23 May, 2016

ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ
သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့
ကျွန်တော့်နှလုံးသားဟာ ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေ ဘယ်သူယူမလဲ
ပျော်ရွှင်စွာ ၊ကြည်နူးစွာ ၊ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမယ့် ၊ တေးသံစဉ်မထွက်နိုင်တဲ့
ကြယ် က လေး ရေ
မင်းပျော်ရဲ့လားကွယ်
ကြင်နာစွာ ၊ မြတ်နိုးစွာ ၊ ဆွတ်ဆွတ်ဖြူလို့
တမဟုတ်ချင်း သန်းကောင်ယံတွေ လင်းစေမတဲ့ ၊
ယုံကြည်စွာ ၊ မျှော်လင့်စွာ ၊ ဆွတ်ဆွတ်ဖြူလို့
စင်တော်ဖွင့်အမှီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့
အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့ ။
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့ လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ဖူးလဲ
လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်
သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်နှလုံးသားထဲ
ကျွန်တော်ရောက်ရှိလာမယ်
ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ်
ကျွန်တော်ရောက်ရှိလာမယ်
ကျွန်တော်ရောက်ရှိလာမယ် ၊ပရိသတ်နှလုံးသားထဲ
သီချင်းတစ်ပုဒ်အဖြစ် ။ 
မောင်သိန်းဇော်
(၁၉၉၄)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home