လှသန်းရဲ့ နောက်ဆုံးနေ့များ

လမ်းပေါ်ထွက်လိုက်တာနဲ့
ရှေ့တန်းစစ်မြေပြင်ရောက်ရသလိုခေတ်ကြီးထဲမှာ
သူနဲ့ကျွန်တော် ကျောချင်းကပ်ခဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်အပြည်နဲ့ လေတွေ
အတူရှူခဲ့
ရောဂါပိုးမွှားအပြည့်နဲ့ ရေတွေ
အတူသောက်ခဲ့
အပေါစားအရက်ပုလင်းတွေ
အတူဖွင့်ခဲ့
ခိုးသားဓားပြထူပြောတဲ့ခေတ်ကြီးထဲမှာ
ကဗျာရေးပြီး
ခွေးလိုအတူဟောင်ခဲ့
လေးစားရမဲ့ မိန်းမတွေကိုအတူလေးစားခဲ့
ပြစ်မှားရမဲ့ မိန်းမတွေကိုအတူ ပြစ်မှားခဲ့
အပျံစားစာအုပ်တွေ
အပျံစားသီချင်းတွေ
အပျံစားရုပ်ရှင်တွေ
အတူခံစားခဲ့
စောက်ရူးတွေအကြောင်း
စောက်သင်းအတူပြောခဲ့
မသေရင် ပြန်တွေ့ကြသေးတာပေါ့ကွာ
မင်းနဲ့ ဖိုးခွားကို ငါ ယုံတယ်
သေလုမျောပါးနဲ့
ရန်ကုန်ဆေးရုံကြီးပေါ်ကတယ်လီဖုန်းသံ
ဘာမှ ပြန်မပြောနိုင်ခဲ့
တစ်ယောက် လျော့သွားပြန်ပြီ
ဇာတ်ရေမလည်သေးခင်
တစ်ယောက်
ထပ်ကျသွားပြန်ပြီ။

‪ကြည်ဇော်အေး‬

No comments:

Post a Comment