Showing posts with label အေဇင်လတ်. Show all posts
Showing posts with label အေဇင်လတ်. Show all posts
ဤသို့ပင် ဝေးခဲ့ပါသည်
၁။
အဲဒီညက သူမနဲ့ ကျနော် မျက်တောင်တစ်ဆုံး ဝေးခဲ့တယ်။
[ တစ်ဘဝစာ….
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
မင်းခိုက်စိုးစန် ]
၂။
အဲဒီညက
သူမ၏ အသံသည် ကျနော်မယုံကြည်ထားခဲ့သောကမ္ဘာမှ လာ၍ ကျနော့်အား ကျနော်ယုံကြည်ထားခဲ့သောကမ္ဘာမှ လွင့်စင်သွားစေသောအခါ
အဲဒီညက သူမနဲ့ ကျနော် တစ်ကမ္ဘာစာ ဝေးခဲ့တယ်။
တကယ်တော့
မျှော်လင့်ချက်ဆိုတာ
အလွန်အကျွံသောက်မိရင်
သေစေတတ်တဲ့ အားဖြည့်အချိုရည်တစ်မျိုးပါပဲ။
ကျနော်၏ မျှော်လင့်မိခြင်းသည် ဥပါဒါန်ဖြစ်၍ သူမ၏ စကားသံတွင် ကျနော်သည် ဥပါဒ်ရောက်ပါသည်။
၃။
အဲဒီညက
သူမသည် ကျနော့်ကို စကားဖြင့် တစ်ခါသတ်၍ ကျနော်သည် သူမကိုချစ်ခြင်းဖြင့် အခါခါသေဆုံးပါသည်။
လက်ချောင်းလေးတွေ ချိတ်ထားနိုင်ရုံနဲ့
တစ်ယောက်ကို တစ်ယောက်ပိုင်ဆိုင်မယ် ထင်ခဲ့ကြ
ဟောဒီကောင်းကင်ကြီးအောက်မှာ
ကျနော့်လိုအရူးတစ်ယောက်ဟာ ပျောက်ရှသင့်ပါတယ်။
အဲဒီညက သူမနဲ့ ကျနော် အခါခါ ဝေးခဲ့တယ်။
၎။
ကျနော်၏ ချစ်ခြင်းသည် အကုသိုလ်တရား ဖြစ်ပါက
သူမသည် ကျနော်ချိုးကပ်ချင်သော ငရဲအိုးကလေး ဖြစ်ပါလိမ့်မည်။
သံသရာကို
သူမရဲ့ဆံပင်နဲ့ တွဲချည်ထားချင်ရုံလေး
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါတယ်။
အကယ်၍ သူမသည် အခြားတစ်ယောက်၏ဖိနပ်တစ်ရံ ဖြစ်ပါက ကျနော်သည် သူမ၏ ဖိနပ်ခွာတစ်စုံ ဖြစ်ပါလိမ့်မည်။
ဤသို့ပင် ဝဋ်ဒုက္ခကြီးမားပါသည်။
၅။
သူမရှိရာမြို့တော်သည် စစ်မြေပြင်ဖြစ်၍ ကျနော်သည် မကြာခဏ အရှုံးပေးရန်အတွက် မိုင်ရာချီခရီးကို အပြင်းနှင်ခဲ့သော အညတရစစ်သည်တော် ဖြစ်ပေသည်။
မီးတစ်ပွင့် ပွင့်ခဲ့ပြီးနောက်
စီးကရက်တစ်လိပ်စာ ဝေးခဲ့တယ်။
ခဏခဏ ပြန်,ပြန်တောက်ဖို့အတွက်
ခဏခဏ ပြန်ငြိမ်းပေးခဲ့ရတာပါပဲ။
၆။
အဲဒီညက
သူမသည် အခြားတစ်ယောက်ဖြစ်၍ ကျနော်သည် သူမဖြစ်နေသောအခါ
အဲဒီညက သူမနဲ့ ကျနော် အခြားတစ်ယောက်စာ ဝေးခဲ့တယ်။
အဲဒီညက
သူမသည် သူမသာဖြစ်၍ ကျနော်သည် ကျနော်သာဖြစ်နေသောအခါ
သူမနဲ့ ကျနော်
၇။
ဤသို့ပင် ဝေးခဲ့ရပါသည်။ ။
အေဇင်လတ်
သေကြောင်းကြံမှု
၁။
ရှင်သန်ခဲ့ခြင်းမှာ နာကျင်စရာတွေ ကုန်သွားလို့ နောက်ဆုံးနာကျင်မှုဆီ အရောက်သွားတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၂။
ဒီအသက်မှာ ပြန်ဆက်လို့မရနိုင်တဲ့ ဘဝအပိုင်းအစတွေကို နောက်တသက်မှာ ပြန်လည်ဆက်စပ်ဖို့ အားထုတ်တာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၃။
