကြယ်တို့ထဲကကြယ်
ကြွေပေါ့။

တကယ်
ဥသြဆွဲသွားတဲ့ မီးသတ်ကားရဲ့လိပ်စာကိုမသိဘူး။
ပွဲစားလေး မောင်ဘတင့်ကို မသိဘူး။
လောကထဲ နေ့စဉ်ခဏ
မသိခြင်းတွေများလှ
နောက်ထပ်နောက်များစွာ။

မမေ့နဲ့နော်
တောက်တဲ့ကအရေထူတယ်
ခွေးကပူတယ်
ပြန်စရာရှိလို့ ပျံသွားတဲ့ငှက်ကို
မင်းဘယ်လို တားမြစ်မလဲ
ယာကွတ်။            ။

ခင်ဇော်မြင့်
ဒီဇင်ဘာ၊ ၂၀၀၆၊ ဧကရာဇ်မဂ္ဂဇင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home