ရွက်နုကဖေး
အဲဒီ ခွေးခြေပု ရေဝေတောင်တန်းများဟာ
တစ်ခါက
အနာဂတ္တိမိုးတိမ်တို့ အစည်းအဝေးထိုင်ရ
ပင်လယ်၊သမုဒ္ဒရာ၊သမိုင်းတွေရဲ့ အစပေါ့။
အဲဒီမှာ တစ်ခါက
(သူပြောသလိုဆိုရင် မြို့ သိမ်းတိုက်ပွဲတွေ ဆင်နွဲတုန်းက)
ကိုချောကြီးဟာ
“မန်းဂျီ၊မန်းမိန်း၊မန်းဆေး....”ရယ်လို့
ဗျာဒိတ်ပေးသလိုလိုနဲ့
ရေနီမြောင်းဘောင်ပေါ်မှာ
လက်ညိုးကြီးညွှန်လို့
ပခုံးကြီး စောင်းလို့ ။
အဲဒီမှာ
အက်တ်မိုးစဖီးယားက
ဘယ်သူမှ ရသနဲ့ မလွတ်ကင်းတဲ့
ဒတ်ခ်ျ ဘောလုံးအသင်းလို
စားပွဲထိုးလေးကတောင်
“မယုံရင် ရေကြည့်
အထပ်တစ်ရာ အပြည့်ရှိတဲ့
ကျနော်တို့ဆိုင်က ထတ္တရာပါ ခင်ဗျာ...”တဲ့ ။
အဲဒီမှာ
လက်ဖက်ရည်မှာရင်
“တင်စိုးဝင်းရေ...အတွေးအခေါ် လျှော့ထည့် ဟေ့...”လို့
သတိလေး ပေးရတယ်။
အဲဒီမှာ
“ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း” က
လေထုကို တင်းပုတ်နဲ့ ထုလို့....။
အဲဒီမှာပေါ့
“ပိတ်ကြီး” မှော်အောင်ပြီး
“စုန်းမ”ကို အသက်သွင်းခဲ့တာ ။
အဲဒီမှာ
ညိုလေးနဲ့ဖိုးစံဟာ
မော်ဒန်နဲ့ အော်လန်ပေါ့
မေယာလန်းစကီးနဲ့ အလန်ဂျင်းဇ်ဘတ်ပေါ့.....။
အဲဒီမှာ
ကိုဇော်ကြီးက
ဝူဒီအလင်
ခဏခဏ လငပုတ် ဖမ်းခံရတဲ့ည
ဆေးစက်ကျရာ ညစ်ပတ်တဲ့ ပန်းချီဆရာ...။
အဲဒီမှာ
ပြာသော ကောင်းကင်မှာ
သတိရစရာ တိမ်ဖြူဖြူလေးတစ်ပွင့်
လွင့်လာပုံက
“ကျွန်တော် ဖစ်ဇစ်မေဂျာက ကိုမြတ်သာ ပါ ခင်ဗျာ...”တဲ့။
အဲဒီမှာ
မညိုပြာ၊၀ါဝါမြင့်၊သုံးဘီးကား နံပါတ်- ဟ/အချစ်က
“မီးသတ်က ခေါ်လည်း အလကားပဲ...”တဲ့။
အဲဒီမှာ
မခိုင်ဆိုင်၊မင်္ဂလာဘား၊ဆောင်ကြီး
ဘီအီးကို နှမ်းဖတ်ချဉ်နဲ့မြည်းကြ
ခင်ဝမ်းရဲ့ “မန္တလေး”ကို ဂစ်တာနဲ့တီးကြ....။
အဲဒီမှာ
၁၉လမ်း၊ရေနီမြောင်း၊ပျဉ်းမနား
ပင့်ဖလွိုက်သီချင်းများနဲ့
တံတိုင်းတွေဟာ တံတားဖြစ်သွားကြ။
အဲဒီမှာ
“အထက်တန်းကျတဲ့ရေ”က မျက်နှာကြက်
“နွေဦး”က သမ္မာကျမ်းစာ"
“အကုလိုလ် ပန်းပွင့်များ”က ယဉ်ကျေးမှု
ငါတို့ သွေးပူလေ့ကျင့်ခန်းတွေလည်း
စာရွက်တွေပေါ် မီးပွင့်မတတ် ကျရောက်လို့။
အဲဒီမှာ
ပုစဉ်းရင်ကွဲတွေ အော်လို့
ကတ္တရာလမ်းတွေ အရည်ပျော်လို့
တမာတောကလည်း
ခါးသက်ခြင်းတွေနဲ့ စိမ်းလန်းပြီး
စိမ်းလန်းခြင်းတွေနဲ့ ခါးသက်လို့
ငါတို့
ကိုယ့်နှုတ်ခမ်းကိုယ် ဖိကိုက်မိတဲ့အခါ
စိန်ပန်းတွေဟာ မြေပေါ် တဖြုတ်ဖြုတ် ပြုတ်ကြွေလို့......။
အဲဒီ
လက်ဖက်ရည်ထက် ခါးတဲ့ နေ့တွေမှာ
အဲဒီနေ့တွေထက် ခါးတဲ့ လက်ဖက်ရည်ကို မော့သောက်ပြီး
ငါတို့ နုပျိုခဲ့သမျှ
မိုးကြီးရွာချ
စီးဆင်းသွားလိုက်တာ.....။
“ဒိုင်ယာရီ-၉၃”
“လိပ်ပြာအခွံ ကားချပ်”
ဆယ်စုနှစ်ဟာ ဓာတ်ပုံရိုက်သလို
ဖျတ်ကနဲ ပါပဲလား
စိတ်ကတော့ ဖလင်ကော်ပြားပေါ့။
သွားကြည့်ကြ
အခု ပြိုကျနေတဲ့
အဲဒီ“ရွက်နုကဖေး”ဟာ
တစ်ခါက
လူချောလူလှုတို့ လိပ်ပြာလွင့်ခဲ့ရာ
ဒိုင်နိုဆောတို့ စကြာဝဠာပေါ့......။ ။
ဝေးခေါင် မြားနတ်မောင်မဂ္ဂဇင်း (၁၄နှစ်ပြည့်အမှတ်တရစာစောင်)
ဧပြီလ၊၂၀၀၅ ခုနှစ်
Labels: ဝေးခေါင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home