ဒီဘက်ကမ်းမှာ မပြည့်ခဲ့တဲ့ဆုတောင်းတွေကို ဟိုဘက်ကမ်းအထိ ဆောင်ယူကူးခတ်သွားတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၎။
ကုန်လွန်သွားတဲ့ နာရီလက်တံတွေဆီ နောက်လှည့်ပြန်လို့ မရတော့တဲ့အခါ ရှေ့က အမှောင်ထုကြီးထဲ တိတ်တဆိတ်တိုးဝင်သွားတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၅။
တစုံတယောက်ရဲ့ရှေ့မှာ မျက်ရည်မကျချင်လို့ လုံးဝမမြင်နိုင်တဲ့ သူ့နောက်ကွယ်မှာ သွားပြီးငိုတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၆။
အမှားတွေထဲ မချိုမြိန်ချင်တော့လို့ ခါးသီးလွန်းလှတဲ့ အမှန်တရားထဲ ခုန်ဆင်းပျောက်ကွယ်သွားတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၇။
ဒီရုပ်ခန္ဓာမှာ မျက်ရည်ဓာတ်တွေ ခန်းသွားလို့ အဆုံးမရှိသမုဒ္ဒရာကြီးဆီ အငွေ့ပျံထွက်ခွာသွားတာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၈။
ကြေကွဲစရာအသံတွေကို ထပ်မကြားချင်တော့လို့ ကိုယ့်အသက် ကိုယ် ဆိုင်းလင့်လုပ်လိုက်တာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၉။
လူတွေရဲ့ မျက်လုံးတွေကို ချောက်ချားလို့ ကိုယ့်မျက်လုံး ကိုယ် ငြင်သာတိုးတိတ် ပိတ်လိုက်တာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။
၁၀။
ဘဝမှာ အပြစ်တွေများလွန်းလို့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုကိုယ်အပြစ်ကျူးလွန်လိုက်တာကို
သေကြောင်းကြံမှုလို့ ဆိုရမယ်။ ။
အေဇင်လတ်
ပြတင်းတံခါးအတွင်းက စကားတွေ ခင်ဗျားကြားပါစေ
*ကြယ်တွေလည်း ကြွေနေကြတာပဲ
လူတွေလည်း သေနေကြတာပဲ
အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးထဲ
ကျနော် ဘာ့ကြောင့် အကျုံးဝင်ခွင့် မရပါသလဲ*
မိုးလင်းတိုင်း သေခြင်းတရားဟာ နေရောင်ခြည်လို ပြတင်းတံခါးကြားက တိုးဝှေ့ဝင်လာရင် သိပ်ကောင်းမယ်။ အိပ်ယာဝင်တိုင်း ခင်ဗျား အသံတွေနဲ့ ကျနော် ဆုတောင်းနေတယ်။ ခင်ဗျားက အလင်းကုန်သွားတဲ့ ကြယ်။ ကျနော့်ဘက် အရွေ့မှာမှ အမှောင်တွေကို ထိုးစိုက်။ ချစ်ခြင်းတရားဟာ ကျနော့်ကို သိပ်လောင်မြိုက်တယ်။ ကျနော့်ရဲ့ သစ္စာလေးပါးကို ခင်ဗျား သိပါသလား။
၁။ ခင်ဗျားကို ကျနော် ချစ်တယ်။
၂။ ခင်ဗျားကို ကျနော် ချစ်တယ်။
၃။ ခင်ဗျားကို ကျနော် ချစ်တယ်။
၎။ ခင်ဗျားကို ကျနော်ချစ်တယ်။
