22 May, 2016

မုတ်ဆိတ်တို့၏ သွားရာလမ်းများ


မာ့က်စ်ရဲ့ မုတ်ဆိတ်ထဲမှာ ‘ ကမ္ဘာ့ကာရန်မဲ့များစည်းလုံးကြ’ တစ်ချောင်းပါတယ်
ဆာတ်က မုတ်ဆိတ်မထားတာဟာ ဖြစ်တည်မှုပဓါန၀ါဒ အစတဲ့
ပင်လယ်ပြင်ထဲ စစ်သဘောင်္တစ်ထောင်စေလွှတ်လိုက်တာ ‘ဟယ်လင်’ရဲ့မုတ်ဆိတ်လား
ကဗျာကိုရှာနေတဲ့ စကားလုံးတွေလို မေးစေ့ကိုရှာနေတဲ့ မုတ်ဆိတ်
မုတ်ဆိတ်ဟာစစ်ဖြစ်နေတဲ့မေးစေ့ရဲ့ စစ်ပြေးမြို့ပဲ
မေးစေ့ရဲ့သမိုင်းမှာ မုတ်ဆိတ်ဟာ စစ်ရှုံးသူ အမှတ်အသား
မာရီလင်ရဲ့ မုတ်ဆိတ်မှာ ကမ္ဘာကြီးမီးစွဲလောင်ခဲ့
လူရာမ၀င်တွေဟာ မီဒီဟာမုတ်ဆိတ်တွေနဲ့ ခံညားကြ
ဆွဲလို့ ဆန့်လို့ ရတဲ့ရာဘာမုတ်ဆိတ်တွေနဲ့ ချီးမြင့်ကြ
လျှပ်စစ်မီးတွေဆင်ထားတဲ့ မြို့တော်ရဲ့မုတ်ဆိတ်
အို…. ပုံသဏ္ဍန်မဲ့လွန်းတဲ့အိပ်မက်များရဲ့မုတ်ဆိတ်
မျက်စိတစ်ဆုံးမှာ သဲကန္တာရရဲ့ မုတ်ဆိတ်မွှေးတွေ တဖွားဖွားလွင့်
ဘ၀ထဲက အနုပညာဟာ မုတ်ဆိတ်ပေါ်က မှဲ့နီလေး(ပြေးနေတယ်)
နာမည်ကျော်မုတ်ဆိတ်ပြာရဲ့ မိုးကာထဲက ကျွန်တော်တို့ထွက်လာတာ
ကျွန်တော့်ပုခုံးပေါ်မှီပြီး မုတ်ဆိတ် တရှုံ့ရှုံ့ ငိုရဲ့
ဒါဟာဖြစ်ခဲ့တယ်၊ မာရီယာမှာ ဖြစ်ခဲ့တယ်၊ မုတ်ဆိတ်မှာ ဖြစ်ခဲ့တယ်
ဒါဟာဖြစ်ခဲ့တယ်၊ မာရီယာမှာ ဖြစ်ခဲ့တယ်၊ မုတ်ဆိတ်မှာ ဖြစ်ခဲ့တယ်
သိပ္ပံနည်းကျမုတ်ဆိတ် တစ္ဆေခြောက်ခံရခြင်းသတင်း
မုတ်ဆိတ်ကနုနု၊ မုန်တိုင်းကထန်ထန်
မုတ်ဆိတ်ကို သတိထား၊ ဘာသာစကားဟာ သူအလုပ်သူကလုပ်လိမ့်မယ်
ကဗျာရေးမယ့်အစား မုတ်ဆိတ်တွေသာ မွေးပါလေ
ဟေ့…….. ကမ္ဘာ့မုတ်ဆိတ်တို့၊ မျိုးအိတ်တွေမှ ထွက်ကြစို့
မုတ်ဆိတ်တရားစီရင်ခန်းမှာ ဒဏ္ဍာရီတွေခိုးသွင်းသတဲ့
စကားလုံးကိုစမ်းလိုက်တော့ မုတ်ဆိတ်ရဲ့အမာရွတ်ကို တွေ့ရှိပေါ့
မုတ်ဆိတ်ပဲကျန် အလံမလှဲစတမ်း ဘန်တိုင်းတီရှပ်တွေ
စက်ရပ်သတင်း၊ မုတ်ဆိတ်ဟာ သူ့ကိုယ်သူ ‘သင်’ လို့ခေါ်နေပြီ
ပြောရေးဆိုခွင့် မုတ်ဆိတ် ခေတ္တရိတ်ခံရ
သူ့မုတ်ဆိတ်ပါ နှုတ်ပိတ်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်း
ပိုစ်မုတ်ဆိတ်သဘောတရားနဲ့ သမိုင်းများလွင့်စင်ခြင်းသမိုင်း
မုတ်ဆိတ်ဗေဒရဲ့ရေသောက်မြစ်သုံးသွယ်အခိုးခံရခြင်း
ဈင်မုတ်ဆိတ်ရဲ့ စိတ်နေစိတ်ထား သုံးသပ်ချက်လက်စွဲကျမ်း
လှောင်ချိုင့်ထဲက မုတ်ဆိတ်တို့ရဲ့ တေးသီသံနံနက်ခင်း
သူတော်စင်တွေမဟုတ်ပေမယ့် သီလမင်တဲ့မုတ်ဆိတ်တွေ
ဆီစွီးဖတ်စ်လှိမ့်တင်တဲ့ နတ်ဘုရားတို့ရဲ့ ရိတ်မရတဲ့မုတ်ဆိတ်
အဲဒါ ကျွန်မအကြိုက်ဆုံး၊ ကျွန်မ အမြဲသုံးတဲ့မုတ်ဆိတ်
သမိုင်းဟာ ငါ့မုတ်ဆိတ်ကို ခွင့်လွှတ်လိမ့်မယ်
တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားတပ်ဆင်ဘို့နဲ့ မုတ်ဆိတ်အင်အားထူထောင်ဖို့
သွား…….. စိတ်ပုပ်………. သူ့မုတ်ဆိတ်ပဲသူချစ်
မုတ်ဆိတ်ဟာ မုတ်ဆိတ်ဟာ နှင်းဆီဟာ နှင်းဆီဟာ မုတ်ဆိတ်ဟာ
မင်းတို့အားလုံး မုတ်ဆိတ်ပျောက်ဆုံး မျိုးဆက်ပဲ
ဘုရားသခင်ဟာ မုတ်ဆိတ်နဲ့ကြွေအံ ကစားနေပြီတဲ့။

ဇေယျာလင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home