တမ်းတခြင်း

အိပ်မပျော်တာ ရောဂါပဲ
စိတ်ထဲမှာ မီးရောင်စုံထွန်းလို့
တစ်လမ်းဝင် တစ်လမ်းထွက်
ပင့်သက်ထုတ်လိုက်တော့လည်း
အလင်းတန်းကြီးဟာ ထင်းကနဲ
ငါ့အတ္တကလေးပုန်းခိုစရာ
ဘယ်မှာမှ အမှောင်ရိပ်ထောင့်စွန်းကိုရှာမရ
ကြွက်တွေဖြတ်ပြေးနေတယ်
ရေမြောင်းထဲ အမှိုက်သရိုက်တွေပြည့်နေတယ်
အိမ်ခန်းတံခါးတွေ အားလုံးပွင့်နေတယ်
ပြဇာတ်စင်ဆလိုက်မီးအောက်မှာ
ကြောင်တွေ မျက်လုံးစူးတောက်ကြည့်နေတယ်
နာရီတွေရဲ့ လည်ပတ်သံဟာ
ကြိမ်ဒဏ်တွေလို ငါဟာ အိပ်ယာပေါ်မှာ လူးလှိမ့်
မြစ်ဘက်က ဒီရေတွေဟာ ငါ့အိပ်ရာအစွန်းအစပ်ဆီ
ညမိုးသားဖြူဖြူတွေ ရွေ့နေတယ်
ငါ့လိုပဲ အိပ်စက်ခြင်း ကင်းနေကြတယ်
အဓိပ္ပာယ်မဲ့လိုက်လေခြင်း ညထဲ
အိပ်စက်ခြင်းကို ထမ်းပိုး ပြေးနေရသလို
ငါ့ဖြစ်ရှိနေမှုကို မီးမောင်းတွေ ဝိုင်းထိုးနေတယ်
ခွေးတွေ ဝိုင်းဟောင်နေကြတယ်
ကြယ်တွေမနားတမ်းကြွေနေတယ်
ငါ့လည်ချောင်းထဲလည်း
လပြည့်ကဆုန်ဟာ နင်လို့
ညကြီးမင်းကြီး ကျီးတွေ အာနေကြတယ်
အားလုံး အဖြူရောင်တွေချည်းပဲ
အားလုံးထဲမှာလေ
ငါ့အတ္တဟာ ပို၍ဖြူရော်လို့.   .   .။

မိုးဝေး
၂၄-၅-၂၀၁၆

No comments:

Post a Comment