ဟိုး အဝေးဆီကို
စိတ်ကူးယဉ်လို့ရ
မှန်းကြည့်လို့ရ
ဒါပေမဲ့ ကျွန်တော်သွားလို့မရ
ကျွန်တော့် ဇုန်ထုတ်ကားနဲ့
ကျွန်တော့် အလုံအလောက်လောင်စာဆီနဲ့
ကျွန်တော်သွားလို့မရ
မစတာ မြတ်သစ်ရေ ကျွန်တော်သွားလို့ မရ
မစတာ အကိုကြီးရေ ကျွန်တော်သွားလို့ မရ
အဝေးကြီးဆိုတော့ ကျွန်တော်သွားဖို့
ကော်ဇောပျံမရှိ၊ သွားလို့မရ
ဟာ - အဲဒီမှာ အရမ်းအေးနေတာ
ရွာမှာ အဖျားအနာ ထူးထူးထွေထွေ မရှိကြ
ဒါပေမဲ့ သွားလို့မရ
လူကရိုးတော့ အားလုံးက ခင်ကြ
သွားဖို့ကတော့ သုဉ်းဝ
အာရုံကျနေကြသလား ခင်ဗျားတို့
သူ ကျွမ်းကျင်တဲ့အလုပ် သူလုပ်ပါစေတော့လား ခင်ဗျားတို့
ဘာပဲဖြစ်ဖြစ် မြင်းအလုပ် မြင်းလုပ်
ပြိုင်ကွင်းထဲမှာ ပြေးပွဲ၊ လှည်းဆွဲ ၊ ကုန်ဆွဲ
ပျော်နေမှာပါ မြင်းပဲလေ
သူ မြင်းပဲလေ ပျော်မှာပါ
'မည်သူကမျှ တစ်ရက်လုံးလုံး
မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
သုံးရက်ဆက် မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
လေးရက်ဆက် မကောင်းကြံသော်လည်း
မအောင်မြင်နိုင်
ရူးသွပ်သောရောဂါလည်း မဖြစ်နိုင်
တွေဝေထိုင်းမှိုင်းလည်း မနေ
ယုံကြည်စွာကိုးကွယ်ပါ၏ ဓာရဏပရိတ်တော်'
ကျွန်တော်ကတော့ ဖြုတ်ပြီးတော့ ထုတ်ထားလိုက်ပါပြီ
ထုတ်ပြီးတော့ တစ်ဖန်ပြန်မထည့်တော့ပါ
ဒါ သီအိုရီကိစ္စ၊ အစကတည်းက
ကျွန်တော်ကျကျနန စဉ်းစားခဲ့ပြီးသားပါ
မစတာ ကိုယ့် လူရေ
မစတာ ယောင်းမ်ရေ
စိတ်မကောင်းပါဘူးဗျာ ၊ ခွင့်လွှတ်ပါ ။
မောင်ပြည့်မင်း
မြန်မာသစ် ၊ ဇန်န၀ါရီ ၊ ၂၀၁၁
Labels: မောင်ပြည့်မင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home