29 January, 2016

ရော်ဘင်ဟု

ဝါရင်ဘီတီတောင်မှ
သမ္မတအဖြစ် အရွေးခံရတော့မယ်ဆိုပဲ
၂၀၀၀ ပြည့်နှစ်လည်း ပြည့်ခဲ့ပြီ။

မင်းနဲ့ငါ ခုထိ
တစ်ယောက်နဲ့တစ်ယောက် မော့မကြည့်ဖြစ်ကြဘူး
တစ်ယောက်နဲ့တစ်ယောက် မသိသလိုနေကြတယ်
တစ်ယောက်နဲ့တစ်ယောက် မရှိသလိုပဲ ဟန်ဆောင်ခဲ့ကြ

ငါက နေလိုတောက်ပချင်ရဲ့
မင်းက အုံ့ဆိုင်းလွန်းတယ်

မုန်တိုင်းကို ပိုက်နဲ့ထောင်ဖမ်းနေမိတဲ့
ငါ့အဖြစ်ပါကွယ်
ရုရှားမှာ နပိုလီယံ ဆုံးရှုံးခဲ့ရတယ်ဆိုတာ
ငါ့အဖြစ်နဲ့ နှိုင်းစာရင် ရယ်စရာပဲ ဖြစ်မှာပါ။

နတ်ဆိုးတွေက မြှောက်ပင့်ပေးတယ်
ဘုရားသခင်ကလည်း မတားမြစ်ခဲ့ဘူး
သက်သေပြစရာဆိုလို့ကလည်း
မောင်းချဓားတစ်ချောင်းကလွဲပြီး ဘာမှမရှိတော့ဘူး။

ငါက လေလိုပွတ်သပ်ချင်ရဲ့
မင်းက အထပ်ထပ် ခြုံသိုင်းလွန်းတယ်။

ပန်းချီကျော်တစ်ဦးဖြစ်ဖို့ ရည်ရွယ်ခဲ့တဲ့
ဟစ်တလာလိုများ ငါ လွဲချော်သွားလေမလား
တားမရတော့ဘူးကွယ်
ချာချာလည်အောင် မူးပစ်ချင်ရဲ့
ရူးနေမှတော့ ထူးပြီးတော့လည်း ဘာမှမထူးတော့ဘူး။

မေ့ပစ်ခြင်းဝါဒကို
ခဏ ခဏ ကျင့်သုံးနေရသူမို့
ကိုယ့်နာမည်တောင် ကိုယ်မေ့နေပါပြီ
ဒါပေမဲ့ တစ်နေ့မှ မေ့မရနိုင်ဘူးကွယ်
အငွေ့ပျံလုနီး မင့်နှုတ်ခမ်းကလေး
လမ်းတစ်ဝက်မှာ အေးခဲသွားပုံ။

မင်းကလေးးကို ငါ့အတောင်ပံအောက် သိမ်းပိုက်ဖို့ရာ
ဆန္ဒတွေပဲ ၀ဖီးလာပြီး
အချိန်တွေက ပိန်ပိန်သွားခဲ့။

ငါ့က ဒလဟော စီးဆင်းချင်ရဲ့
မင်းကလေးက ရပ်တန့်လွန်းတယ် ။

ပိုင်စိုးဝေ
New Style

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home