ဤသို့ပင် ဝေးခဲ့ပါသည်
၁။
အဲဒီညက သူမနဲ့ ကျနော် မျက်တောင်တစ်ဆုံး ဝေးခဲ့တယ်။
[ တစ်ဘဝစာ….
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
မင်းခိုက်စိုးစန် ]
၂။
အဲဒီညက
သူမ၏ အသံသည် ကျနော်မယုံကြည်ထားခဲ့သောကမ္ဘာမှ လာ၍ ကျနော့်အား ကျနော်ယုံကြည်ထားခဲ့သောကမ္ဘာမှ လွင့်စင်သွားစေသောအခါ
အဲဒီညက သူမနဲ့ ကျနော် တစ်ကမ္ဘာစာ ဝေးခဲ့တယ်။
တကယ်တော့
မျှော်လင့်ချက်ဆိုတာ
အလွန်အကျွံသောက်မိရင်
သေစေတတ်တဲ့ အားဖြည့်အချိုရည်တစ်မျိုးပါပဲ။
ကျနော်၏ မျှော်လင့်မိခြင်းသည် ဥပါဒါန်ဖြစ်၍ သူမ၏ စကားသံတွင် ကျနော်သည် ဥပါဒ်ရောက်ပါသည်။
၃။
အဲဒီညက
သူမသည် ကျနော့်ကို စကားဖြင့် တစ်ခါသတ်၍ ကျနော်သည် သူမကိုချစ်ခြင်းဖြင့် အခါခါသေဆုံးပါသည်။
လက်ချောင်းလေးတွေ ချိတ်ထားနိုင်ရုံနဲ့
တစ်ယောက်ကို တစ်ယောက်ပိုင်ဆိုင်မယ် ထင်ခဲ့ကြ
ဟောဒီကောင်းကင်ကြီးအောက်မှာ
ကျနော့်လိုအရူးတစ်ယောက်ဟာ ပျောက်ရှသင့်ပါတယ်။
အဲဒီညက သူမနဲ့ ကျနော် အခါခါ ဝေးခဲ့တယ်။
၎။
ကျနော်၏ ချစ်ခြင်းသည် အကုသိုလ်တရား ဖြစ်ပါက
သူမသည် ကျနော်ချိုးကပ်ချင်သော ငရဲအိုးကလေး ဖြစ်ပါလိမ့်မည်။
သံသရာကို
သူမရဲ့ဆံပင်နဲ့ တွဲချည်ထားချင်ရုံလေး
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါတယ်။
အကယ်၍ သူမသည် အခြားတစ်ယောက်၏ဖိနပ်တစ်ရံ ဖြစ်ပါက ကျနော်သည် သူမ၏ ဖိနပ်ခွာတစ်စုံ ဖြစ်ပါလိမ့်မည်။
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါသည်။
၅။
သူမရှိရာမြို့တော်သည် စစ်မြေပြင်ဖြစ်၍ ကျနော်သည် မကြာခဏ အရှုံးပေးရန်အတွက် မိုင်ရာချီခရီးကို အပြင်းနှင်ခဲ့သော အညတရစစ်သည်တော် ဖြစ်ပေသည်။
မီးတစ်ပွင့် ပွင့်ခဲ့ပြီးနောက်
စီးကရက်တစ်လိပ်စာ ဝေးခဲ့တယ်။
ခဏခဏ ပြန်,ပြန်တောက်ဖို့အတွက်
ခဏခဏ ပြန်ငြိမ်းပေးခဲ့ရတာပါပဲ။
၆။
အဲဒီညက
သူမသည် အခြားတစ်ယောက်ဖြစ်၍ ကျနော်သည် သူမဖြစ်နေသောအခါ
အဲဒီညက သူမနဲ့ ကျနော် အခြားတစ်ယောက်စာ ဝေးခဲ့တယ်။
အဲဒီညက
သူမသည် သူမသာဖြစ်၍ ကျနော်သည် ကျနော်သာဖြစ်နေသောအခါ
သူမနဲ့ ကျနော်
၇။
ဤသို့ပင် ဝေးခဲ့ရပါသည်။ ။
အေဇင်လတ်
Labels: အေဇင်လတ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home