သင်ယူရမယ့်လမ်း
မင်းမျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ဖွင့်မပြောဘူး
အသေခံတယ်
မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ
မင်းက
ဆယ့်ငါးမိနစ်တစ်ခါ
တကယ်ချစ်ရဲ့လား မေးပြီး
ငါးမိနစ်တစ်ခါ
"ပြန်မယ်၊ ပြန်မယ်" ပြောလို့
ပျံသန်းခြင်းအတက်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါက မစဉ်စားဘဲ အော်ဟစ်နေသူလား
မင်း ဘယ်တော့မှ မမှားဘူး
ငါ့ရဲ့ အမှားက တအားထက်လိုက
ဘာမဆို ငါ့ကိုထိရင် ပြတ်လို့
စိတ်ရူးပေါက်ခဲ့စဉ်အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးဖူးတယ်။
ငါ့အနားမှာ မင်းရှိရုံနဲ့
မလုံလောက်သေးဘူး
ငါက လောဘအရမ်းကြီးတာပဲ
မင်းကို မရရင် ဘာမှမယူဘူး
ငါ တစ်ယောက်တည်းရှိနေတဲ့ အခန်းတွေမှာ
မီးရှို့ဖို့
ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ်
ရေ၀င်ပေါက်လေးတစ်ပေါက်နဲ့
သင်္ဘောကို မနစ်မြုပ်စေနဲ့
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမယ့်
သူ့ သွေးနဲ့သူ စီးဆင်းတယ်
မင်းသူငယ်ချင်းတွေကို
မင်းပြောခဲ့တယ်ဆို
"ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
"ကျွန်မတို့ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
ကျွန်မတို့ . . .
ကျွန်မတို့ . . .။
ဇန်န၀ါရီ ကုန်သွားတယ်
ဖေဖော်ဝါရီ ကုန်သွားတယ်
ဒီဇင်ဘာ ရောက်လာတယ်
ပြတင်းပေါက်တွေ ဖွင့်တယ်
တစ်နေ့တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို့
"ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ"
"ဟိုမှာလည်း ကျွန်မကိုယ်ကျွန်မ ထိန်းရမှာ"
"ကျွန်မ ရန်ကုန်သွားမယ်"
နင့်အဖေမျက်နှာကို မြင်ချင်ရင်
နင့်မျက်နှာကို နင်မှန်ထဲပြန်ကြည့်
ရန်ကုန်ကို ဘာထင်နေသလဲ
လွယ်လွယ်နဲ့ အသက်ရှင်လို့ မရဘူး
ရန်ကုန်ဟာ စစ်မြေပြင်။
ငါတို့က ဘ၀နဲ့သာ တွေ့ခဲ့ရတာဆိုတော့
အရူးသက်သက်နဲ့ စလို့မရဘူး
မင်းက ဝေးကွာခြင်းကို စတင်မယ်ဆိုရင်
ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ်
ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို့ စိတ်မကူးနဲ့
အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူုး
မင်းရှေ့မှာ ငါ ရပ်ရင်း
မင်းအနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ
မင်းလက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့
မင်းက အမြဲတမ်းနောက်လှည့်လှည့်ကြည့်နေတော့တာပဲ။
အခုတော့ လိုနေတဲ့အရောင်တစ်ရောင်နဲ့
အချစ်က ဘယ်တော့မှမပြီးတဲ့ ပန်းချီကား
စုတ်ချက်က ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ဆုံမှုဟာ
တကယ်ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလို့လား
ဘ၀ကို လောင်နေတဲ့ မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲ ယူတယ်
ငါ့ အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ်
စိုင်းဝင်းမြင့်
၂၁၊ ၄၊ ၂၀၀၃
ချယ်ရီ၊ ဇူလှိုင်၊ ၂၀၀၃
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home