ခင်ဗျား သိလား။ ဒါဟာ ကျနော့်ရဲ့ တရားပဲ။ ဒါဟာ ကျနော့်ရဲ့ ကျင့်ဝတ်ပဲ။ ခက်တယ်။ ကျနော်က အချစ်ကို ကိုးကွယ်တယ်။ ခင်ဗျားကလည်း အချစ်ကို သိပ်ကိုးကွယ်တယ်။ သိပ်ခက်တာပဲ။ ကျနော်တို့ဟာ ကိုယ့်လားရာ ကိုယ်မသိတဲ့ သတ္တဝါတွေ။ ရှေးရေစက်ချင်း မငြိစွန်းဘဲနဲ့ လူ့ဘဝမှာ ဖြစ်ထွန်းခဲ့ရတာ နာတယ်။
ဓာတ်ပုံလေးကို နောက်ယောင်ခံလို့
ခင်ဗျားရဲ့ အသက်ရှူသံ အဆုံးထိ
ကျနော် လိုက်ခဲ့ပါရစေ
ကျနော်က ဗုံးရှင်းခွေးတစ်ကောင်လို ခင်ဗျားတစ်ဘဝလုံးကို အနံ့ခံချင်တာ။ ခင်ဗျားမှာ ဘာမှမရှိ သို့မဟုတ် ခင်ဗျားမှာ ကုန်ခမ်းနေ။ အနည်းဆုံးတော့ ကျနော့် ဟောင်သံကို ခင်ဗျား ကြားရမှာပေါ့။ ခေတ်စားနေတဲ့ စကားလို မေးလည်း မေးချင်တယ်၊ မေးလည်း မမေးရဲဘူးပေါ့။ ကျနော် ရေးခဲ့ဖူးတယ်။ "သူမသည် အခြားတစ်ယောက်၏ ဖိနပ်တစ်ရန် ဖြစ်ပါက ကျနော်သည် သူမ၏ ဖိနပ်ခွာတစ်စုံ ဖြစ်ပါလိမ့်မည်"။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျား ကြိုက်တာပဲ။ ခင်ဗျားဟာ ကျနော့် နောက်ကျောကနေ ဥပေက္ခာကို ဟွန်းလိုတီးပြီး ကျော်တက်သွားတဲ့ ကားတစ်စီး။ ကျနော့်ကို လမ်းပေးပါ။ ဒါမှမဟုတ် ကျနော့်ကို မောင်းပါ။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျား တွေ့လား။ ကျနော့်လမ်းမှာ အခု ဘယ်မီးပွိုင့်မှလည်း မစိမ်းတော့ဘူး။
**One thought of You is all it takes
To leave the rest of the World behind**
ကျနော်က ခင်ဗျားအကြောင်း အတွေးတစ်ချက်နဲ့ ကမ္ဘာကြီးကို သေခိုင်းလိုက်တယ်။ ခင်ဗျားရဲ့ သူ့အကြောင်း အတွေးမှာတင် ကျနော်က အပြန်ပြန် သေတယ်။ အဆင်မပြေဘူး။ ကျနော်က ဘာဂါထာ ရွတ်ရမှာလဲ။ ဘယ်လို အဆိပ်ဖြေဆေးကို စားရမှာလဲ။ ခင်ဗျားကိုယ်တိုင်လည်း အဆိပ်သင့်နေတာပဲ။ ခင်ဗျားကို အဆင်ပြေစေချင်တယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ ခင်ဗျားရဲ့ သော့ခလောက်တွေ ခိုင်ခံ့ပါစေ။ ကျနော်က ပဲ့တင်သံတွေကို ယုံကြည်မယ်။ ကျနော်က နံရံရဲ့ နားရွက်တွေကို ယုံကြည်မယ်။ ခင်ဗျားက ကိုယ့်ကိုကိုယ်သာ လုံအောင် ဖွက်ထားပါ။
***အလုံခြုံဆုံး တံခါးတစ်ချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲတုန်ခါနေတော့တယ်***
ခင်ဗျား ကြားပါစေ။ ဒါဟာ နောက်ဆုံးသော စကားပါ။ အိပ်ယာဝင်တိုင်း ခင်ဗျား အသံတွေနဲ့ ကျနော် ဆုတောင်းမယ်။ မိုးလင်းတိုင်း ချစ်ခြင်းတရားဟာ နေရောင်ခြည်လို ပြတင်းတံခါးကြားက တိုးဝှေ့ဝင်လာပါစေ။ ။
အေဇင်လတ်
(13032015)
ညွှန်း :
*ငွေ့ ၏ စာသား*
**A Lonley September by Plain White T's (Composer - Tom Higgenson)**
***အောင်ချိမ့် ၏ ဂန္တဝင်မမ***
Subscribe to:
Posts (Atom)