22 May, 2016

တစ်ကိုယ်တည်း နှစ်ခြမ်း


-စာအုပ်ထဲကအတိုင်း ဖြစ်ခဲ့ရရှာတယ်။
တစ်ခြမ်းက စိတ်ကု ဆရာဝန်၊တစ်ခြမ်းက စိတ်ရောဂါသည်
အိတ်ဇောပိုက် မီးခိုးလုံးမှုတ်ထုတ်သလိုမျိုး အပူတပြင်း
မျှော်လင့်ချက် ပိုက်လိုင်းထဲက သက်ပြင်းဝဲသြဃတွေမှုတ်ထုတ်
သံဝေဂကြီးမားဟန် လေသံ၊မျက်နှာမျက်နှာမှုန်ကုပ်ကုပ် ပုံဖမ်းပြီး
အကာပြဲ့ပြဲ့ အနှစ်မဲ့လှချည်ရဲ့နော်…လို့ တုန်ခါတယ်။
ဒီစကားနဲ့ ရုပ်ရည်ကို ထုတ်ဖော်ကာ ကျန်တဲ့ တစ်ခြမ်းကို
အားတုံ့အားနာဖြစ်လိုက်ဖို့ ကောင်းပေရဲ့
နေ့တစ်နေ့ကို သမ်းဝေပြီး မလှုပ်တလှုပ် ကြိုဆိုနေတဲ့ကောင်။

-တစ်ခြမ်းက ချမ်းသာကြွယ်ဝ၊တစ်ခြမ်းက ဆင်းရဲမွဲတေ
လှိုက်လှိုက်လှဲလှဲ ချွင်ချွင်မြည်သံကို မကြားရလို့လား
ခနော်ခနဲ့ အရွဲ့အစောင်း အဖာအထေးတွေပဲ ရနေလို့လား
ထိမိစမ်းမိကိုင်တွယ်မိသမျှ အရသာ မတွေ့တော့ဘူးလား
ကျွန်တော်…ဘ၀ရဲ့သော့ချက်ကို မမြင်ရဘဲ ဖြစ်နေတာပါ။
ငွေစက္ကူတွေ၊စည်သွပ်ဗူးတွေ၊အ၀တ်စတွေ ဖုံးကွယ်နေလို့
သောက်စရာပုလင်းအမျိုးမျိုး၊တန်ဖိုးကြီးကျောက်မျက်ရတနာ
မော်တော်ကားတွေနဲ့ ဈေးကြီးတစ်ခုလုံး ကွယ်နေလို့
အဓိကသော့ချက်ကို မမြင်ရဘူးလို့ ပြောဦးမှာလား။
ခက်လှချည်ရဲ့…ပြီးစလွယ် လူအထင်ကြီးအောင်
(သုည)ကိုပဲ သမားရိုးကျ ဖျစ်ညှစ် ဖွင့်ဆိုနေတော့တယ်။

-ကျွန်တော်ဟာ လူးလူးလွန့်လွန့်နဲ့ ကွေးကွေးကောက်ကောက်
ဖန်တီးခြင်းခံခဲ့ရတဲ့ ပိုးလောက်လန်း တွန့်လိမ် တွန့်လိမ်ပါ
ဗီဇက ဖန်တီးတာ မခံချင်၊ဖန်တီးရှင်ပဲ ဖြစ်ချင် မြည်တွန်တယ်။
ဖြစ်ချင်တာတွေ မျိုးပွားလာတာ ဘယ်လိုဖြေရှင်းရမလဲ
တစ်ခြမ်းက `သေပျော်ပါပြီ၊ကျေနပ်တယ်´ ပြောပြီး
တစ်ခြမ်းက `ဟဲ့ အရူး ဘာအဓိပ္ပာယ်မှမရှိဘူး´ ထပွက်တယ်။
သူရဲကောင်းက တစ်ခြမ်း၊သိမ်သိမ်ငယ်ငယ် အနုညာတက တစ်ခြမ်း
ငါ့ကို လမ်းလယ်ခေါင်မှာ ကျီစားသန်သန်
ဘယ်သူ စမ်းသပ်လိုက်ပါလိမ့်
ယောင်တိယောင်ချာ ကြောင်စီစီ အိမ်ပြန်ခက်
မျက်စိ လည်နေပြီ။      ။

ထွန်းဝေမြင့်
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊၁၉၉၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home