ညိုလေး သို့ . . .
သစ္စာဆောင်ကို သစ္စာတရားလို့
အမှတ်မှားတာလား
ယုံကြည်မှု မြင့်မြင့်မားခဲ့တာလား
တို့လာတယ် သီချင်းကို ညလုံးပေါက် သီဆိုခဲ့။
အမှောင်ဆုံးညနံရံမှာ ညမုန်းလို့ သူ့နာမည်ကို ရေးလိုက်တယ်။
မိခင်တစ်ယောက်က အန္တရာယ်ကင်းပရိတ် တတွတ်တွတ်ရွတ်နေတယ်
ဖခင်တစ်ယောက်က အဖြူနဲ့အမည်းခေတ်ရဲ့ တီဗီတွေ တစ်လုံးပြီး တစ်လုံးဝယ်
တစ်လုံးပြီးတစ်လုံး ရိုက်ခွဲတယ်
အစ်ကိုတစ်ယောက်က
အုပ်ကြွပ်မိုးနီနီခေါင်မိုးပေါ် တက်ထိုင်ပြီး လက်နှစ်ဖက်နဲ့တောင်ပံခတ်နေတယ်။
သူ့အခန်းမှာ
ပိုးဒါလီသိန်းတန်ရဲ့ ကောင်းကင်ပြာကို မျက်နှာကြက်တပ်ထားထာတယ်။
သူ့ဆံပင်တွေ စာရွက်ပေါ်ကျသွားတော့
မြွေများကဗျာ ဖြစ်လာ။
ထောင်ကထွက်လာပြီးနောက်
အဆိပ်ခပ်ထားတဲ့ခေတ်ကို သူ မစားတော့ဘူး
ခေတ်ငတ်ပြီး သူသေဆုံးသွားတယ်။
ပုညလမ်းထဲက
ကြက်သွေးရောင်အုပ်ကြွပ်မိုး အိမ်ကလေးရဲ့ သွားကြိတ်သံတွေကို
အထိတ်တလန့် ငါနားလည်ခဲ့ရပုံများ ။ ။
ဝေးခေါင်
ည ၁ နာရီ
ကြာသပတေး၊ ၁၄ မေ ၂၀၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment